- By CNI
- Category: အားကစား
- Hits: 1273
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၆
အင်္ဂလန်အသင်းနည်းပြသစ် တူချယ်လ်ဟာ ဒီလထဲကစားမယ့် နေးရှင်းလိဂ်ပွဲတွေကို ကိုင်တွယ်မယ့် ယာယီ နည်းပြ လီကာစလေရဲ့ ရွေးချယ်မှုတွေကို ဝင်ရောက် စွက်ဖက်ဖို့မရှိဘူးလို့ ဒေးလီးမေးလ်က ဖော်ပြထားပါတယ်။
တူချယ်လ်ဟာ အင်္ဂလန်အသင်း နည်းပြသစ်အဖြစ် ခန့်အပ်ခံထားရပေမယ့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှသာ စတင်ပြီး တာဝန်ယူကိုင်တွယ်မှာပါ။
အဲဒါကြောင့် ယာယီနည်းပြ လီကာစလေဟာ အင်္ဂလန်အသင်းရဲ့ နေးရှင်းလိဂ် အုပ်စုနောက်ဆုံးပွဲစဉ် ၂ ပွဲစလုံးကို ကိုင်တွယ်သွားမှာပါ။
တူချယ်လ်ဟာ အင်္ဂလန်အသင်းကို တရားဝင် မကိုင်တွယ်ရသေးတဲ့အတွက် ယာယီနည်းပြ လီကာစလေရဲ့ ရွေးချယ်မှုတွေမှာ မပါဝင်ဖို့ ဆုံးဖြတ်ပြီးသား ဖြစ်ပါတယ်။
ဒါအပြင် တူချယ်လ်ဟာ လာမယ့်လ ဇူးရစ်မှာပြုလုပ်မယ့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် မဲခွဲမှုကိုလည်း တက်ရောက်ဖွယ်မရှိဘူးလို့ သိရပါတယ်။
ယာယီနည်းပြ လီကာစလေဟာ အင်္ဂလန်အသင်းကို နေးရှင်းလိဂ်အုပ်စုပွဲစဉ် ၄ ပွဲ ကိုင်တွယ်ထားပြီး ဂရိအသင်းကို အရေးနိမ့်ကာ ကျန် ၃ ပွဲစလုံး နိုင်ပွဲရယူပေးထားတာပါ။

အင်္ဂလန်အသင်းကိုတွေ့ရစဉ်
လီကာစလေဟာ နောက်ဆုံး ၂ ပွဲကို အနိုင်ရလဒ် ရယူပြီး အင်္ဂလန်အသင်း ယာယီနည်းပြဘဝကို အဆုံးသတ် ချင်နေတာ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းရဲ့ အဓိက ကစားသမားအချို့ဟာ ကြံ့ခိုင်မှုပိုင်း ရုန်းကန်နေရတဲ့အတွက် ယာယီနည်းပြ လီကာစလေဟာ လူစာရင်းကို အပြောင်းအလဲ ပြုလုပ်လာဖွယ်ရှိနေတာပါ။
အင်္ဂလန်အသင်းဟာ နေးရှင်းလိဂ် B အုပ်စု ၂ မှာ ဒုတိယနေရာ ရပ်တည်နေတာကြောင့် A ကို တိုက်ရိုက် တန်းတက်နိုင်ဖို့ဆိုရင် ၂ ပွဲစလုံး အနိုင်ရလဒ်ရရှိဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
အုပ်စုဒုတိယသာ ရမယ်ဆိုရင် တန်းတက်ဖို့အတွက် အုပ်စု A မှာ တတိယနေရာ ရတဲ့အသင်းနဲ့ ပလေးအော့ဖ် ယှဉ်ပြိုင်ရမှာပါ။
ယာယီနည်းပြ လီကာစလေဟာ သူ့ရဲ့ အင်္ဂလန်အသင်း နောက်ဆုံးလူစာရင်းကို ကြာသပတေးနေ့မှာ ကြေညာဖွယ် ရှိနေပါတယ်။
အင်္ဂလန်အသင်းဟာ နေးရှင်းလိဂ်အုပ်စု နောက်ဆုံးပွဲစဉ်တွေအဖြစ် နိုဝင်ဘာ ၁၄ ရက်မှာ ဂရိအသင်း၊ ၁၇ ရက်မှာ အိုင်ယာလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 1956
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၆
ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေခံနေရတဲ့ တိုက်စစ်မှူး ဂျီယိုကီရက်စ်ကို ဒီရာသီကုန်တဲ့အထိ စပို့တင်းလစ္စဘွန်းအသင်းမှာ ဆက်ပြီးရှိနေဖို့ နည်းပြ အာမိုရင်က တိုက်တွန်းခဲ့ပါတယ်။
အာမိုရင်က “ဂျီယိုကီရက်စ်ဟာ စပို့တင်း ကစားသမားဖြစ်ပြီး ကြီးမားတဲ့ကလပ်မှာ သူအများကြီး လုပ်ဆောင် နေတာပါ။ ကျနော်ကတော့ သူ့ကို ဒီမှာဆက်ရှိစေချင်ပြီး စပို့တင်းအသင်းနဲ့အတူ ရာသီပြီးဆုံးအောင် လုပ်ရမှာပါ။ ဒီအခိုက်အတန့်မှာ ဂျီယိုကီရက်စ်နဲ့ ပတ်သက်ပြီး ဟာသလုပ်ဖို့တောင် မရှိပါဘူး။ ဒါက ကျနော့်ရဲ့မြို့၊ ကျနော့်ရဲ့ နိုင်ငံဖြစ်တဲ့အတွက် ကျနော် လေးစားမှုရှိပါတယ်။ သူဟာ ရာသီအကုန်ထိ ဆက်နေဖို့ လိုပါတယ်”လို့ ပြောခဲ့တာ ပါ။
