
- By CNI
- Category: အားကစား
- Hits: 493
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၂
ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်း အန်သိုနီဂျိုရွှာဟာ ဆော်ဒီမှာထိုးသတ်မယ့်ပွဲစဉ်မှာ ပြိုင်ဘက် ဝေါလ်လင်ကို အရေးနိမ့်ခဲ့မယ်ဆိုရင် အားကစားလောကမှာ သူ့အတွက် အနာဂတ်မရှိတော့ဘူးလို့ ပြောလိုက်ပါတယ်။
အန်သိုနီဂျိုရွှာက “ကျနော့်ရဲ့နှလုံး၊ကျနော့်ရဲ့ စိတ်ဝိညာဉ်နဲ့ ကျနော့်ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တိုင်းက ဝေါလ်လင် နဲ့ပွဲအတွက် အပြည့်အဝအာရုံစိုက်ထားပြီး ကျနော်လုပ်နိုင်တဲ့အရာကို လုပ်သွားမှာပါ။ ကျနော့်ဘဝမှာ ဘယ်ကို သွားမလဲဆိုတာ သိပါတယ်။ ဒါပေမယ့်ပြောစရာရှိတာက ဒီပွဲကို မကျော်ဖြတ်နိုင်ဘူးဆိုရင်တော့ အနာဂတ် ဆိုတာလည်း ရှိမှာမဟုတ်ပါဘူး။ ဒါကြောင့်လည်း ဒီပွဲအတွက်အကောင်းဆုံးလုပ်ထားပါတယ်” လို့ ပြောခဲ့တာပါ။
ကမ္ဘာ့ချန်ပီယံ ၂ ကြိမ်ဖြစ်ခဲ့တဲ့ အန်သိုနီဂျိုရွှာဟာ ၂၀၂၁ ခုနှစ်က ယူကရိန်းနိုင်ငံသား အူဆက်ခ်ကို အရေးနိမ့်ပြီး သူ့ရဲ့ ချန်ပီယံခါးပတ်တွေဖြစ်တဲ့ WBA၊IBF၊ WBO နဲ့ IBO ခါးပတ်တွေကို လွှဲပြောင်းပေးခဲ့ရတာဖြစ်ပါတယ်။ ဗြိတိန်ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားဟာ အူဆက်ခ်ကို အရေးနိမ့်ပြီးနောက် ထိုးသတ်ခဲ့တဲ့ နောက်ဆုံး ၂ ပွဲစလုံးအနိုင်ရခဲ့ပြီး သြဂုတ်လက ဟီလီနီးယက်စ်နဲ့ နောက်ဆုံးပွဲထိုးသတ်ခဲ့တာပါ။ အန်သိုနီဂျိုရွှာဟာ ဒီပွဲပြီးရင် ဝေလ်ဒါနဲ့ ထိုးသတ်ဖွယ်ရှိတယ်လို့ သတင်းတွေထွက်နေပေမယ့် အန်သိုနီဂျိုရွှာကတော့ ဒီပွဲကိုပဲ အပြည့်အ၀ အာရုံစိုက်ထားတယ်လို့ ပြောခဲ့ပါတယ်။
အန်သိုနီဂျိုရွှာနဲ့ ထိုးသတ်မယ့် ဆွီဒင်နိုင်ငံသား ဝေါလ်လင်ဟာ ပွဲပေါင်း ၂၈ ပွဲထိုးသတ်ခဲ့တာမှာ ၁ ပွဲသာ အရေးနိမ့် ထားပြီး အရေးနိမ့်ခဲ့တဲ့ပွဲစဉ်က တိုင်ဆန်ဗျူရီနဲ့ ထိုးသတ်ခဲ့တဲ့ ၂၀၁၉ ခုနှစ်က ပွဲစဉ်ဖြစ်တာပါ။ ဒီဇင်ဘာ ၂၃ ရက် ဆော်ဒီမှာကျင်းပမယ့်ပွဲစဉ်မှာ ဝေါလ်လင်နဲ့ အန်သိုနီဂျိုရွှာတို့ပွဲစဉ်အပြင် ဝေလ်ဒါနဲ့ ပါကား၊ ဘီဗောလ်နဲ့ အသာ တို့ရဲ့ ပွဲစဉ်အပါအဝင် ပွဲစဉ်အများအပြားပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။
Source:ChannelNewsAsia

- By CNI
- Category: အားကစား
- Hits: 335
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၂
ချယ်လ်ဆီးအသင်းခေါင်းဆောင် ရီစီဂျိမ်းစ်ဟာ အကြိမ်ကြိမ်ခံစားနေရတဲ့ တံကောက်ကြောဒဏ်ရာကို ခွဲစိတ် ကုသမှုခံယူလိုက်ပြီဖြစ်ပါတယ်။
ရီစီဂျိမ်းစ်ဟာ ပြီးခဲ့တဲ့ နှစ်ပတ်က အဲဗာတန်အသင်းကို အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒဏ်ရာကြောင့် ပွဲချိန် ၂၆ မိနစ်မှာ လူစားလဲမှုခံခဲ့ရတာပါ။ ရီစီဂျိမ်းစ်ဟာ မကြာသေးခင်ကလည်း တံကောက်ကြောဒဏ်ရာကြောင့် ချယ်လ်ဆီးအသင်းရဲ့ ပွဲစဉ် ၈ ပွဲကိုလွဲချော်ခဲ့ပြီး နိုဝင်ဘာ ၂၅ ရက်နောက်ပိုင်း ပထမဆုံးပွဲထွက်လူစာရင်းမှာ ပါဝင် ခဲ့တဲ့ အဲဗာတန်အသင်းနဲ့ ပွဲမှာ ထပ်ပြီးဒဏ်ရာရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းနဲ့ ရီစီဂျိမ်းစ်တို့ဟာ အခု ခွဲစိတ်မှုကြောင့် ဘယ်လောက်ကြာကြာအနားယူရမလဲဆိုတာ မပြောခဲ့ပေမယ့် သတင်းတွေမှာတော့ ၃ လ ကြာအနားယူရမယ်လို့ ဖော်ပြထားတာပါ။
