၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၄
မြန်မာကျပ်ငွေနှင့်ဒေါ်လာငွေလဲနှုန်း ပြင်ပပေါက်စျေး အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၂၀၀၀ ကျော်ထိ စံချိန်တင် မြင့်တက်ခဲ့ပြီးနော် စက်တင်ဘာလ ၁၃ ရက်တွင် ဗဟိုဘဏ်က အမေရိကန် ဒေါ်လာ ၁၅ သန်း ထုတ်ရောင်းခဲ့သော်လည်း ငွေကြေးဈေးကွက်တွင် အပြောင်းအလဲမရှိ ဈေးအမြင့်ပိုင်းတွင်သာ ရှိနေကြောင်း သိရသည်။
ယခုလ ၁၂ ရက်တွင် ပြင်ပပေါက်ဈေး ကန်တစ်ဒေါ်လာလျှင် ကျပ် ၂၀၅၀ ကျပ်အထိ မြင့်တက်ခဲ့ပြီးနောက် ဗဟိုဘဏ်က စက်တင်ဘာလအတွင်း ပထမအကြိမ်အဖြစ် ဒေါ်လာ ၁၅ သန်းကို ထုတ်ရောင်းခဲ့ရာ ညနေပိုင်းတွင် ဒေါ်လာဈေး ၁၉၉၀ ကျပ်အထိ အနည်းငယ်ကျဆင်းသွားခဲ့သည်။
ပြည်တွင်းငွေကြေးဈေးကွက် ရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးက“မနေ့ကတော့ ဗဟိုဘဏ်က ထုတ်ရောင်းတော့ ဈေးကွက် က နည်းနည်းအေးသွားတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ တစ်ပတ်ထက်တော့ လေးကျပ်၊ငါးကျပ်၊တစ်ဆယ်ကျပ်တော့ တက်တယ် ပေါ့နော်။ ဒါပေမယ့် ကျနော်တို့ တွက်သထားသလောက်တော့ ဈေးကွက်က တက်မသွားဘူးပေါ့နော်။ ရောင်းလိုက်တော့ ဈေး နည်းနည်းလေးတော့ တန့်သွားတဲ့သဘောပေါ့။ ဒီလောက်ပါပဲ။
ဈေးကွက်ကို လှုပ်ခတ်လောက်အောင်လည်းမရှိဘူး”ဟု လက်ရှိဈေးကွက်အခြေအနေကို CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် ဈေးကွက်သဘောတရားအရ အမြင့်ပိုင်းတွင်ရှိနေသဖြင့် ပြန်ပြီး ဈေးကျိုးတတ်သည့် သဘောလည်းရှိသော ကြောင့် စောင့်ကြည့်ရမည့်အခြေအနေတွင်သာရှိနေပြီး ခန့်မှန်းရခက်ကြောင်း ၎င်းကဆက်ပြောသည်။
ဆက်လက်၍ ၎င်းက “ဒီလိုကျိုးတတ်တဲ့အခါ အဝယ်၊ အရောင်းမမျှရင် ကျိုးတာက ကြီးတတ်တယ်။ တစ်ဆယ်၊ နှစ်ဆယ် လောက် ဆင်းသွားတာပေါ့။ အဝယ်၊ အရောင်းမျှသွားရင်တော့ လေးကျပ်၊ ငါးကျပ်နဲ့ တစ်ဖြေးဖြေးချင်း ကျတတ်တယ်”ဟု ရှင်းပြသည်။
ယနေ့ နေ့လည်ပိုင်းတွင် ဒေါ်လာဈေးကွက်အတွင်း အရောင်းအဝယ်အေးနေပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၉၀၀ ကျော်တွင်ရှိကာ ဗဟိုဘဏ်ဈေးက ကျပ် ၁၇၅၀ တွင် ရှိနေပြီး ရွှေဈေးအနေဖြင့် ပြီးခဲ့သည့်ရက်က ကျပ် ၁၉ သိန်း ကျော်အထိ ရှိခဲ့ရာမှ လက်ရှိတွင် ကျပ် ၁၈ သိန်းကျော်နှင့် အရောင်းအဝယ်ရှိနေကြောင်း သိရသည်။
ဗဟိုဘဏ်အနေဖြင့် ဒေါ်လာရောင်းချမှုကို ယခု သီတင်းပတ်ကစတင်ပြီး နောက်ပိုင်းတွင် လိုအပ်ချက်အပေါ် မူတည်ကာ ယခင်ထက် ပမာဏများများ ထုတ်ရောင်းချသွားရန်လည်းရှိကြောင်း ဗဟိုဘဏ်မှ သိရသည်။