အာမိုရင်ဟာ ပြီးခဲ့တဲ့ မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ စပို့တင်းလစ္စဘွန်းအသင်း နည်းပြဘဝ နောက်ဆုံး အိမ်ကွင်းပွဲစဉ်ကို ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။
စပို့တင်းလစ္စဘွန်းအသင်းက မန်စီးတီးအသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဥရောပထိပ်သီး အသင်းတွေရဲ့ ပစ်မှတ်ဖြစ်တဲ့ ဂျီယိုကီရက်စ်ဟာ ဟက်ထရစ် သွင်းယူနိုင်ခဲ့တာပါ။
အသက် ၂၆ နှစ်အရွယ်ရှိ ဂျီယိုကီရက်စ်ဟာ ကိုဗင်ထရီအသင်းကနေ ရောက်ရှိလာပြီး ကတည်းက စပို့တင်းလစ္စဘွန်း အသင်းအတွက် ၆၇ ပွဲ ကစားထားတာမှာ ၆၆ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

ဂျီယိုကီရက်စ်ကို တွေ့ရစဉ်
စပို့တင်းလစ္စဘွန်းအသင်း နည်းပြ အာမိုရင်ဟာ လာမယ့် နိုဝင်ဘာ ၁၁ ရက်မှာ ယူနိုက်တက်အသင်းကို နည်းပြအဖြစ် တရားဝင် ကိုင်တွယ်မှာဖြစ်တာကြောင့် ဂျီယိုကီရက်စ်ဟာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ နိုင်တယ်လို့ သတင်းတွေ ထွက်နေတာပါ။
အာမိုရင်ဟာ မန်စီးတီးအသင်းနဲ့ပွဲအပြီးမှာ ဂျီယိုကီရက်စ်ကို ယူနိုက်တက်အသင်းထံ ခေါ်ယူဖို့ စိတ်ဝင်စားခြင်း ရှိ/မရှိ မေးမြန်းခံခဲ့ရပြီး သူကတော့ ဆွီဒင်တိုက်စစ်မှူးကို စပို့တင်းလစ္စဘွန်းအသင်းမှာ ရာသီအကုန်ထိ ဆက်ရှိဖို့ ပြောခဲ့တာဖြစ်ပါတယ်။
ဂျီယိုကီရက်စ်ကလည်း စပို့တင်းလစ္စဘွန်းအသင်းမှာ ပျော်ရွှင်နေတယ်လို့ အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သက်ပြီး တုန့်ပြန်ထားတာပါ။
အာမိုရင်ဟာ လာမယ့် ဘရာဂါအသင်းနဲ့ ပေါ်တူဂီလိဂ်ပွဲစဉ်မှာ စပို့တင်းလစ္စဘွန်းအသင်းကို သူ့ရဲ့နောက်ဆုံး ပွဲစဉ်အဖြစ် ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 1707
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၆
မန်စီးတီးအသင်းဟာ စပို့တင်းလစ္စဘွန်းအသင်းကို ချန်ပီယံလိဂ်ပွဲစဉ်မှာ ၄ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ပြီးနောက် အသင်းဟာ မှောင်မိုက်တဲ့ နေရာမှာရှိနေတယ်လို့ ကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားက ပြောခဲ့ပါတယ်။
ဘာနာဒိုဆေးလ်ဗားက “ကျနော်တို့အခု မှောင်မိုက်တဲ့ နေရာမှာ ရှိနေတာကြောင့် စိတ်ပျက်ဖို့ ကောင်းပါတယ်။ ကျနော်တို့ ကောင်းမွန်စွာ ကစားနိုင်ရင်တောင် အရာအားလုံးက မှားယွင်းနေတဲ့ပုံပါပဲ။ ကျနော်တို့အသင်း အတွင်းပိုင်းကို ပြန်ကြည့်ရမှာဖြစ်ပြီး ကောင်းမွန်စွာ မလုပ်နိုင်တာတွေကို ပြန်သုံးသပ်ကာ ပိုကောင်းအောင် အမြန်ဆုံးလုပ်ရမှာပါ။ ဒီလိုမှမဟုတ်ရင် ရှုံးနိမ့်မှုတွေကနေ ပြန်လာနိုင်ဖို့ ခက်ခဲပါလိမ့်မယ်”လို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကစားခဲ့တဲ့ပွဲတွေမှာ စပါးအသင်းကို ကာရာဘောင်းဖလားပြိုင်ပွဲမှာ အရေးနိမ့်ခဲ့သလို ဘုန်းမောက်အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အရေးနိမ့်ခဲပါတယ်။
အဲဒါကြောင့် မန်စီးတီးအသင်းဟာ ၂၀၁၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပြိုင်ပွဲစုံ ၃ ပွဲဆက်တိုက် ရှုံးပွဲ ကြုံတွေ့ခဲ့တာပါ။