ရီစီဂျိမ်းစ်က “ကျနော်ဟာ အကြိမ်ကြိမ်ခံစားနေရတဲ့ တံကောက်ကြောအခြေအနေကို ဖြေရှင်းဖို့အတွက် ခွဲစိတ်မှု ခံယူပြီးပါပြီ။ ဒီဒဏ်ရာကြောင့် ကျနော်ဟာ အားပေးမှုတွေအများကြီးရရှိခဲ့ပေမယ့် မုန်းတီးစိတ်တွေနဲ့ အဆိုးမြင်တဲ့ အရာတွေက ပိုများလာခဲ့ပါတယ်။ ကျနော်လည်း ဒဏ်ရာမရချင်ဘူးဆိုတာ ယုံကြည်ပေးကြပါ။ ကျနော်ဟာ ဘောလုံးကစားနေရရင် အပျော်ရွှင်ဆုံးဖြစ်နေတဲ့သူပါ” လို့ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။
ရီစီဂျိမ်းစ်ဟာ ဒီရာသီ လီဗာပူးလ်အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာကတည်းက တံကောက်ကြော ဒဏ်ရာကို ခံစားခဲ့ရတာဖြစ်ပြီး အောက်တိုဘာလအထိ အနားယူနေခဲ့ရတာပါ။ အင်္ဂလန်နောက်ခံလူဟာ ပြီးခဲ့တဲ့ ၂ ရာသီအတွင်းမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ၂၀၂၂-၂၃ ရာသီစတင်ကတည်းက ပရီးမီးယားလိဂ်ပွဲပေါင်း ၂၄ ပွဲသာ ပါဝင်ကစားနိုင်ခဲ့တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။ ရီစီဂျိမ်းစ်ဟာ ဒူးအရွတ်ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် မပါဝင်နိုင်ခဲ့ပါဘူး။
ချယ်လ်ဆီးအသင်းဟာ ဒီရာသီမှာ ဒဏ်ရာရတဲ့ ကစားသမားအရေအတွက် များပြားတာနဲ့အတူ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ရလဒ်ကောင်းရရှိဖို့ ရုန်းကန်နေရတာပါ။ ချယ်လ်ဆီးအသင်းဟာ ခရစ္စမတ်အကြိုနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဝုလ်ဗ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:BBC

- By CNI
- Category: အားကစား
- Hits: 405
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၂
ဥရောပစူပါလိဂ်ပြိုင်ပွဲကျင်းပဖို့ ပြန်လည်အသက်ဝင်လာခဲ့ပြီးနောက် UEFA ဥက္ကဋ္ဌ ဆက်ဖာရင်က သူတို့ဟာ ဒီပြိုင်ပွဲကို ရပ်တန့်ဖို့ ကြိုးစားမှာမဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။
ဆက်ဖာရင်က “ဒီပြိုင်ပွဲကြီးကို ရပ်တန့်ဖို့ ကျနော်တို့ ကြိုးစားသွားမှာ မဟုတ်ပါဘူး။ သူတို့လိုချင်တဲ့အရာကို ဖန်တီးနိုင်ပါတယ်။ ကလပ်အသင်း ၂ သင်းနဲ့ သူတို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ပြိုင်ပွဲကြီးကို အမြန်ဆုံးစတင်နိုင်ဖို့ ကျနော် မျှော်လင့်ပါတယ်။ သူတို့လုပ်နေတဲ့ အရာကို နားလည်ဖို့ ကျနော်မျှော်လင့်ပြီး ဘောလုံးက ရောင်းစားဖို့ မဟုတ်ပါဘူး။ ဘောလုံးသက်ဆိုင်တဲ့ သူတွေနဲ့ ဥရောပလူ့အဖွဲ့အစည်းတွေဟာ ၂၀၂၁ ခုနှစ်မှာ ဒါကို အကြိမ်ပေါင်း များစွာ ပြုလုပ်ခဲ့ပေမယ့် လုံးဝ မပြောင်းလဲနိုင်ဘူးဆိုတာ ပြသခဲ့ပြီးပါပြီ”လို့ ပြောခဲ့ပါတယ်။
ဥရောပတရားရုံးက ချမှတ်ခဲ့တဲ့ အမိန့်အရ ရီးရယ်လ်နဲ့ ဘာစီလိုနာအသင်းတို့ ဦးဆောင်ပြုလုပ်နေတဲ့ ဥရောပ စူပါလိဂ်ပြိုင်ပွဲဟာ ကျင်းပခွင့် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
UEFA နဲ့ FIFA တို့ဟာ ၂၀၂၁ ခုနှစ်က ဥရောပစူပါလိဂ် ပြိုင်ပွဲကျင်းပဖို့ စီစဉ်ခဲ့တာကို ပိတ်ပင်ခဲ့ပေမယ့် ဥရောပ တရားရုံးက ဒီလိုပိတ်ပင်မှုမျိုးပြုလုပ်လို့ မရကြောင်းနဲ့ ပိတ်ပင်မှုပြုလုပ်တာဟာ ဥရောပသမဂ္ဂက ချမှတ်ထားတဲ့ ဥပဒေတွေနဲ့ ဆန့်ကျင်နေတယ်လို့ ပြောခဲ့ပါတယ်။