စျေးပြိုင်လေလံနှင့် ပြီးခဲ့သည့် ဖော်ဖော်ဝါရီလတွင် ကန်ဒေါ်လာ ၆ ဒသမ ၈ သန်း၊ဧပြီလတွင် ၁၂ သန်း၊မေလတွင် ၂၄ သန်း ၊ ဇွန်လတွင် ၁၂ သန်း၊ဇူလိူင်လတွင် ၃၉ သန်း၊သြဂုတ်လတွင် ၂၈ သန်း နှင့် ယခု စတင်ဘာလ ၁၃ ရက်တွင် ၁၅ သန်း ဗဟိုဘဏ်က ရောင်းချထားပြီးဖြစ်သည်။
ထို့သို့ ရောင်းချရာတွင်လည်း ပြည်တွင်းငွေကြေးဈေးကွက်အတွင်း နစကနှင့်နီးစပ်သူများသာရရှိပြီး ဈေးကွက်တွင်းသို့ ဒေါ်လာဝင်ရောက်လာမှု နည်းပါးကြောင်း ဝေဖန်မှုများလည်း လက်ရှိတွင် ရှိနေသည်။
ပြည်တွင်း ပို့ကုန်၊သွင်းကုန်လုပ်ငန်း ဦးကျော်ကျော်(အမည်လွှဲ)က “ကျနော်တို့က လက်ရှိအနေအထားမှာ ဝယ်တာ ရောင်းတာ ဘာမှ သိပ်မရှိတော့ဘူး။ ကြားတဲ့သတင်းပဲရှိတယ်။ ဈေးကွက်သဘောအရ ဝယ်တာရောင်းတာက Injection ဆိုရင် တစ်ရက်ထိုးတာကတော့ ဘာမှမဖြစ်ဘူး။ ရောဂါသဘောအရပြောရရင် ဆေးပတ်လည်အောင် ထိုးနိုင်မထိုးနိုင်ပဲ ကြည့်ရမှာပဲ။ ရောဂါတစ်ခုဖြစ်ရင် တစ်ရက်ဆေးထိုးရုံနဲ့ပျောက်မှာမဟုတ်ဘူး။ ရောဂါကို ပျောက်လောက်တဲ့ ပင်မစနစ်ကို ပျောက်အောင် ကုနိုင်မှသာ ပျောက်မှာ”ဟု CNI သတင်းဌာနသို့ ပြောသည်။
ဆက်လက်၍ ၎င်းက “ဘက်တီးရီးယား ဝင်တာကို ဘာမီတွန်သွားတိုက်လို့ ဘယ်ပျောက်မလဲ။ ဒါကြောင့် အဓိက ပြဿနာက ဘာလဲဆိုတာ ပိုင်းခြားနိုင်မှဖြစ်မှာ။ဒါဆိုရင်တော့ အဖြေကထွက်မှာ။ဈေးကွက်သဘောတရားကတော့ ဝယ်လိုအား၊ ရောင်းလိုအားက အဓိကပဲလေ ဒါကို မျှတအောင် မလုပ်နိုင်ရင်တော့ ဒီလိုပဲ ဈေးကွက်မှာ ရိုက်ခတ်မှု များနေအုံးမယ်။ သူလုပ် နိုင်မှပဲ ပျောက်မှာပေါ့”ဟု သုံးသပ်ပြောပြသည်။
ဒေါ်လာဈေးနူန်း ကြီးမြင့်မှုများက ပို့ကုန်၊သွင်းကုန်လုပ်ငန်းများတွင် ရိုက်ခတ်မှုကြီးမားနေပြီး သွင်းကုန်သမားများက ပို၍ ရိုက်ခတ်မှုရှိနေကြောင်း၊ ပို့ကုန်သမားများ အနေနှင့်လည်း ရေတိုတွင်အကျိုးအမြတ် ရှိကောင်းရှိနိုင်သည်ဟု ထင်ရသော်လည်း ရေရှည်ဖြစ်ပါက အကျိုးသက်ရောက်မှု မကောင်းနိုင်ကြောင်း ၎င်းက ရှင်းပြသည်။
ထို့သို့ ဒေါ်လာလဲလှယ်နူန်း မြှင့်တက်ခြင်း၊ရွှေဈေးတဟုန်ထိုး တက်လာခြင်းတို့ကြောင့်လည်း ပြီးခဲ့သည့် သီတင်းပတ်က ပို့ကုန်၊သွင်းကုန်လုပ်ငန်းများ၊ငွေကြေးဈေးကွက်မှလုပ် ငန်းရှင်များ၊ရွှေလုပ်ငန်းရှင်များ၊စက်သုံးဆီသမား အစရှိသည်တို့ကို စစ်ဆေးမေးမြန်းဖမ်းဆီးခြင်းများရှိခဲ့ကြောင်း သိရသည်။