ဘာနာဒိုဆေးလ်ဗားကို တွေ့ရစဉ်
ဒီပွဲမှာ မန်စီးတီးအသင်းဟာ ဖိုဒန်ရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် တိုက်စစ်မှူး ဟာလန်းဟာ ပင်နယ်တီ လွဲချော်ခဲ့ပြီး အာမိုရင်ရဲ့ စပို့တင်းလစ္စဘွန်းအသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းနည်းပြသစ် အာမိုရင်ဟာ သူ့ရဲ့စပို့တင်းလစ္စဘွန်းအသင်း နည်းပြဘဝ နောက်ဆုံး အိမ်ကွင်း ပွဲစဉ်မှာ မန်စီးတီးအသင်းကို ဂိုးပြတ်အနိုင်ရပြီး နှုတ်ဆက်နိုင်ခဲ့တာပါ။
မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ ဒဏ်ရာထိုးနှက်ချက်တွေနဲ့ ရင်ဆိုင်နေရပေမယ့် နည်းပြ ဂွာဒီယိုလာက ရလဒ်ကောင်းတွေ ပြန်လည်ရရှိနိုင်အောင် တိုက်ပွဲဝင်သွားမယ်လို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ဒီရှုံးပွဲကြောင့် ချန်ပီယံလိဂ်ပွဲစဉ် ၄ ပွဲ ကစားအပြီးမှာ ရမှတ် ၇ မှတ်နဲ့ အဆင့် ၆ နေရာ ရပ်တည်နေပြီး စပို့တင်းလစ္စဘွန်းအသင်းက ရမှတ် ၁၀ မှတ်နဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေတာပါ။
မန်စီးတီးအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်း အိမ်ကွင်း သွားရောက်ယှဉ်ပြိုင် ရမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 1703
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၆
ရီးရယ်လ်အသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ အေစီမီလန်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီးနောက် အသင်းရဲ့ ဆိုးရွားတဲ့ အခြေအနေပုံစံကို စိုးရိမ်မိတယ်လို့ နည်းပြ အန်ဆယ်လော့တီက ပြောခဲ့ပါတယ်။
အန်ဆယ်လော့တီက “အသင်းရဲ့ကစားပုံဟာ ကောင်းမွန်ခဲ့ခြင်း မရှိတဲ့အတွက် ကျနော်တို့ စိုးရိမ်ရမှာပါ။ ကျနော် တို့ဟာ ပိုကျစ်လစ်ပြီး စည်းစနစ်ကျဖို့လိုပါတယ်။ ကျနော်တို့ ဂိုးတွေ အများကြီးပေးခဲ့ရပါတယ်။ အသင်းဟာ ကွင်းထဲမှာ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိတဲ့အတွက် ဒါကို ကျနော်တို့ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ကျနော်တို့ရဲ့အဆင့်ကို ပြန်သွားရမှာဖြစ်ပြီး ဒါဆိုရင် ပြိုင်ပွဲတိုင်းကို တိုက်ပွဲဝင်နိုင်တယ်”လို့ ပြောပါတယ်။
ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်မှာ ဘာစီလိုနာအသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပြီးနောက် ပထမဆုံး ကစားခဲ့တဲ့ပွဲစဉ်မှာ နောက်ထပ် ရှုံးပွဲကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ရီးရယ်လ်အသင်းဟာ ၃ နှစ်အကြာမှ ပထမဆုံးအကြိမ် ရှုံးပွဲဆက်တိုက် ကြုံတွေ့ခဲ့ရတာဖြစ်ပြီး အေစီမီလန်အသင်း ကို အရေးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲ ၄ ပွဲ ကစားထားတာမှာ ရမှတ် ၆ မှတ်နဲ့ အဆင့် ၁၇ နေရာမှာ ရပ်တည်နေတာပါ။

အေစီမီလန်နဲ့ရီးရယ်လ် ယှဉ်ပြိုင်နေစဉ်
အဲဒါကြောင့် နည်းပြ အန်ဆယ်လော့တီက ရီးရယ်လ်အသင်း ကစားသမားတွေကို ရလဒ်ဆိုးတွေကနေ အမြန်ဆုံး တုန့်ပြန်နိုင်ဖို့ တိုက်တွန်းထားပါတယ်။