UEFA ရုံးကိုတွေ့ရစဉ်
ဥရောပတရားရုံးရဲ့ အမိန့်ထွက်ပေါ်လာအပြီးမှာ ဥရောပစူပါလိဂ်ပြိုင်ပွဲကို စီစဉ်တဲ့ A-22 က ဒီပြိုင်ပွဲရဲ့ အစီအစဉ် တွေနဲ့ ပြိုင်ပွဲပုံစံကို ချပြခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဥရောပထိပ်သီး အသင်းတွေဖြစ်တဲ့ ယူနိုက်တက်၊ ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီ၊ မန်စီးတီး၊ ချယ်လ်ဆီး၊ အင်တာမီလန်စတဲ့ အသင်းတွေက ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
UEFA အကြီးအကဲ ဆက်ဖာရင်ကတော့ ရီးရယ်လ်နဲ့ ဘာစီလိုနာအသင်း ဦးဆောင်နေတဲ့ ဒီပြိုင်ပွဲကျင်းပနိုင်အောင် ဆက်လက် လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ဥရောပစူပါလိဂ်ပြိုင်ပွဲကို အသင်းပေါင်း ၆၃ သင်းနဲ့ ကျင်းပသွားမှာဖြစ်ပြီး အတန်း ၃ တန်း(Star,Gold,Blue) ထား ကာ တန်းဆင်း၊ တန်းတက်စနစ်နဲ့ ကျင်းပသွားဖို့ ရည်ရွယ်ထားပါတယ်။
ဒီပြိုင်ပွဲမှာပါဝင်မယ့် အသင်းတွေဟာ တစ်ရာသီကို အိမ်ကွင်း ၇ ပွဲ၊ အဝေးကွင်း ၇ ပွဲကစားရမယ်လို့ သိရပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 442
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၁
ယူနိုက်တက်အသင်းကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ ဂျာမနီကလပ် ဖရန့်ဖတ်အသင်းထံ အငှားနဲ့ ပြောင်းရွှေ့ဖို့အတွက် ဆေးစစ်မှုတွေပြီးမြောက်သွားခဲ့ပြီလို့ ဂျာမန်မီဒီယာတွေက ဖော်ပြထားပါတယ်။
ဖရန့်ဖတ်အသင်းဟာ ဗန်ဒီဘိခ်နဲ့ ချုပ်ဆိုမယ့် အခုရာသီအကုန်ထိ အငှားစာချုပ်ကုန်ဆုံးသွားခဲ့ရင် ပေါင် ၁၃ သန်းနဲ့ ယူနိုက်တက်အသင်းကနေ အပြီးသတ်ခေါ်ယူခွင့်ရှိနေတာပါ။ Bild သတင်းထောက် ဖလော်ရီယန်က ဗန်ဒီဘိခ်နဲ့ ဖရန့်ဖတ်အသင်းတို့ရဲ့ ဆေးစစ်မှုဟာ ဘာပြဿနာမှမရှိဘဲ ပြီးမြောက်သွားခဲ့ပြီလို့ ပြောခဲ့ပါတယ်။ နယ်သာလန်ကွင်းလယ်လူရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဖရန့်ဖတ်နဲ့ ယူနိုက်တက်အသင်းတို့အကြား အသေးစိတ်အချက်အလက်တွေလုပ်ဆောင်ဖို့ လိုနေသေးပေမယ့် ဘာပြဿနာမှဖြစ်ပေါ်လာဖွယ်မရှိဘူးလို့ သိရတာပါ။
အဲဒါကြောင့် ဖရန့်ဖတ်အသင်းဟာ ဗန်ဒီဘိခ်ရဲ့ အပြောင်းအရွှေ့ကို မကြာခင်ကြေညာဖွယ်ရှိတယ်လို့ မျှော်လင့် ရပါတယ်။ ဗန်ဒီဘိခ်ဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် လူစားဝင်ကစားသမားအဖြစ် ၂ ပွဲသာ ပါဝင် ကစားခဲ့ရပြီး နည်းပြ အဲရစ်တန်ဟတ်လက်အောက်မှာ စိတ်ပျက်စရာအချိန်တွေကို ဖြတ်သန်းခဲ့ရတာပါ။ ၂၀၂၀ ခုနှစ်က အေဂျတ်စ်အသင်းကနေ ပေါင်သန်း ၄၀ နဲ့ ရောက်ရှိလာခဲ့တဲ့ ဗန်ဒီဘိခ်ဟာ ယူနိုက်တက်အသင်းမှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရသလို ဒဏ်ရာတွေကြောင့်လည်း အနားယူခဲ့ရတာဖြစ်ပါတယ်။
