၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၅
ထိုင်း-မြန်မာနယ်စပ်တွင် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေပြီး ထိုင်းဘတ်ငွေဈေးများ တက်လာသောကြောင့် သွင်းကုန်ဈေး များ မြင့်တက်လာကြောင်း နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်များက ပြောသည်။
မြဝတီနယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင် ဒေါ်ဌေးမြင့် (အမည်လွှဲ)က “ဈေးတွေက တက်တယ်။ အရင်တုန်းက ဘတ်ငွေဈေးနဲ့ အခုငွေဈေးနဲ့ ဆိုရင် တစ်အားကွာတာပေါ့နော်။ အရင်တုန်းက နှစ်သန်းဘတ်ကျော်ကို မြန်မာငွေ ကျပ်သိန်းတစ်ထောင် (၁၀၀၀) ရမယ်ဆိုရင် အခုကနဲ့ မြန်မာငွေနဲ့ အလဲအလှယ်လုပ်ရင် အရင်ထက် ကျပ်သိန်း တစ်ရာ (၁၀၀) ကျော်ကျော်လောက် ကွာသွားတယ်” ဟု လက်ရှိငွေကြေး အခြေအနေကို ရှင်းပြသည်။
လက်ရှိ မြန်မာနိုင်ငံထဲသို၌ ထိုင်း-မြန်မာနယ်စပ်မှ တဆင့် စားသောက်ကုန်၊ လယ်ယာထွက်ကုန်၊ စိုက်ပျိုး ရေးသုံးပစ္စည်းများ၊ သွင်းအားစုများ၊ လျှပ်စစ်ပစ္စည်းများ၊ ကားအပို ပစ္စည်းများကို ပုံမှန်တင်သွင်းလျက်ရှိနေသည်။သို့သော် ထိုင်းဘတ်ငွေ ဈေးနှုန်း မြင့်တက်နေသည့်အတွက် သွင်းကုန်ဈေးနှုန်းများလည်း မြင့်တက်လာနေကြောင်း ၎င်းက CNI သတင်းဌာနသို့ ပြောသည်။
“ဆီပဲဖြစ်ဖြစ် ကျပ်လေးထောင် (၄၀၀၀)၊ ငါးထောင် (၅၀၀၀) လောက်ကွာသွားတယ်။ စားအုန်းဆီ တစ်ပုံးဆိုလည်း အရင်ဈေး နဲ့ဆိုရင် ငါးထောင် (၅၀၀၀) ကျပ်လောက် ကွာတယ်”ဟု ၎င်းက ရှင်းပြသည်။
ထို့ပြင် မြန်မာငွေဈေး ကျဆင်းပြီး နိုင်ငံခြားသုံး ငွေဈေးများ မြင့်တက်နေသောကြောင့် ပြည်ပမှ တင်သွင်းရသည့် စက်သုံးဆီ ဈေးနှုန်းများလည်း မြင့်တက်နေသဖြင့် ကုန်သည်လုပ်ငန်းရှင်များအနေနှင့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေးတွင် ယခင် က ၁၂ ဘီးကားတစ်စီးလျှင် ကျပ် ခုနှစ်သိန်း(၇၀၀၀၀၀)ကျရာ လက်ရှိတွင် ကျပ် တစ်ဆယ့်ငါးသိန်း (၁၅၀၀၀၀၀)အထိ ကုန်ကျ စရိတ်ရှိလာကြောင်း ကုန်သည်များက ဆိုသည်။
ထို့နောက် နယ်စပ်ကုန်သွယ်ရေးတွင် ကုန်သည်၊ လုပ်ငန်းရှင်အချို့သည် လုပ်ငန်းများ ရပ်နား၍ စောင့်ကြည့်နေကြသူများ ရှိလာသလို တချို့ကုန်သည်များကတော့ မဝယ်မဖြစ် ကုန်များကိုသာ ဝယ်ယူကာ ကုန်သွယ်ရေးကို ထိန်းပြီး ဆောင်ရွက်နေ ကြောင်း သိရသည်။
မြဝတီနယ်စပ် ငွေကြေးဈေးကွက်တွင် ယခင်ဩဂုတ်လက ထိုင်းဘတ်ငွေဈေးမှာ မြန်မာကျပ်ငွေ တစ်သိန်း(၁၀၀၀၀၀)လျှင် ထိုင်းဘတ်ငွေ နှစ်ထောင်(၂၀၀၀)ဘတ်ဝန်းကျင် ပေါက်ဈေးရှိပြီး လက်ရှိအချိန်တွင် မြန်မာကျပ်ငွေ တစ်သိန်း(၁၀၀၀၀၀)လျှင် ထိုင်းဘတ်ငွေ တစ်ထောင့်ခုနှစ်ရာ (၁၇၀၀)ဘတ်ဝန်းကျင်နှင့် ရောင်းဝယ်လျက်ရှိသည်။
မြန်မာကျပ်ငွေဈေး ကျဆင်းလာသောကြောင့် မြန်မာကျပ်ငွေ လက်ဝယ်ရှိသူများအတွက် အရှုံးဖြင့်ရင်ဆိုင်နေရသလို မြန်မာ ကုန်သည်များအနေနှင့် ထိုင်းကုန်ပစ္စည်းများ ဝယ်ယူရာတွင်လည်း ထိုင်းဘတ်ငွေလဲလှယ် ဝယ်ယူရသဖြင့် ယခင်ကထက် အလိုက်ပေး၍ ဝယ်နေရကြောင်း ကုန်သည်များထံက သိရသည်။
ယခုနှစ် ၁၀ နှစ်ကျော်အတွင်း မြဝတီနယ်စပ်မှ ထိုင်းနိုင်ငံဘက်သို့ မြန်မာ့လယ်ယာထွက်ကုန် ပြောင်း၊ ပဲ၊ ကြက်သွန်၊ ငရုတ်နှင့် CMP ချုပ်ထည်များ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၇၇၀ ဒသမ ၀၇၂ သန်းအထိ တင်ပို့နိုင်သောကြောင့် ယခင်နှစ် ကာလတူ က ကုန်သွယ်မှုထက် ဒေါ်လာ ၄၁၆ ဒသမ ၅၆၈ သန်း ပိုမိုတင်ပို့ခဲ့သည်။
ထိုင်းကုန်စည်များ တင်သွင်းရာတွင်လည်း အမေရိကန်ဒေါ်လာ ၈၈၄ ဒသမ ၂၈၅ သန်းဖိုးအထိ တင်သွင်းထားပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ဒေါ်လာ ၁၅၂ ဒသမ ၁၀၉ သန်း ပိုမို တင်သွင်းနိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းအရ သိရသည်။
ထို့အတူ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင်လည်း စက်တင်ဘာ ၁၄ ရက်နေ့က တရုတ်မြန်မာငွေလဲလှယ်နှုန်း ယွမ် တစ်ရာ (၁၀၀) ကို မြန်မာငွေကျပ် သုံးသောင်း (၃၀၀၀၀) အထိ ရှိ၍ မြန်မာငွေကြေး ကျဆင်းနေကြောင်း သိရသည်။