ဒါအပြင် အန်ဆယ်လော့တီက ဘတ်ပီနဲ့ ဗီနီစီးယက်စ်တို့ ဦးဆောင်နေတဲ့ တိုက်စစ်ပိုင်းက သူ့အတွက် ပြဿနာ မဟုတ်ဘဲ ပြိုင်ဘက်တွေကို အခွင့်အရေး လွယ်လွယ်ကူကူ ပေးနေရတာကို ဖြေရှင်းရမယ်လို့ ပြောခဲ့ပါတယ်။
ရီးရယ်လ်အသင်း ဂိုးသမား လူနင်က သူတို့ဟာ ရလဒ်ဆိုးတွေကို ပြန်သုံးသပ်ပြီး တုန့်ပြန်ရမှာဖြစ်သလို အမြဲတမ်း အနိုင်ရအောင် လုပ်ရမှာဖြစ်တဲ့အတွက် ဆင်ခြေပေးစရာ မရှိဘူးလို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။
ရီးရယ်လ်အသင်းဟာ လာလီဂါပြိုင်ပွဲမှာ ထိပ်ဆုံးနေရာက ဦးဆောင်နေတဲ့ ဘာစီလိုနာအသင်းနဲ့ ၁ ပွဲလျော့ ၉ မှတ် ကွာဟနေပါတယ်။
ရီးရယ်လ်အသင်းဟာ ဒီတစ်ပတ် လာလီဂါပွဲစဉ်အဖြစ် အိုဆာဆူနာအသင်းကို အိမ်ကွင်း ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရလဒ်ရယူကာ ရလဒ်ဆိုးတွေကို အဆုံးသတ်နိုင်ဖို့ ရည်မှန်းထားတာဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 3726
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၅
ဘီဆစ်တက်စ်နဲ့ မက္ကာဘီတယ်လ်အဗစ်အသင်းတို့ ယှဉ်ပြိုင်မယ့် ယူရိုပါလိဂ်ပွဲစဉ်ကို တူရကီအာဏာပိုင်တွေက ပိတ်ပင်ခဲ့တာကြောင့် ကြားနေနိုင်ငံတစ်ခုမှာ ကစားရတော့မှာ ဖြစ်ပါတယ်။
ဘီဆစ်တက်စ်အသင်းဟာ နိုဝင်ဘာ ၂၈ ရက်မှာ ယူရိုပါလိဂ် ပွဲစဉ်အဖြစ် မက္ကာဘီတဲလ်အဗစ်အသင်းကို အိမ်ကွင်း လက်ခံ ယှဉ်ပြိုင်ရမှာပါ။
ဒါပေမယ့် တူရကီနဲ့ အစ္စရေးတို့အကြားမှာ တင်းမာမှုတွေ ဆက်ပြီး မြင့်တက်နေတာကြောင့် ဒီပွဲကို နိုင်ငံအတွင်း မှာ ကစားခွင့်မပြုဖို့ တူရကီအာဏာပိုင်တွေက တရားဝင်ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။
ဘီဆစ်တက်စ်အသင်းရဲ့ ထုတ်ပြန်ချက်ထဲမှာ ရန်စတဲ့ လုပ်ရပ်တွေရဲ့ ခြိမ်းခြောက်မှုကြောင့် ဒီပွဲကို နေရာ ပြောင်းပြီး ကျင်းပမယ်လို့ ဖော်ပြထားတာပါ။
ဒါအပြင် ဘီဆစ်တက်စ်အသင်းက ဒီပွဲကစားမယ့် ကြားနေနိုင်ငံနဲ့ ပတ်သက်ပြီး ကလပ်အသင်းနဲ့ UEFA တို့အကြား ဆွေးနွေးမှုတွေကို ဆက်ပြီး လုပ်ဆောင်နေတယ်လို့ ပြောထားပါတယ်။

ဘီဆစ်တက်စ်အသင်းနဲ့ မက္ကာဘီတယ်လ်အဗစ်အသင်း တံဆိပ်ကို တွေ့ရစဉ်
UEFA ကလည်း ဘီဆစ်တက်စ်အသင်းနဲ့ မက္ကာဘီတယ်လ်အဗစ်အသင်းတို့ရဲ့ပွဲကို ကြားနေနိုင်ငံမှာ ကျင်းပသွားမှာ ဖြစ်ပြီး ကျင်းပမယ့် နေရာကို ထုတ်ပြန်ပေးသွားမယ်လို့ ကြေညာထားပါတယ်။
ပွဲကျင်းပမယ့် နေရာကို မဆုံးဖြတ်ရသေးတဲ့အတွက် ပရိသတ်တွေ ကြည့်ရှုနိုင်မယ့် အခြေအနေအပေါ်လည်း ဆုံးဖြတ်ချက် မချရသေးပါဘူး။
၂ သင်းစလုံးဟာ ယူရိုပါလိဂ်ပွဲစဉ် ၃ ပွဲ ကစားထားအပြီးမှာ ဘီဆစ်တက်စ်အသင်းက ရမှတ် ၃ မှတ်နဲ့ အဆင့် ၂၇ နေရာမှာ ရပ်တည်နေပြီး မက္ကာဘီတယ်လ်အဗစ်အသင်းက နိုင်ပွဲတစ်ပွဲမှ မရသေးဘဲ အဆင့် ၃၄ နေရာမှာ ရပ်တည်နေတာပါ။
ဒီ ၂ သင်းဟာ ဒီတစ်ပတ်ထဲမှာ ပွဲစဉ် ၄ အဖြစ် ဘီဆစ်တက်စ်အသင်းက မယ်လ်မိုအသင်း၊ မက္ကာဘီတယ်လ်အဗစ် အသင်းက အေဂျက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 2641
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၅
ဘာစီလိုနာနဲ့ အင်တာမီလန်အသင်းတို့ဟာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာဖွယ်ရှိနေတဲ့ ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