ဒတ်ချ်ကွင်းလယ်လူဟာ ယူနိုက်တက်အသင်းမှာ ရှိခဲ့တဲ့ ၃ နှစ်ကျော်အတွင်းမှာ ပွဲပေါင်း ၆၂ ပွဲသာ ပါဝင် ကစားခဲ့ရပြီး ၂ ဂိုးသွင်းယူနိုင်ခဲ့တာပါ။ ဗန်ဒီဘိခ်ဟာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလက အဲဗာတန်အသင်းထံ အငှားနဲ့ သွားရောက်ကစားခဲ့ပေမယ့် ၇ ပွဲသာပါဝင်ကစားခဲ့ရတာဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ်ရှိ ဗန်ဒီဘိခ်ဟာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့လာပြီးကတည်းက နယ်သာလန်လက်ရွေးစင်အသင်းမှာ ပါဝင်ကစားခွင့် မရတော့ပါဘူး။
အဲဒါကြောင့် ဗန်ဒီဘိခ်ဟာ ဖရန့်ဖတ်အသင်းမှာ အငှားသွားရောက်ကစားရင်း ခြေစွမ်းပြသနိုင်မယ်ဆိုရင် ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် နယ်သာလန်အသင်းလူစာရင်းမှာ ရွေးချယ်ခံရဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။
Source:DailyMail

- By CNI
- Category: အားကစား
- Hits: 458
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၁
ပြီးခဲ့တဲ့အပတ်က ပွဲဖျက်ခဲ့ရတဲ့ ဘုန်းမောက်နဲ့ လူတန်အသင်းပွဲစဉ်ကို ပွဲချိန်ပြည့်ပြန်လည်ကစားသွားမယ်လို့ ပရီးမီးယားလိဂ်က ကြေညာလိုက်ပါတယ်။
ဒီပွဲစဉ်ရဲ့ ပွဲချိန် ၅၉ မိနစ်မှာ လူတန်အသင်းခေါင်းဆောင် လော့ခ်ယာဟာ နှလုံးရပ်ပြီး ကွင်းထဲလဲကျခဲ့ပြီးနောက် ဒီပွဲစဉ်ကို ဆက်မကစားဖို့ နှစ်သင်းစလုံးက ဆုံးဖြတ်ခဲ့တာပါ။ အခုအချိန်မှာတော့ ဒီပွဲကို ပွဲချိန်ပြည့်ပြန်လည် ကစားဖို့ ပရီးမီးယားလိဂ်ဘုတ်အဖွဲ့က ဆုံးဖြတ်ခဲ့ပေမယ့် ဘယ်နေ့မှာ ပြန်ကျင်းပမလဲဆိုတာတော့ မသတ်မှတ် ရသေးတာ ဖြစ်ပါတယ်။ လော့ခ်ယာဟာ ကွင်းထဲလဲကျအပြီးမှာ ဆေးရုံကို ပို့ဆောင်ခံခဲ့ရပြီး စမ်းသပ်မှုတွေနဲ့ စကန်ဖတ်စစ်ဆေးမှုတွေပြုလုပ်ခဲ့ရတာပါ။
လော့ခ်ယာဟာ ပြီးခဲ့တဲ့ ချန်ပီယံရှစ်ပလေးအောဖ့်ဗိုလ်လုပွဲမှာ ကွင်းထဲလဲကျမှုဖြစ်ခဲ့ပြီးနောက် ခွဲစိတ်ကုသမှု ခံယူခဲ့ရကာ ဒါက ဒုတိယအကြိမ်မြောက် ကွင်းထဲလဲကျခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် လော့ခ်ယာရဲ့ ကစား သမားဘဝဟာ စိုးရိမ်စရာတွေရှိလာခဲ့ပြီး မြက်ခင်းစိမ်းထဲ ပြန်လည်ဝင်ရောက်နိုင်ဖို့အတွက် ဆေးစစ်မှု အဖြေ တွေကို စောင့်ဆိုင်းရဖို့ ရှိနေတာပါ။ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ နှလုံးရပ်ပြီး ကွင်းထဲလဲကျခဲ့ဖူးတဲ့ ယူနိုက်တက်အသင်း ကွင်းလယ်လူ အဲရစ်ဆန်က လော့ခ်ယာအနေနဲ့ ဆရာဝန်တွေရဲ့ ဆုံးဖြတ်ချက်ကို လေးစားဖို့ အကြံပြုထားပါတယ်။
အသက် ၂၉ နှစ်အရွယ်ရှိ လော့ခ်ယာဟာ လူတန်အသင်းအတွက် ၁၁၇ ပွဲ ပါဝင်ကစားထားပြီး ၇ ဂိုးသွင်းယူကာ ဝေးလ်စ်လက်ရွေးစင်အသင်းအတွက် ၁၆ ပွဲပါဝင်ကစားထားတာပါ။ ဒီရာသီမှ ပရီးမီးယားလိဂ်ပြိုင်ပွဲကို တန်း တက်နိုင်ခဲ့တဲ့ လူတန်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၆ ပွဲကစားအပြီးမှာ ရမှတ် ၉ မှတ်နဲ့ အဆင့် ၁၈ နေရာမှာ ရပ်တည်နေပါတယ်။ လူတန်အသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင် ရမှာဖြစ်ပါတယ်။
Source:DailyMail
- By CNI
- Category: အားကစား
- Hits: 480
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၁
အယ်လ်မီးရီးယားအသင်းကို အနိုင်ရပြီး လာလီဂါပြိုင်ပွဲမှာ ၃ ပွဲဆက် နိုင်ပွဲပျောက်ဆုံးတာကို ဘာစီလိုနာအသင်း အဆုံးသတ်နိုင်ခဲ့ပေမယ့် နည်းပြ ဇာဗီကတော့ အသင်းရဲ့ လက်ခံနိုင်ဖွယ်မရှိတဲ့ စွမ်းဆောင်ရည်ကို ဝေဖန်မှုပြုလုပ် ခဲ့ပါတယ်။
