၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၃

ပြီးခဲ့သည့် သီတင်းပတ် နှစ်ပတ်ခန့်အတွင်းက (စ)သုံးလုံးခေါ် မြန်မာနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးဌာနက ငွေကြေးလဲလှယ်မှု လုပ်ငန်းရှင်များနှင့် သွင်းကုန်လုပ်ငန်းရှင်များတချို့ ကို ဖမ်းဆီးစစ်ဆေးခံရမှုများ ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ပြည်တွင်း ငွေကြေးလဲလှယ်ရေး လုပ်ငန်းရှင်တစ်ဦးက “အန်ကယ်တို့မှာ ငွေကြေးဈေးကွက်က သုံး၊ လေးမျိုးရှိတယ်။ Money changer၊ ရွှေဘုံသာအရွက်လိုင်း၊ Paper နဲ့ Transfer လိုင်းကတော့ သိပ်မကွာဘူးပေါ့နော်။ အဲဒီမှာ သူတို့(နစက)စတက် က တည်းကပေါ့ ရွှေသမားတွေ၊ အရွက်သမားတွေ၊ နောက် Away သမားတွေပေါ့ စစ်တာပေါ့။ ကျနော်တို့ကျတော့ Paper ဆို တော့ ပို့ကုန်၊ သွင်းကုန် ငွေဖလှယ်ပေးတယ်။ ဘဏ်ရယ် ချိတ်ဆက်ပေးတာဖြစ်တယ်။အဲဒီတော့ သူတို့က ရွှေရယ်၊ အစိမ်း ရယ်၊ အဝေးရယ်ကို စစ်တာဖြစ်တယ်။ Away သမားတွေကတော့ ပြီးခဲ့တဲ့ တစ်ပတ်၊နှစ်ပတ်က သူတို့ခေါ်စစ်တာ ဖြစ်တယ်” ဟု CNI သတင်းဌာနသို့ အတည်ပြုပြောသည်။

တချို့လုပ်ငန်းရှင် အကြီးတန်းများက ရက်သတ္တပတ် ၂ ပတ်ခန့်အကြာတွင် ပြန်ထွက်လာပြီဖြစ်ပြီး တချို့လုပ်ငန်းရှင်များ ကလည်း ငွေကြေးဈေးကွက်သည် ဗဟိုဘဏ် ဈေးနှုန်းနှင့် အရမ်းကွာဟနေသောကြောင့် အနည်းငယ် ရှောင်တိမ်းနေခြင်း လည်း ရှိကြောင်း ၎င်းက ရှင်းပြသည်။

ဆက်လက်၍ ၎င်းက “ဈေးကွက်က တအားကြီး တက်လာပြီးတော့ ဘဏ်ဈေးနဲ့ဟနေတော့ ဟုတ်သည်ဖြစ်စေ၊မဟုတ်သည် ဖြစ်စေ၊ ရှောင်ပေးတာပေါ့နော်။ မလေးစားရာ ကျမယ်ဆိုပြီးတော့ လူခွဲကြတာပေါ့။ ရွှေဘုံသာ ဈေးကွက်တွေကျတော့ အကုန် လုံးဖမ်း၊လူခွဲတာပေါ့။ အန်အေပိုင်းကတော့ ကုမ္ပဏီဝန်ဆောင်မှုဆိုတော့ ဘာမှလုပ်လို့မရဘူး။ ဘာလို့ဆို အန်အေ သမားတွေ က ထွက်လာတဲ့ အသံနားထောင် ဟိုဘက်ကုမ္ပဏီ၊ ဒီဘက်ကုမ္ပဏီ ချိတ်ပေးတာဆိုတော့ လောလောဆယ် ဒီ အပိုင်းကိုတော့ သူတို့ဘာမှမလုပ်သေးဘူး” ဟု လက်ရှိအခြေအနေကို ပြောပြသည်။

လက်ရှိတွင် ရွှေသမားများ၊ ဒေါ်လာအရွက်လဲလှယ်သည့် ငွေကြေးလုပ်ငန်းရှင်များ၊ အဝေးသမားများကိုသာ စစ်ဆေးမှုများ ရှိနေပြီး လတ်တလောတွင် လွတ်လာသည့် သူများရှိသော်လည်း တချို့ရွှေသမားများက ပြန်လွတ်လာခြင်း မရှိသေးကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

“အစိမ်းလဲ အဲလိုပဲပေါ့။ ပြေးတဲ့သူက ပြေး၊ တချို့လည်း အိမ်မှာမိတဲ့သူကမိပေါ့။ လွတ်တဲ့သူကလွတ်ပေါ့။ Away သမားတွေ ကတော့ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကမှ ခေါ်စစ်တယ်ပြောတယ်။ ကျနော့်အသိတွေထဲကတော့ နှစ်ပတ်လောက်နေတော့ ပြန်ထွက်လာတာရှိတယ်။ ကျန်တာတွေကတော့ သိပ်မသိဘူးပေါ့နော်။ အဆက်အသွယ်ကနည်းသွားတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောပြသည်။

လက်ရှိတွင် စသုံးလုံးက ငွေကြေးစီးပွားရေးလုပ်ငန်းရှင်များကို ဖမ်းဆီးခြင်း၊ စစ်ဆေးခြင်းများ ပြုလုပ်နေသော်လည်း စီးပွား ရေးလုပ်ငန်းရှင် ဘယ်နှဉီးကို ဖမ်းဆီးထားပြီး ဘယ်နှဉီးကို စစ်ဆေးသလဲဆိုသည်ကိုတော့ မသိရသေးပေ။

အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး နစက သတင်းထုတ်ပြန်ရေးအဖွဲ့ကို ဆက်သွယ် မေးမြန်းထားသော်လည်း ပြန်လည် ဖြေကြားခြင်း မရှိသေးပေ။

ယခု ငွေကြေးဈေးကွက် အခြေအနေသည် ဈေးအတက်ကြမ်းနေပြီး ဆေးဝါးဈေးကွက်သည်လည်း ဆက်တိုက်ဝယ်ယူနေရ သောကြောင့် ငွေကြေးဈေးကွက်က တက်နေကြောင်း သိရသည်။

ယမန်နေ့က ဗဟိုဘဏ်မှ နိုင်ငံခြားငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်း(AD)လိုင်စင်ရ ဘဏ်များကသော်လည်း ကောင်း၊ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့်(MC)လိုင်စင်ရရှိသူများက သော်လည်းကောင်း နိုင်ငံခြားငွေ ရောင်း ချခြင်း၊ ဝယ်ယူခြင်း၊လဲလှယ်ခြင်းတို့ ဆောင်ရွက်ရာတွင် အများဆုံးထားရှိရမည့် ကွာဟချက်ကို ပါယ်ဖျက်သည့်အတွက် လက် ရှိတွင် ကြိုက်ရောင်း ကြိုက်ဝယ်ဈေးကွက်ဖြစ်လာပြီ ဖြစ်သည်။

အဆိုပါနှုန်းထားကို ၂၀၁၈ ခုနှစ်က ပယ်ဖျက်ပြီးဖြစ်သော်လည်း ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် နစက-က ပြန်လည် သတ်မှတ်ခဲ့ ကာ ယခု စက်တင်ဘာလတွင် တစ်ဖန်ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။