အန်ဇိုဖာနန်ဒက်ဇ်ဟာ ချယ်လ်ဆီးအသင်းမှာ နည်းပြ မာရက်စ်ကာရဲ့ မျက်နှာသာပေးမှုကို မရရှိတာကြောင့် သူ့ရဲ့ကစားသမားဘဝကို ပြန်လည်ရှင်သန်နိုင်ဖို့ စတမ်းဖို့ဒ်ဘရစ်ချ်ကနေ ထွက်ခွာမယ့် နည်းလမ်းကို ရှာဖွေ နေတာပါ။
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ ကိုင်စီဒိုနဲ့ လာဗီးယားတို့ အတွဲအဖက်ကိုသာ ကွင်းလယ်မှာ အသုံးပြုနေပြီး အန်ဇိုဖာနန်ဒက်ဇ်ကို ဖလားပြိုင်ပွဲတွေမှာသာ ပွဲထွက် လူစာရင်း အသုံးပြုနေတာ ဖြစ်ပါတယ်။
အဲဒါကြောင့် ချယ်လ်ဆီးအသင်းမှာ အနာဂတ် မရေမရာဖြစ်နေတဲ့ အန်ဇိုဖာနန်ဒက်ဇ်ဟာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင် စားနေတဲ့ အင်တာမီလန် ဒါမှမဟုတ် ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ဖွယ်ရှိနေတယ်လို့ The Sun က ဖော်ပြ ထားတာပါ။
ချယ်လ်ဆီးအသင်းကို ၂၀၂၃ ဇန်နဝါရီ အပြောင်းအရွှေ့က ဘင်ဖီကာအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ အန်ဇိုဖာနန်ဒက်ဇ်ဟာ ဒီရာသီ ချယ်လ်ဆီးအသင်း ကစားထားတဲ့ ပရီးမီးယားလိဂ် ၁၀ ပွဲမှာ ၉ ပွဲအထိ ပါဝင်ကစားထားတာ ဖြစ်ပါတယ်။

အန်ဇိုဖာနန်ဒက်ဇ်ကို တွေ့ရစဉ်
အသက် ၂၃ နှစ်အရွယ်ရှိ ကွင်းလယ်လူဟာ ပရီးမီးယားလိဂ်ပထမ ၇ ပွဲမှာ ၆ ပွဲကို ပွဲထွက်လူစာရင်း ပါဝင်ခွင့် ရခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲစလုံးမှာ လူစားဝင်အဖြစ်သာ ပါဝင်ခွင့်ရခဲ့တာပါ။
ချယ်လ်ဆီးအသင်း နည်းပြ မာရက်စ်ကာက အန်ဇိုဖာနန်ဒက်ဇ်ကို ပရီးမီးယားလိဂ် ပွဲထွက်လူစာရင်းမှာ အသုံး မပြုတာက မတူညီတဲ့ ဆုံးဖြတ်ချက်တွေကြောင့်ဖြစ်ပြီး သူ့အပေါ် ၁၀၀ ရာခိုင်နှုန်း ယုံကြည်မှု အပြည့်ရှိတယ်လို့ ပြောထားပါတယ်။
ချယ်လ်ဆီးအသင်းဟာ အန်ဇိုဖာနန်ဒက်ဇ်ကို ပြောင်းရွှေ့ကြေး အများကြီးပေးပြီး ခေါ်ယူထားကာ ၂၀၃၂ ခုနှစ်၊ ဇွန်လအထိ စာချုပ်ရှိနေတာကြောင့် ပြောင်းရွှေ့ကြေး အနည်းငယ်နဲ့ လက်လွှတ်ဖို့ဆန္ဒမရှိတာပါ။
ချယ်လ်ဆီးအသင်းဟာ ကြားရက်ထဲမှာ ယူရိုပါကွန်းဖရန့်လိဂ် ပွဲစဉ်အဖြစ် နိုအာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲမှာ အန်ဇိုဖာနန်ဒက်ဇ်ဟာ အသင်းခေါင်းဆောင်အဖြစ် ပွဲထွက် ပါဝင်လာဖို့ရှိနေတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 2570
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၅
ယူနိုက်တက်အသင်း နည်းပြသစ်အဖြစ် ခန့်အပ်ခံထားရတဲ့ စပို့တင်းလစ္စဘွန်းအသင်း နည်းပြ အာမိုရင်က မန်စီးတီးအသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်ကို အဓိကအာရုံစိုက်ထားတယ်လို့ ပြောခဲ့ပါတယ်။
အာမိုရင်က “ကျနော်ဟာ စပို့တင်းအသင်းနည်းပြအဖြစ် ရှိနေသေးတဲ့အတွက် ဒီအသင်းအတွက်ကိုပဲ အာရုံ စိုက်မှာပါ။ ရလဒ်မကောင်းရင် မျှော်လင့်ချက်တွေ လျော့ကျသွားမှာဖြစ်ပြီး ဒီပွဲမှာ ကျနော်တို့ အနိုင်ရခဲ့ရင် ဖာဂူဆန် လက်သစ် ရောက်လာပြီဆိုပြီးထင်ကြမှာပါ။ ဒါကို ထိန်းသိမ်းဖို့က အလွန်ခက်ခဲမှာပါ။ အခုအချိန်မှာ ကျနော့်အတွက် အရေးကြီးဆုံးက စပို့တင်းအသင်းအတွက် ရလဒ်ကောင်းယူပေးပြီး လာမယ့်ပွဲမှာ အသင်းကို နှုတ်ဆက်ဖို့ပါ”လို့ ပြောခဲ့တာပါ။
ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင်ဟာ ထုတ်ပယ်ခဲ့တဲ့ နည်းပြဟောင်း အဲရစ်တန်ဟတ်ရဲ့ နေရာမှာ အစားထိုး ဝင်ရောက်ပြီး ယူနိုက်တက်အသင်းကို နည်းပြသစ်အဖြစ် ကိုင်တွယ်ဖို့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတာ ဖြစ်ပါတယ်။
အာမိုရင်ဟာ စပို့တင်းလစ္စဘွန်းအသင်းကို နိုဝင်ဘာလ နိုင်ငံတကာပွဲစဉ် မတိုင်ခင် ကစားမယ့် ၂ ပွဲကို ကိုင်တွယ် ပြီးမှသာ ယူနိုက်တက်အသင်းထံ နည်းပြအဖြစ် တရားဝင် ရောက်ရှိလာမှာပါ။

မန်စီးတီးနဲ့ စပို့တင်းလစ္စဘွန်းအသင်းကိုတွေ့ရစဉ်
အဲဒါကြောင့် အာမိုရင်က ယူနိုက်တက်အသင်းကို မကိုင်တွယ်ခင်မှာ စပို့တင်းလစ္စဘွန်းအသင်းအတွက်သာ အာရုံစိုက်နေတာ ဖြစ်ပါတယ်။
စပို့တင်းလစ္စဘွန်းအသင်းဟာ နည်းပြ အာမိုရင် လက်ထက် နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၅ ပွဲမှာ ၁၄ ပွဲအထိ အနိုင်ရရှိထားပြီး ရာသီအစ ပေါ်တူဂီစူပါဖလား ပွဲစဉ်တစ်ပွဲသာ ရှုံးနိမ့်ထားတာပါ။
စပို့တင်းလစ္စဘွန်းအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်ပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ရမှတ် ၇ မှတ်နဲ့ အဆင့် ၈ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
၂၀၂၂ က မန်စီးတီးနဲ့ စပို့တင်းလစ္စဘွန်းအသင်းတို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ သင်းအဆင့်မှာ တွေ့ဆုံခဲ့ပြီး ဒီအချိန် တုန်းက မန်စီးတီးအသင်းက နှစ်ကျော့ပေါင်း ၅ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။
အာမိုရင်က မန်စီးတီးအသင်းဟာ ကမ္ဘာ့အကောင်းဆုံး အသင်းဖြစ်ပြီး နည်းပြ ဂွာဒီယိုလာကလည်း ကမ္ဘာ့ အကောင်းဆုံး နည်းပြဖြစ်ပေမယ့် ဒီပွဲမှာ သူတို့ ရလဒ်ကောင်းရယူနိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 1935
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၅
အယ်လ်ဟီလယ်အသင်း တိုက်စစ်မှူး နေမာဟာ ၁ နှစ်ကြာ အနားယူခဲ့ရတဲ့ ဒူးအရွတ်(ACL)ဒဏ်ရာကနေ သက်သာပြီးနောက် အယ်လ်ဟီလယ်အသင်းအတွက် ဒုတိယမြောက် ကစားပေးတဲ့ပွဲမှာ ဒဏ်ရာ ပြန်လည် ရရှိသွားခဲ့ပါတယ်။
နေမာဟာ အယ်လ်ဟီလယ်အသင်းက အက်စတီဂဲလ်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ အာရှချန်ပီယံလိဂ် ပွဲစဉ်ရဲ့ ပွဲချိန် ၅၈ မိနစ်မှာ လူစားလဲ ဝင်ရောက်ခဲ့တာပါ။
ဒါပေမယ့် နေမာဟာ ကြွက်သားဒဏ်ရာ ရရှိခဲ့တာကြောင့် ပွဲချိန် ၈၇ မိနစ်မှာ လူစားပြန်လဲခဲ့ရတာ ဖြစ်ပါတယ်။
နေမာဟာ ဒဏ်ရာကနေ သက်သာပြီးနောက် ပြီးခဲ့တဲ့ အောက်တိုဘာလက ကစားခဲ့တဲ့ အယ်လ်အိန်းအသင်းနဲ့ အာရှချန်ပီယံလိဂ်ပွဲစဉ်မှာ အယ်လ်ဟီလယ်အသင်းအတွက် ပထမဆုံးပွဲစဉ်အဖြစ် လူစားလဲပါဝင်ခဲ့တာပါ။
နေမာဟာ ပွဲအပြီးသူ့ရဲ့ အင်စတာဂရမ်စတိုရီမှာ “အရမ်းကြီးမပြင်းထန်ဖို့ မျှော်လင့်ပါတယ်။ တစ်နှစ်အကြာမှာ ဒီလိုဖြစ်ပျက်ခဲ့တာက ပုံမှန်ပါပဲ။ ဆရာဝန်တွေက ကျနော့်ကို သတိပေးနေပါပြီ။ ဒါကြောင့် မိနစ်တွေ ပိုပြီး ကစားနိုင်ဖို့ ကျနော်သတိထားရမယ်”လို့ ရေးသားခဲ့ပါတယ်။

နေမာကို တွေ့ရစဉ်
နေမာဟာ အယ်လ်ဟီလယ်အသင်းရဲ့ ဆော်ဒီပရိုလိဂ် ပွဲစဉ်တွေမှာ ပါဝင်လို့ မရသေးတာကြောင့် သူ့ရဲ့ဒဏ်ရာ အခြေအနေကို တိုးတက်အောင် လုပ်ဆောင်ဖို့ အချိန်ရသေးတာပါ။