ဇာဗီက “ကျနော်တို့ဟာ ဒီပွဲမှာ ဂိုးပေါက်ကန်သွင်းမှု အကြိမ် ၃၀ အထိရှိခဲ့ပေမယ့် သူတို့ကို ၂ ဂိုး ပေးခဲ့ရပါတယ်။ ပထမပိုင်းက စွမ်းဆောင်ရည်တွေဟာ လက်ခံနိုင်စရာ မရှိပါဘူး။ နည်းပြတစ်ဦး အနေနဲ့ ဒါကို လက်မခံနိုင်ဘူး ဆိုတာ ပထမပိုင်းအပြီးမှာ ကစားသမားတွေကို ကျနော် ပြောခဲ့ပါတယ်။ ဒါက ရိုးရှင်းပါတယ်။ ဒုတိယပိုင်းမှာ ကျနော်တို့ ပိုကောင်းပေမယ့် အခွင့်အရေးတွေ အများကြီးလွဲခဲ့ပြီး အမှားတွေလည်း အများကြီး လုပ်ခဲ့ပါတယ်။ အသင်းအနေနဲ့ ဒီထက်ပိုပြီး ပြင်းထန်ဖို့ လိုအပ်ပါတယ်”လို့ ပြောခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ဒီပွဲမှာ အယ်လ်မီးရီးယားအသင်းကို ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ဂိုးတွေကို အသင်း ခေါင်းဆောင် ရောဘတ်တိုက ၂ ဂိုး၊ ရာဖင်ဟာက ၁ ဂိုးသွင်းယူခဲ့ပါတယ်။
အယ်လ်မီးရီးယား အသင်းအတွက် ချေပဂိုး ၂ ဂိုးကို ဘတ်တီစတာအိုနဲ့ ဂွန်ဇာလက်ဇ်တို့က သွင်းယူခဲ့တာ ဖြစ်ပါ တယ်။
ဘာစီလိုနာအသင်း နည်းပြ ဇာဗီကို တွေ့ရစဉ်
အယ်လ်မီးရီးယားအသင်းဟာ ဒီရာသီလာလီဂါပြိုင်ပွဲမှာ နိုင်ပွဲတစ်ပွဲမှ မရသေးဘဲ အဆင့် ၂၀ နေရာမှာ ရပ်တည်နေပေမယ့် ဘာစီလိုနာအသင်းဟာ နိုင်ပွဲရဖို့ ရုန်းကန်ခဲ့ရတဲ့ အပေါ် ဇာဗီက စိတ်ပျက်နေပါတယ်။
ဘာစီလိုနာအသင်းဟာ ဒီနိုင်ပွဲကြောင့် လာလီဂါအဆင့် ၃ နေရာမှာ ရပ်တည်နေပေမယ့် ထိပ်ဆုံးနေရာက ဂျီရိုနာအသင်းနဲ့ ၆ မှတ်၊ ဒုတိယနေရာက ရီးရယ်လ်အသင်းနဲ့ ၄ မှတ်ကွာဟနေတာ ဖြစ်ပါတယ်။
စပိန်လာလီဂါပြိုင်ပွဲရဲ့ ဆောင်းရာသီ အားလပ်ရက်ကြောင့် ဘာစီလိုနာအသင်းဟာ ဇန်နဝါရီ ၄ ရက်မှ လက်စ်ပါး မက်စ်အသင်းနဲ့ စပိန်လာလီဂါပွဲစဉ် ယှဉ်ပြိုင်ရမှာပါ။
ဒါပေမယ့် ဘာစီလိုနာအသင်းဟာ ဒီဇင်ဘာ ၂၂ ရက်မှာ ကလပ်အမေရိကအသင်းနဲ့ ခြေစမ်းပွဲယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရာသီက လာလီဂါဖလားနဲ့ စပိန်စူပါဖလားတို့ကို ရယူနိုင်ခဲ့တာကြောင့် ဒီရာသီမှာ လည်း ဒီဆုဖလားတွေကို ထပ်မံရယူနိုင်ဖို့အတွက် ယှဉ်ပြိုင်ဖို့ ဇာဗီက ကစားသမားတွေကို ပြောထားပါတယ်။
ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်အုပ်စု အဆင့်ကနေ ထွက်ခွာခဲ့ရပေမယ့် ဒီရာသီမှာတော့ ၁၆ သင်း အဆင့်တက်နိုင်ခဲ့ပြီး နာပိုလီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN

- By CNI
- Category: အားကစား
- Hits: 439
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၁
လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်က ဝက်စ်ဟမ်းအသင်းကို အနိုင်ရခဲ့တဲ့ ကာရာဘောင်းဖလား ကွာတားဖိုင်နယ် ပွဲစဉ်အပြီးမှာ အာဆင်နယ်အသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အန်ဖီးလ်ပုံစံ အစစ်အမှန်ကို လိုချင် တယ်လို့ ပြောလိုက်ပါတယ်။
ကလော့ပ်က “ဒီပွဲမှာ ကျနော့်ရဲ့ အနောက်မှာရှိတဲ့ ပရိသတ်တွေနဲ့ ပတ်သက်ပြီး မပျော်မရွှင် ဖြစ်မိပါတယ်။ ကျနော် တို့ အများကြီး ပြောင်းလဲခဲ့ပြီး ဝက်စ်ဟမ်းကို အသာစီးနဲ့ ကစားနိုင်ခဲ့သလို အခွင့်အရေးတွေ လွဲချော်ခဲ့ပါတယ်။ ယူနိုက်တက်ကို အနိုင်မရခဲ့လို့ ပရိသတ်တွေ စိတ်ပျက်နေလားဆိုတာ ကျနော်မသိပါဘူး။
