CNI News

၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၅

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် နယ်စပ်ကုန်သွယ်ရေး ပိတ်ထားသည်မှာ နှစ်လကျော်အထိ ရှိနေခြင်းကြောင့် ပင်လယ်ရေကြောင်းမှ ဆန်တင်ပို့ရာ သင်္ဘောကုန်တင်ခဈေး(တန်ဆာခ)များ ကြီးမြင့်မှုကြောင့် ဆန်းစပါး ပြည်ပတင်ပို့မှု လျော့ကျနေကြောင်း သိရသည်။

လက်ရှိတွင် ပင်လယ်ရေကြေင်းမှ ဆန်တင်ပို့ရာတွင် သင်္ဘောကုန်ခဈေး(တန်ဆာခ)များ ယခင်ကထက် ၅ ဆဝန်းကျင် မြင့် တက်နေသည့်အတွက် ပြည်ပဆန်တင်ပို့မှု ယခင်နှစ်ထက် ယခုနှစ်၌ တစ်ဝက်ကျော်ကျော် လျော့ကျနိုင်ကြောင်း ပြည်တွင်း ဆန်စပါး လုပ်ငန်းရှင်များက ပြောသည်။

ပြည်ပ ဆန်၊ ဆန်ကွဲ အိတ်စပို့ လုပ်ငန်းရှင် ဦးမြင့်ဇော် (အမည်လွှဲ)က “မနှစ်ကထက် စာရင်တော့ တင်ပို့မှုက နည်းမှာ သေချာ တယ်။ ဘာလို့လဲဆိုရင် နယ်စပ်ကုန်သွယ်ရေးက မပို့ရတာ နှစ်လလောက် ရှိသွားပြီ။ ကိုဗစ်နဲ့ တရုတ်ဘက်က ပိတ်ထားတာ။ နိုင်ငံတကာမှာလည်း သင်္ဘောတင်ဈေးတွေက တစ်အားဈေးတက်တယ်။ တက်တာမှ ၅ ဆလောက် တက်တာ။ တချို့နေရာ တွေဆိုရင် ၅ ဆမက တက်တယ်။ အဲဒီလိုမျိုးဆိုတော့ ဈေးကွက်မှာ အခက်အခဲတွေ ရှိကြတယ်။ မနှစ်ကလောက်ထိတော့ မတင်နိုင်တာ သေချာတယ်။ မနှစ်ကနဲ့စာရင် ဒီနှစ်က သုံးပုံ နှစ်ပုံလောက်ပဲ တင်နိုင်မယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံသည် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့ရာတွင် တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့နေခြင်းဖြစ်ပြီး ဥရောပနိုင်ငံများနှင့် အာဖရိကနိုင်ငံများသို့လည်း တင်ပို့မှုများရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

အဆိုပါ ဆန်နှင့် ဆန်ကွဲကို ပြည်ပတင်ပို့ရာတွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဥရောပသမဂ္ဂ(EU)စျေးကွက်၊ အာဖရိက စျေးကွက်သို့ တင်ပို့လျက်ရှိသည်။ နယ်စပ်ကုန်သွယ်ရေးတင်ပို့မှုတွင် မူဆယ်နယ်စပ်မှ တဆင့် တရုတ်နိုင်ငံသို့ အဓိက တင်ပို့ နေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တင်ပို့မှု လျော့ကျခဲ့သော်လည်း ဆန်ကွဲတင်ပို့မှု မြင်တက်ခဲ့သည့် အတွက် ယခင်နှစ် ကာလတူထက် ဝင်ငွေဒေါ်လာ ၈၄ သန်းကျော် ပိုမိုရရှိခဲ့ကြောင်း သိရသည်။

ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုကို ပျှမ်းမျှအားဖြင့် နှစ်စဉ် ၁၀ ရာခိုင်နှုန်းခန့် တိုးတက်လာအောင် ဆောင်ရွက်လျှက် ရှိ ကြောင်း၊ တန်ချိန်မြင့်တက်မှုအပြင် ဝင်ငွေ ပိုမိုမြင့်တက်လာစေရန် အရည်အသွေး ကောင်းမွန်သည့် တန်းမြင့်ဆန်များနှင့် အမျိုးအစားများ ပိုမိုတင်ပို့နိုင်အောင် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။