နေမာအနေနဲ့ ကြံ့ခိုင်မှု ပြည့်ဝမယ်ဆိုရင် နိုဝင်ဘာ ၂၆ ရက်မှာကစားမယ့် အယ်လ်ဆတ်ဒ်အသင်းနဲ့ အာရှချန်ပီယံလိဂ် ပွဲစဉ်မှာ အယ်လ်ဟီလယ်အသင်းအတွက် ပါဝင်နိုင်မှာ ဖြစ်ပါတယ်။
ဒီလထဲကစားမယ့် ဘရာဇီးလ်အသင်းရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)လူစာရင်းမှာ နေမာဟာ ချန်လှပ်ခြင်း ခံထားရတာပါ။
အယ်လ်ဟီလယ်အသင်းဟာ အာရှချန်ပီယံလိဂ်ပွဲစဉ် ၄ ပွဲ ကစားအပြီးမှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ အမှတ်ပေးဇယား အဆင့် ၁ နေရာမှာ ရပ်တည်နေသလို ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာလည်း အဆင့် ၁ နေရာမှာ ရပ်တည်နေပါတယ်။
အယ်လ်ဟီလယ်အသင်းဟာ ဒီတစ်ပတ် ဆော်ဒီပရိုလိဂ် ပွဲစဉ်အဖြစ် အယ်လ်အက်တီဖတ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 2490
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၄
အီဂျစ်အသင်းခေါင်းဆောင် ဆာလက်ဟာ သူ့ရဲ့လီဗာပူးလ်အသင်း အနာဂတ်နဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ လျှို့ဝှက်တဲ့ စာရေးသားကာ အရိပ်အမြွက် ပြောသွားခဲ့ပါတယ်။
ဆာလက်က “အမှတ်ပေးဇယားထိပ်ဆုံးက ကလပ်အသင်း ပိုင်ဆိုင်တဲ့နေရာပါ။ အသင်းတိုင်းက ပွဲတိုင်း အနိုင် ရချင်ပေမယ့် နောက်ဆုံးမှာ တစ်သင်းတည်းကသာ ချန်ပီယံဆုကို ရယူနိုင်ပါတယ်။ ဒါကို ကျနော်တို့ ရယူချင် ပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုတွေအတွက် အလွန်ကျေးဇူးတင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အန်ဖီးလ်မှာ ဂိုးသွင်းရတဲ့ ခံစားချက်ကို ဘယ်တော့မှမမေ့ဘူး”လို့ ရေးသားခဲ့တာပါ။
ဘရိုက်တန်အသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးလ်အသင်းအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ ဆာလက်ရဲ့စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးပြီဖြစ်ပါတယ်။
အခုအချိန်ထိ စာချုပ်သစ်အတွက် သဘောတူညီမှု မရရှိသေးချိန်မှာ ဆိုရှယ်မီဒီယာပေါ်မှာတင်ခဲ့တဲ့ ဆာလက်ရဲ့ ပို့စ်နဲ့ ပတ်သက်ပြီး လီဗာပူးလ်အသင်း ပရိသတ်တွေ စိုးရိမ်မှုရှိနေတာပါ။
ရာသီအကုန်မှာ လီဗာပူးလ်အသင်းကနေ ထွက်ခွာနိုင်တဲ့ ဆာလက်ရဲ့ ဘာပဲဖြစ်ဖြစ်ဆိုတဲ့ စကားလုံးအပေါ် အသင်းပရိသတ်တွေ စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

ဆာလက်ကို တွေ့ရစဉ်
ဘရိုက်တန်အသင်းနဲ့ပွဲမှာ သွင်းယူခဲ့တဲ့ သွင်းဂိုးကြောင့် ဆာလက်ဟာ ပရီးမီးယားလိဂ်သွင်းဂိုး ၁၆၄ ဂိုးနဲ့ လိဂ် ဂိုးသွင်း အများဆုံးစာရင်းရဲ့ နံပါတ် ၈ နေရာကို ရောက်ရှိလာခဲ့တာပါ။
၂၀၁၇ ခုနှစ်က ရိုးမားအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဆာလက်ဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ၁၅ ပွဲ ကစားထားပြီး ၉ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
အသက် ၃၂ နှစ်အရွယ်ရှိ ဆာလက်ဟာ လီဗာပူးလ်အသင်းကို ရောက်ရှိပြီးကတည်းကနေ အခုအချိန်ထိ ၃၆၄ ပွဲ ကစားထားပြီး ၂၂၀ ဂိုးသွင်းယူကာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ် အပါအဝင် ဆုဖလား အများအပြားကို ရယူ ထားတာပါ။
ဆာလက်ဟာ ဒီရာသီအကုန်မှာ လီဗာပူးလ်အသင်းကနေ ထွက်ခွာဖြစ်ခဲ့ရင် အနည်းဆုံး ဆုဖလားတစ်လုံးထပ်ပြီး ရယူနိုင်ဖို့ ပစ်မှတ်ထား နေပါတယ်။
လီဗာပူးလ်အသင်းဟာ ကြားရက်ထဲမှာ လေဗာကူဆင်အသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်ကစားရမှာဖြစ်ပြီး ဒီပွဲပြီးရင် အက်စတွန်ဗီလာအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်
Source: Goal
- By CNI
- Category: အားကစား
- Hits: 4597
CNI Sport News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၄
စပါးအသင်းနည်းပြ ပိုစတီကိုဂလူးက အက်စတွန်ဗီလာအသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်း ခေါင်းဆောင် ဆွန်ဟောင်မင်ကို စောစီးစွာလူစားလဲဖို့ အစီအစဉ်ရှိခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ပိုစတီကိုဂလူးက “ဆွန်ကို စောစီးစွာလူစားလဲဖို့ အမြဲတမ်း အစီအစဉ်ရှိခဲ့ပါတယ်။ သူဟာ နောက်ဆုံးအကြိမ် ဒဏ်ရာကနေ ပြန်သက်သာပြီးချိန်မှာ မိနစ် ၆၀ လောက် ပါဝင်ကစားပြီး နောက်ထပ် ဒဏ်ရာရရှိသွားခဲ့ပါတယ်။ သူဟာ ဒီပွဲမှာ လူစားလဲမခံရခင် အသင်းအတွက် အရေးပါတဲ့ ချေပဂိုးကို ဖန်တီးပေးခဲ့ပါတယ်။ ကျနော်တို့ဟာ အရှေ့မှာကစားရမယ့် ပွဲတွေအများကြီးရှိပြီး သူ့ကိုလိုအပ်ပါတယ်။ သူရဲ့တုန့်ပြန်မှုနဲ့ ပတ်သက်ပြီး ဘာမှမဖြစ်သလို အဝတ်လဲခန်းထဲမှာ သူ့ဆီကနေ ဘာထူးခြားမှုမှမတွေ့ခဲ့ရဘူး”လို့ ပြောခဲ့တာပါ။
စပါးအသင်းက အက်စတွန်ဗီလာအသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်ရဲ့ ပွဲချိန် ၅၅ မိနစ်မှာ နည်းပြ ပိုစတီကိုဂလူးဟာ ဆွန်ဟောင်မင်ကို ရစ်ချာလီဆန်နဲ့ လူစားလဲခဲ့တာ ဖြစ်ပါတယ်။
ဆွန်ဟောင်မင်ဟာ လူစားလဲမှုပြုလုပ်ဖို့ သူ့ရဲ့နံပါတ်ကို မြင်တွေ့ရတဲ့ အချိန်မှာ အံ့အားသင့်နေခဲ့ပြီး အရန်ခုံ တန်းပေါ်မှာ စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့တာပါ။
ဆွန်ဟောင်မင်ဟာ ဒီရာသီမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရပြီး မကြာသေးခင်ကမှ ဒဏ်ရာကနေ ပြန်သက်သာ လာခဲ့တာ ဖြစ်ပါတယ်။

ဆွန်ဟောင်မင်ကို တွေ့ရစဉ်
အဲဒါကြောင့် စပါးအသင်းနည်းပြ ပိုစတီကိုဂလူးဟာ ဆွန်ဟောင်မင် ထပ်ပြီးဒဏ်ရာ ရရှိသွားမှာကို စိုးရိမ်မှုရှိ နေတာပါ။
စပါးအသင်းဟာ အက်စတွန်ဗီလာ အသင်းနဲ့ပွဲမှာ ဦးဆောင်ဂိုး ပေးခဲ့ရပေမယ့် ဒုတိယပိုင်းမှာ ချေပဂိုးနဲ့ အနိုင်ဂိုး တွေသွင်းပြီး ဂိုးပြတ်နိုင်ပွဲရရှိခဲ့ပါတယ်။
စပါးအသင်းဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၇ နေရာအထိ တက်နိုင်ခဲ့ပြီး အဆင့် ၄ နေရာက ချယ်လ်ဆီးအသင်းနဲ့ ၂ မှတ်သာ ကွာဟတော့တာပါ။
စပါးအသင်းဟာ ဒီပွဲအနိုင်ရခဲ့ပေမယ့် တိုက်စစ်မှူး ရစ်ချာလီဆန်နဲ့ နောက်ခံလူ ရိုမဲရိုးတို့ ဒဏ်ရာရရှိသွားခဲ့ပါတယ်။
စပါးအသင်းနည်းပြ ပိုစတီကိုဂလူးက သူတို့နှစ်ဦးရဲ့ ဒဏ်ရာပြင်းထန်မှု အခြေအနေကို မသိရသေးပေမယ့် ကြံ့ခိုင်မှု အခြေအနေအပေါ် စိုးရိမ်မိတယ်လို့ ပြောခဲ့ပါတယ်။
စပါးအသင်းဟာ နိုဝင်ဘာလ နိုင်ငံတကာပွဲစဉ် မတိုင်ခင်မှာ ဂါလာတာစာရေးအသင်းနဲ့ ယူရိုပါလိဂ်၊ အစ်စဝှစ်ချ် အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Metro