အာဆင်နယ်နဲ့ ပွဲမှာ တော့ အန်ဖီးလ်ရဲ့ ပုံစံအစစ်အမှန်ကို ကျနော်တို့ လိုအပ်ပါတယ်။ အာဆင်နယ်က ပွဲမကစားခဲ့ရတဲ့အတွက် ပြင်ဆင် ထားမယ်ဆိုတာ သိပါတယ်။ အဲ့ဒါကြောင့် ပရိသတ်တွေ အနေနဲ့ ပွဲအစ ၁ စက္ကန့်ကနေ အားပေးမှုတွေပြုလုပ်ဖို့ လိုအပ်ပါတယ်”လို့ ပြောခဲ့ပါတယ်။
လီဗာပူးလ်နည်းပြ ကလော့ပ်ကိုတွေ့ရစဉ်
လီဗာပူးလ်အသင်းဟာ ကာရာဘောင်းဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် တက်နိုင်ခဲ့ပေမယ့် နည်းပြ ကလော့ပ်ကတော့ အသင်းပရိသတ်တွေရဲ့ အားပေးမှုအပေါ် ဝေဖန်မှုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဘောလုံးပွဲ ဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ဂယ်ရီနဗီးလ်က လီဗာပူးလ်နဲ့ ယူနိုက်တက်အသင်းတို့ ဂိုးမရှိ သရေကျခဲ့တဲ့ ပွဲအပြီးမှာ လီဗာပူးလ်အသင်း ပရိသတ်တွေရဲ့ အားပေးမှုဟာ သူမြင်တွေ့ဖူးသမျှထဲမှာ အငြိမ်သက် ဆုံး ဖြစ်နေတယ်လို့ ပြောခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ကာရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဝက်စ်ဟမ်းအသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ အနိုင်ရ ခဲ့တာဖြစ်ပြီး ဂိုးတွေကို ကာတစ်ဂျုံးစ်က ၂ ဂိုး၊ ဆိုဘော့ဇ်လိုင်း၊ ဂတ်ပိုနဲ့ ဆာလက်တို့က ၁ ဂိုးစီသွင်းယူခဲ့တာပါ။
ကာရာဘောင်းဖလား ဆီးမီးဖိုင်နယ် ပွဲစဉ်အတွက် မဲခွဲမှု ပြုလုပ်ခဲ့တာမှာတော့ လီဗာပူးလ်အသင်းက ဖူလ်ဟမ် အသင်း၊ မယ်ဒယ်ဘရော့အသင်းက ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို နှစ်ကျော့ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဇန်နဝါရီလထဲမှာ ကျင်းပသွားမှာပါ။
လီဗာပူးလ်အသင်းဟာ ဒီဇင်ဘာ ၂၄ ရက်မှာ ကစားမယ့် အာဆင်နယ်အသင်းနဲ့ ပွဲစဉ်မှာ နိုင်ပွဲရယူပြီး ပရီးမီးယား လိဂ် အမှတ်ပေးဇယားကို ပြန်လည်တက်လှမ်းနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
Source: BBC

- By CNI
- Category: အားကစား
- Hits: 428
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၀
တိုက်စစ်မှူးဟောင်း အဂွေရိုက ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ဆုဖလားအတွက် မန်စီးတီး အသင်းကို အကြီးမားဆုံး ခြိမ်းခြောက်မှု ပြုလုပ်နေတဲ့ အသင်းတွေထဲက တစ်သင်းလို့ ပြောလိုက်ပါတယ်။
အဂွေရိုက “ ရာသီရဲ့ ဒီအဆင့်မှာ ယူနိုက်တက်ကို ဘယ်တော့မှ လျှော့တွက်လို့ မရပါဘူး။ သူတို့ဟာ မန်စီးတီး အသင်းရဲ့ ပရီးမီးယားလိဂ် ဆုဖလားအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ပြုလုပ်နေတဲ့ အသင်းပါ။ ပိုစတီကိုဂလူး လက်ထက်မှာ အများကြီး တိုးတက်လာတဲ့ စပါးအသင်းကလည်း ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ့် အသင်းပါ။ နယူးကာဆယ်အသင်းဟာ ချန်ပီယံဆု အခွင့်အရေးအတွက် အမြဲတမ်း တိုက်ပွဲဝင်နေပါတယ်”လို့ Stake.com ကို ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ရလဒ်ပိုင်း တည်ငြိမ်မှုမရှိဘဲ ပရီးမီးယားလိဂ် အဆင့် ၇ နေရာမှာ ရပ်တည်နေ ပေမယ့် အဂွေရိုကတော့ ယူနိုက်တက်အသင်းကို ချန်ပီယံဆု စိန်ခေါ်နိုင်တဲ့ အသင်းထဲ ထည့်သွင်းခဲ့တာ ဖြစ်ပါ တယ်။
ယူနိုက်တက်အသင်းကိုတွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲတိုင်း အနိုင်ရခဲ့ပြီး နည်းပြ အဲရစ်တန်ဟတ်၊ နောက်ခံလူ မက်ဂွဲယားနဲ့ တိုက်စစ်ကစားသမား ဂါနာချိုတို့ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး နည်းပြဆု၊ အကောင်းဆုံး ကစားသမားဆုနဲ့ အကောင်းဆုံး သွင်းဂိုးဆုတို့ကို ရရှိခဲ့တာပါ။
ဒါပေမယ့် ဒီဇင်ဘာလမှာ ၁ ပွဲသာ အနိုင်ရထားပြီး ထိပ်ဆုံးနေရာက အာဆင်နယ်အသင်းနဲ့ ၁၁ မှတ်အထိ ကွာဟနေတာ ဖြစ်ပါတယ်။
လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အာဆင်နယ်အသင်းက အဆင့် ၁ ၊ လီဗာပူးလ်အသင်းက အဆင့် ၂ ၊ အက်စတွန်ဗီလာအသင်းက အဆင့် ၃ နဲ့ လက်ရှိချန်ပီယံ မန်စီးတီးအသင်းက အဆင့် ၄ နေရာမှာ ရပ်တည်နေတာ ပါ။
အဂွေရိုကတော့ အာဆင်နယ်အသင်း အကောင်းဆုံးပုံစံ ရရှိနေပေမယ့် သူတို့ရဲ့ မြောက်လန်ဒန် ဒါဘီပြိုင်ဘက် စပါးအသင်းကိုသာ ချန်ပီယံဆုစိန်ခေါ်နိုင်တဲ့ စာရင်းထဲ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။
အဂွေရိုရဲ့ အသင်းဟောင်း မန်စီးတီးအသင်းကတော့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၆ ပွဲမှာ ၁ ပွဲသာ အနိုင်ရတဲ့အထိ ရလဒ်တွေ ဆိုးနေတာပါ။
ဒါပေမယ့် သူတို့ဟာ ကျင်းပနေတဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ဗိုလ်လုပွဲအထိ တက်ရောက် နိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: Daily Mail

- By CNI
- Category: အားကစား
- Hits: 425
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၀
ဘရာဇီးလ်အသင်းတိုက်စစ်မှူး နေမာဟာ ၂၀၂၄ ခုနှစ် ကိုပါအမေရိက ဖလားပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့အတွက် ဒူးခွဲစိတ်မှုကနေ အချိန်မီ ပြန်ကောင်းမွန်လာမှာ မဟုတ်ဘူးလို့ နိုင်ငံအသင်းရဲ့ ဆရာဝန် လက်စ်မာက ပြောပါတယ်။
လက်စ်မာက “ဒီပြိုင်ပွဲက နေမာအတွက် စောလွန်းနေပါတယ်။ မြန်မြန်ပြန်ကောင်းမွန်လာဖို့နဲ့ မလိုလားအပ်တဲ့ စွန့်စားမှုတွေကို ရယူဖို့အတွက် အဆင့်တွေကို ကျော်သွားစရာ မရှိပါဘူး။ သြဂုတ်လမှာ စတင်မယ့် ၂၀၂၄ ရာသီ အစမှာ သူပြန်လာဖို့အတွက် အဆင်သင့် ဖြစ်နေမယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။
ကျနော်တို့ စိတ်ရှည်ဖို့ လိုအပ်ပါတယ်”လို့ ဘရာဇီးလ်ရေဒီယို 98 FM ကို ပြောပါတယ်။
နေမာဟာ အောက်တိုဘာလက ဥရုဂွေးအသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ရရှိခဲ့တဲ့ ဒူးအရွတ်ဒဏ်ရာကို ပြီးခဲ့တဲ့လက ခွဲစိတ်မှုခံယူခဲ့တာ ဖြစ်ပါတယ်။
နေမာကတော့ ၂၀၂၄ ခုနှစ် ကိုပါအမေရိက ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းအတွက် ပါဝင်ကစားပေးနိုင်ဖို့ ပစ်မှတ်ထားနေပေမယ့် နိုင်ငံအသင်းဆရာဝန်ရဲ့ ပြောဆိုမှုကြောင့် သူ့ရဲ့မျှော်လင့်ချက်တွေကို လက်လွှတ်ရဖွယ် ရှိနေပါတယ်။
နေမာကို တွေ့ရစဉ်
၂၀၂၄ ခုနှစ် ကိုပါအမေရိကဖလားပြိုင်ပွဲကို ဇွန် ၂၀ ရက်ကနေ ဇူလိုင် ၁၄ ရက်အထိ အမေရိကန်နိုင်ငံမှာ ကျင်းပ သွားမှာ ဖြစ်ပါတယ်။
ဘရာဇီးလ်အသင်းဟာ ဒီပြိုင်ပွဲရဲ့ အုပ်စု D မှာ ကိုလံဘီယာ၊ ပါရာဂွေး၊ ကွန်ကာကပ်ဖ်ခြေစစ်ပွဲက အနိုင်ရတဲ့ အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာပါ။
ဒီပြိုင်ပွဲမှာ နေမာ မပါဝင်နိုင်တာက ကစားသမား အတွက်ရော ဘရာဇီးလ်အသင်းအတွက်ပါ ကြီးမားတဲ့ ထိုးနှက်ချက်အဖြစ် ရှိခဲ့တာ ဖြစ်ပါတယ်။
နေမာဟာ သြဂုတ်လကမှ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာပြီး ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ၅ ပွဲသာ ပါဝင်ကစားထားရတာပါ။
နေမာဟာ ဒီ ၅ ပွဲမှာ အယ်လ်ဟီလယ်အသင်းအတွက် ၁ ဂိုးသွင်းပြီး ၃ ဂိုး ဖန်တီးနိုင်ခဲ့ကာ ဒဏ်ရာကြောင့် ရာသီ အကုန်ထိ အသင်းအတွက် ပါဝင်မကစားပေးနိုင်တော့တာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 639
CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၀
ချယ်လ်ဆီးအသင်းဟာ ကာရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ နယူးကာဆယ်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။
ဒီပွဲစဉ်ရဲ့ပွဲချိန် ၁၆ မိနစ်မှာ နယူးကာဆယ်အသင်းဟာ ဝီလ်ဆင်ရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲချိန် ၉၂ မိနစ် မှာ ထရစ်ပီယာရဲ့ အမှားကနေ မူဒရစ်က ချယ်လ်ဆီးအသင်းအတွက် ချေပဂိုးသွင်းယူနိုင်ခဲ့လို့ တစ်ဖက် ၁ ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။
အဲ့ဒါကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့တာမှာ ချယ်လ်ဆီးအသင်းက ၄ ဂိုးစလုံးဝင်ခဲ့ပြီး နယူးကာဆယ် အသင်းဘက်က ထရစ်ပီယာနဲ့ ရစ်ချီတို့ မဝင်ခဲ့တာကြောင့် ချယ်လ်ဆီးအသင်းအနိုင်ရပြီး ဆီမီးဖိုင်နယ် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက ပွဲအပြီးမှာ ကစားသမားတွေရဲ့ တိုက်ပွဲဝင် စိတ်ဓါတ်ကို ချီးကျူးမှု ပြုလုပ်သွားခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းကို တွေ့ရစဉ်
ပိုချက်တီနိုက “နယူးကာဆယ်လို ကောင်းမွန်တဲ့ အသင်းနဲ့ပွဲမှာ ကျနော်တို့ ပွဲကို အသာစီး ကစားနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ ဖိအားပေးမှုတွေ ဆက်တိုက်ပြုလုပ်နိုင်ခဲ့ပါတယ်။ ဘောလုံးမှာ အရေးကြီးဆုံးအရာက အဆုံးထိ ယုံကြည်မှုရှိဖို့ပါ။ ပင်နယ်တီကတော့ ထီထိုးသလိုဖြစ်ပေမယ့် ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုကို ချီးကျူး ရမှာပါ။ ပွဲမစခင်မှာ ကျနော်တို့ရဲ့ ရည်မှန်းချက်က ဒီအဆင့်ကို ဖြတ်ကျော်နိုင်ဖို့ဖြစ်ပြီး အခု ကျနော်တို့ ဆီမီးဖိုင်နယ်ကို ရောက်ရှိသွားပါပြီ”လို့ ပြောခဲ့ပါတယ်။
အခြား ကာရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာ အဲဗာတန်နဲ့ ဖူလ်ဟမ်အသင်းတို့ ပွဲချိန်အတွင်း ၁ ဂိုးစီ သရေကျခဲ့လို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့တာမှာ ဖူလ်ဟမ်အသင်းက အနိုင်ရပြီး ဆီမီးဖိုင်နယ် တက်နိုင်ခဲ့ တာပါ။
ပေါ့ဗေးလ်နဲ့ မယ်ဒယ်ဘရော့ အသင်းတို့ပွဲမှာတော့ မယ်ဒယ်ဘရော့အသင်းက ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝုလ်ဗ်စ်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC