- By CNI
- Category: ဆောင်းပါး
- Hits: 66
CNI Sport Article
၂၀၂၆ ခုနှစ်၊ မေလ ၂၂
စပိန်လူမျိုးနည်းပြ အူနှိုင်းအမ်မရီဟာ အက်စတွန်ဗီလာအသင်းကို ယူရိုပါလိဂ်ဖလား ရယူပေးပြီး နှစ်ပေါင်း ၃၀ ကြာ ဆုဖလားလက်မဲ့ ဖြစ်နေမှုကို အဆုံးသတ်ပေးကာ ၄၄ နှစ်အကြာမှ ပထမဆုံး ဥရောပဆုဖလား ပြန်လည် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
အူနှိုင်းအမ်မရီဟာ အက်စတွန်ဗီလာအသင်းကို ဆုဖလား အောင်မြင်မှု ပြန်ပြီး ရယူနိုင်အောင် ကြီးကြီးမားမား ပြောင်းလဲမှု ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။
အူနှိုင်းအမ်မရီဟာ အက်စတွန်ဗီလာအသင်းကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှာ စတင် ကိုင်တွယ်ခဲ့တာဖြစ်ပြီး ဒီအချိန် မှာ အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၆ နေရာ ရပ်တည်နေပြီး တန်းဆင်းဇုန်ထဲက အသင်းနဲ့ ၁ မှတ်သာ ကွာဟတာပါ။
အဲ့ဒါကြောင့် အက်စတွန်ဗီလာအသင်းဟာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားနိုင်မယ့် အခြေအနေမှာ ရှိခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် အူနှိုင်းအမ်မရီဟာ အက်စတွန်ဗီလာအသင်းကို ရလဒ်ကောင်းတွေ ဆက်တိုက် ရယူပေးနိုင်ခဲ့ပြီး ရာသီကုန်ဆုံးချိန်မှာ အဆင့် ၇ နေရာနဲ့ အဆုံးသတ်အောင် ကိုင်တွယ်ပေးနိုင်ခဲ့တာပါ။
အူနှိုင်းအမ်မရီဟာ အက်စတွန်ဗီလာအသင်းကို အချိန်တိုအတွင်းမှာ တန်းဆင်းဇုန်နဲ့ နီးကပ်တဲ့ နေရာကနေ ဥရောပဝင်ခွင့်ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တာကြောင့် ချီးကျူးမှု အများအပြား ရရှိခဲ့ပါတယ်။

အက်စတွန်ဗီလာအသင်း ယူရိုပါလိဂ်ဖလား ရရှိသွားစဉ်
၂၀၂၃-၂၄ ရာသီမှာတော့ အူနှိုင်းအမ်မရီဟာ အက်စတွန်ဗီလာအသင်းကို ရာသီ အပြည့်အဝ ကိုင်တွယ်ခွင့်ရတဲ့ အတွက် ပိုပြီးကောင်းတဲ့ ရလဒ်တွေ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။
အက်စတွန်ဗီလာအသင်းဟာ ဥရောပပြိုင်ပွဲဖြစ်တဲ့ ကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်ခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၄ နေရာ ရပ်တည်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။
ဒါဟာ အက်စတွန်ဗီလာအသင်းအတွက် ၁၉၈၂-၈၃ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရခဲ့တာပါ။
အူနှိုင်းအမ်မရီ လက်ထက်မှာ ဥရောပရဲ့ အမြင့်ဆုံးပြိုင်ပွဲကို ပြန်ပြီးယှဉ်ပြိုင်ခဲ့ရတဲ့ အက်စတွန်ဗီလာအသင်းဟာ ကွာတားဖိုင်နယ်အထိ တက်နိုင်ခဲ့ပြီး ချန်ပီယံဖြစ်ခဲ့တဲ့ PSG အသင်းကို အရေးနိမ့်ခဲ့တာပါ။
၂၀၂၄-၂၅ ရာသီမှာ အက်စတွန်ဗီလာအသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၆ နေရာ ရပ်တည်ခဲ့ပြီး FA ဖလား ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အထိ ရောက်ခဲ့ပါတယ်။
အက်စတွန်ဗီလာအသင်းဟာ နည်းပြ အူနှိုင်းအမ်မရီ လက်ထက် ဒီရာသီမှာတော့ ပိုမိုကောင်းမွန်လာခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆု ပြေးလမ်းကြောင်းထဲ ရောက်ခဲ့သလို ပြိုင်ပွဲစုံ ၁၁ ပွဲဆက်တိုက် နိုင်ပွဲရယူနိုင် ခဲ့တာပါ။
အူနှိုင်းအမ်မရီကလည်း အက်စတွန်ဗီလာအသင်း နည်းပြဘဝမှာ ပွဲပေါင်း ၁၀၀ နိုင်ပွဲရခဲ့တဲ့ စံချိန်မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပါတယ်။

အက်စတွန်ဗီလာအသင်းကို တွေ့ရစဉ်
အက်စတွန်ဗီလာအသင်းဟာ ပရီးမီးယားလိဂ် ရာသီမကုန်မီမှာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရယူနိုင်ခဲ့ သလို ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ဖရိုင်းဘတ်အသင်းကို အနိုင်ရပြီး နှစ်ပေါင်းများစွာကြာ ဆုဖလားနဲ့ဝေးကွာနေ တာကို အဆုံးသတ်နိုင်ခဲ့တာပါ။
နည်းပြအူနှိုင်းအမ်မရီဟာ အက်စတွန်ဗီလာအသင်းကို ဆုဖလား ရယူနိုင်တဲ့ အသင်းဖြစ်အောင် ပြောင်းလဲပေးခဲ့ သလို သူကိုယ်တိုင်လည်း ယူရိုပါလိဂ်ဘုရင်ဘွဲ့ကို ရယူနိုင်ခဲ့ပါတယ်။
အူနှိုင်းအမ်မရီဟာ သူ့ရဲ့နည်းပြဘဝမှာ ယူရိုပါလိဂ် ချန်ပီယံဆုကို ၅ ကြိမ်အထိ ရယူနိုင်ခဲ့ပြီး ဒါက ယူရိုပါလိဂ် ပြိုင်ပွဲမှာ ချန်ပီယံဆု ရယူနိုင်ခဲ့တဲ့ ဘယ်နည်းပြထက်မဆို သာလွန်ခဲ့တာပါ။
အူနှိုင်းအမ်မရီအနေနဲ့ လာမယ့်ရာသီမှာ အက်စတွန်ဗီလာအသင်းကို ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆု စိန်ခေါ်နိုင်အောင် ကိုင်တွယ်ပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 170
CNI International Article
၂၀၂၆ ခုနှစ်၊ မေလ ၁၆
မျက်မှောက်ခေတ် ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုများကို စစ်ရေး စွမ်းဆောင်ရည် သို့မဟုတ် စီးပွားရေး အင်အားဖြင့် သာမက အကြောင်းအရာ၊ သတင်းစကားများကို ပုံဖော်ဖန်တီးနိုင်စွမ်းဖြင့်ပါ ဖြေရှင်းလာကြပြီဖြစ်သည်။
ယနေ့ခေတ်တွင် နိုင်ငံများသည် သံတမန်ရေး၊ သတင်းအချက်အလက်နှင့် စိတ်ဓာတ်ရေးရာ ကဏ္ဍများအားလုံး၌ တစ်ပြိုင်နက်တည်း ပြိုင်ဆိုင်နေကြရသည်။
ပြည်သူလူထုနှင့် နိုင်ငံတကာ၏ အတွေးအမြင်၊ သဘောထားသည် တရားဝင်မှု (Legitimacy) အပေါ် အလွန် လွှမ်းမိုးလာနိုင်သည်။
ယခုကဲ့သို့ ပြောင်းလဲလာသော အခြေအနေတွင် သတင်းအချက်အလက် စစ်ဆင်ရေးသည် မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှုများနှင့် ထဲထဲဝင်ဝင် ပတ်သက်ဆက်နွှယ်လာခဲ့သည်။
မကြာသေးမီက ပါကစ္စတန်၊ အီရန်နိုင်ငံတို့နှင့် ပတ်သက်သည့် ဖြစ်စဉ်များအပြင် အရှေ့အလယ်ပိုင်းနှင့် တောင်အာရှ တစ်ခွင်တွင် ပေါ်ပေါက်လာနေသော သံတမန်ရေးရာ အခင်းအကျင်း အပြောင်းအလဲများကို နားလည် သဘောပေါက်ရန် အရေးကြီးသည်။
လူတစ်ဦးချင်းစီအလိုက် ကြည့်မည်ဆိုပါက ယခုဖြစ်ရပ်များသည် တစ်ခုနှင့်တစ်ခု ဆက်စပ်မှု မရှိသယောင် ထင်ရနိုင်သည်။
သို့သော် အားလုံးကို ခြုံငုံကြည့်လိုက်ပါက အနောက်နိုင်ငံများ ဦးဆောင်သည့် မူဘောင်များ၏ အပြင်ဘက်တွင် အခြားရွေးချယ်စရာ သံတမန်ရေးရာ အစီအမံများက အရေးပါလာသည့် အခါမျိုးတွင် သတင်းစကားများဖြင့် ဖိအားပေးမှုသည် ပိုမို ပြင်းထန်လာတတ်ကြောင်းကို ပြသနေသည်။
ဖြစ်စဉ်များကို အစီအစဉ်အတိုင်း သုံးသပ်ရမည်ဆိုပါက အလွန်မှတ်သားစရာ ကောင်းလှသည်။

အီရန်နဲ့အမေရိကန် ဆွေးနွေးပွဲ ပါကစ္စတန်မှာ ကျင်းပရန် ပြင်ဆင်နေစဉ်
ပါကစ္စတန်နိုင်ငံ၏ နူးရ်ခန်း လေတပ်အခြေစိုက်စခန်း (Nur Khan Airbase) တွင် အီရန်လေယာဉ်များ ရပ်နားထား သည်ဟူသော စွပ်စွဲချက်များကို CBS News သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။
ထိုစွပ်စွဲချက်များကို အချိန်နှင့်တစ်ပြေးညီ အတည်ပြုရန် ခက်ခဲနေချိန်တွင် ထိုသတင်းသည် အွန်လိုင်းပေါ်၌ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
ထိုအချိန်နှင့် မရှေးမနှောင်းမှာပင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) က ပါကစ္စတန်သည် Bot farms ကွန်ရက်ဖြင့် လူမှုမီဒီယာများပေါ်တွင် အစ္စရေးဆန့်ကျင်ရေး အကြောင်းအရာများကို မြှင့်တင်ပေးနေသည့် အကောင့်တုများစွာဖြင့် လှုပ်ရှားနေကြောင်း အင်တာဗျူးတစ်ခု၌ စွပ်စွဲပြောဆိုခဲ့သည်။
Bot farms ဆိုသည်မှာ လူမှုကွန်ရက်များနှင့် အင်တာနက်ပေါ်တွင် လူကိုယ်တိုင် အသုံးပြုနေသကဲ့သို့ ဟန်ဆောင် ကာ အလိုအလျောက် လုပ်ဆောင်သော ဆော့ဖ်ဝဲများ သို့မဟုတ် ဖုန်း/ကွန်ပျူတာ အများအပြားကို ချိတ်ဆက်၍ စုပေါင်းအသုံးပြုသည့် စနစ်တစ်ခု ဖြစ်သည်။
မကြာမီ အချိန်အတွင်းမှာပင် အမေရိကန် အထက်လွှတ်တော် ကြားနာပွဲတစ်ခု၌ အမေရိကန် အထက်လွှတ်တော် အမတ် လင်းဆေး ဂရေဟမ် (Lindsey Graham)က အမေရိကန်နှင့် အီရန်ကြား ကြားဝင်စေ့စပ်ပေးနေသည့် ပါကစ္စတန်၏ အခန်းကဏ္ဍအပေါ် လူသိရှင်ကြား မေးခွန်းထုတ်ခဲ့သည်။
အိမ်ဖြူတော် သတင်းထောက် တစ်ဦးကလည်း အမေရိကန် အနေဖြင့် ပါကစ္စတန်၏ သံတမန်ရေးရာ အသုံးဝင်မှု ကို ပြန်လည်သုံးသပ်နေခြင်း ရှိ၊မရှိ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အား မေးမြန်းခဲ့သည်။
တစ်ချိန်တည်းမှာပင် ရိုက်တာသတင်းဌာနက ဆော်ဒီအာရေဗျသည် အီရန်နိုင်ငံအတွင်း လူသိရှင်ကြား ကြေညာ မထားသည့် တိုက်ခိုက်မှု အချို့ကို လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲထားသည့် သတင်းများကို ထုတ်ပြန်ခဲ့သည်။
ထိုသတင်းသည် ဒေသတွင်း တင်းမာမှုများ မြင့်တက်နေချိန်တွင် ပထဝီနိုင်ငံရေးအရ ကြီးမားသော သက်ရောက် မှုများ ရှိလာနိုင်သည့် နောက်ထပ် ထုတ်ဖော်ချက် တစ်ခုလည်း ဖြစ်သည်။
ယခုဖြစ်စဉ်များအနက် မည်သည့် အချက်ကမှ စနစ်တကျ ပူးပေါင်း လုပ်ဆောင်ထားသည့် သတင်းမှား ဖြန့်ဝေမှု လမ်းကြောင်းတစ်ခု ရှိနေသည်ကို သီးခြားစီ ခွဲထုတ်ပြီး သက်သေမပြနိုင်ပေ။
လေးနက်သော ပထဝီနိုင်ငံရေးဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုများ ပြုလုပ်ရာတွင် ခိုင်လုံသော သက်သေ အထောက် အထား မရှိဘဲ စိတ်မှန်း ဖြစ်နိုင်ခြေအဖြစ် ကောက်ချက်ချခြင်းကို သတိပြု ရှောင်ကြဉ်ရန် လိုအပ်သည်။
သို့သော် ကမ္ဘာ့နိုင်ငံရေးတွင် သတင်းစကားများကို ဟန်ချက်ညီညီ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာစေခြင်းသည် တစ်ခါတစ်ရံတွင် တရားဝင် ပူးပေါင်းဆောင်ရွက်မှုများကဲ့သို့ပင် ပထဝီနိုင်ငံရေး ရလဒ်များကို ထိရောက်စွာ ပုံဖော် ပေးနိုင်သည်။

ပါကစ္စတန် သတင်းဌာန တစ်ခုကို တွေ့ရစဉ်
¤ အခြားရွေးချယ်စရာ သံတမန်ရေးရာ မဟာမိတ်များ ပေါ်ထွက်လာခြင်း
မကြာသေးမီ နှစ်များအတွင်း ပါကစ္စတန်၊ တူရကီနှင့် ဆော်ဒီအာရေဗျကဲ့သို့သော နိုင်ငံများသည် ဒေသတွင်း တည်ငြိမ်ရေး၊ မဟာဗျူဟာမြောက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် သံတမန်ရေးအရ တင်းမာမှုများ လျှော့ချရေးတို့ အတွက် စိတ်ပါဝင်စားမှုများ ရှိနေကြောင်း ပြသလာခဲ့ကြသည်။
မည်သို့ပင်ဆိုစေ တရားဝင် မဟာမိတ်ဖွဲ့ခြင်းမျိုး မဟုတ်သလို ၎င်းတို့၏ အကျိုးစီးပွားများကလည်း အမြဲတမ်း ထပ်တူကျနေခြင်း မရှိပေ။
သို့သော် ထိုနိုင်ငံများသည် ပိုမို ကျယ်ပြန့်သော ဒေသတွင်း ပဋိပက္ခများ မကြီးထွား လာစေရန်နှင့် ပြိုင်ဘက် အင်အားစုများအကြား ဆက်သွယ်ရေး လမ်းကြောင်းများ ဆက်လက် ရှိနေစေရန်အတွက် ကြားဝင်စေ့စပ် သူများအဖြစ် ဆောင်ရွက်လာကြသည်။
ယခုကဲ့သို့ ပြောင်းလဲတိုးတက်လာသော သံတမန်ရေးရာ ဆုံမှတ်သည် နိုင်ငံတကာစနစ်အတွင်း ပိုမိုကျယ်ပြန့်သော အသွင်ကူးပြောင်းမှုကို ထင်ဟပ်နေသည်။
ကမ္ဘာ့အာဏာ တည်ဆောက်ပုံမှာ ပိုမိုကွဲပြားလာသည်နှင့်အမျှ အလယ်အလတ် အဆင့်ရှိ အင်အားကြီးနိုင်ငံများ (Middle powers) သည် ပုံမှန် အစဉ်အလာဖြစ်သည့် ပထဝီနိုင်ငံရေး အုပ်စုများအပေါ် မှီခိုခြင်း မရှိတော့ဘဲ မိမိတို့ဘာသာ သီးခြားခွဲထွက်ပြီး စေ့စပ်ညှိနှိုင်းသည့် အခန်းကဏ္ဍကို ရယူလာကြသည်။
မကြာသေးမီက ဒေသတွင်း သံတမန်ရေးရာ လှုပ်ရှားမှုများသည် ထိုအပြောင်းအလဲကို ပုံဖော်ပြသနေသည်။
ဒေသတွင်း တင်းမာမှုများ မြင့်တက်နေသည့် ကာလများအတွင်း ဒေသတွင်း အလယ်အလတ်အဆင့်ရှိ အင်အား ကြီး နိုင်ငံများသည် အနောက်နိုင်ငံများ ဦးဆောင်သည့် သံတမန်ရေးရာ မူဘောင်ကို အားကိုးခြင်း မရှိဘဲ ရလဒ် များကို ကိုယ်တိုင်ပုံဖော်ရန် ကြိုးပမ်းလာခဲ့သည်။
အနောက်နိုင်ငံများ ဦးဆောင်သည့် သံတမန်ရေးရာ မူဘောင်အောက်မှ သီးခြား ခွဲထွက်လာသည့် အလယ်အလတ် အဆင့်ရှိ အင်အားကြီး နိုင်ငံများသည် ဆက်သွယ်ရေး လမ်းကြောင်းများကို ချောမွေ့အောင် ကူညီပေးခြင်းဖြင့် ဖြစ်စေ၊ ပြိုင်ဘက် အင်အားကြီး နိုင်ငံများအကြား ဆက်ဆံရေးကို ဟန်ချက်ညီအောင် ထိန်းညှိပေးခြင်းဖြင့်ဖြစ်စေ သို့မဟုတ် တံခါးပိတ် ဆွေးနွေးပွဲများမှတစ်ဆင့် တင်းမာမှု လျှော့ချရေးဆိုင်ရာ ထိတွေ့ဆက်ဆံမှုများကို အားပေး ခြင်းဖြင့်ဖြစ်စေ ကူညီပေးလာခဲ့ကြသည်။
ထိုကဲ့သို့ ပြောင်းလဲလာမှုသည် မဟာဗျူဟာမြောက် သက်ရောက်မှုများကို ဖြစ်ပေါ်စေသည်။

CBS သတင်းဌာနကို Paramount Skydance ကုမ္ပဏီ စီအီးအို ဒေးဗစ် အယ်လီဆင်ကို တွေ့ရစဉ်
ဤနေရာတွင် သတင်းစကားများဖြင့် စစ်ဆင်ရေးသည် ပိုမို၍ အရေးပါလာခဲ့သည်။
အသစ်ပြောင်းလဲလာသည့် သံတမန်ရေးရာ အပြောင်းအလဲများကို တိုက်ရိုက် ဆန့်ကျင်ရန် နိုင်ငံရေးအရ ခက်ခဲ လာသည့်အခါ၊ ကြားဝင်စေ့စပ်ပေးသည့် နိုင်ငံများ၏ ယုံကြည်စိတ်ချရမှုကို ဖျက်ဆီးခြင်းသည် ပိုမို ထိရောက်သော မဟာဗျူဟာတစ်ခု ဖြစ်လာနိုင်သည်။
အကယ်၍ ကြားဝင် ဖျန်ဖြေပေးနေသည့် နိုင်ငံများကို ယုံကြည်စိတ်ချ၍ မရသူများ၊ လှည့်ဖြားတတ်သူများ သို့မဟုတ် ပြိုင်ဘက်များ၏ အစီအစဉ်များနှင့် တိတ်တဆိတ် ပူးပေါင်းနေသူများအဖြစ် သတင်းစကားများဖြင့် ပုံဖော်နိုင်ခဲ့ပါက ကြားဝင်ဖျန်ဖြေပေးသည့် နိုင်ငံ၏ အခန်းကဏ္ဍကို ထိရောက်စွာ အားနည်းသွားစေနိုင်သည်။
ပါကစ္စတန်၏ ဖြစ်စဉ်သည် ထိုအချက်ကို ထင်ရှားစွာ ပုံဖော်ပြသနေသည်။
သမိုင်းကြောင်းအရ ကြည့်မည်ဆိုပါက ပါကစ္စတန်နိုင်ငံသည် ကျယ်ပြန့်သော ကမ္ဘာလုံးဆိုင်ရာ မီဒီယာလွှမ်းမိုးမှု နှင့် ဩဇာအာဏာရှိသည့် ဒေသတွင်း အင်အားကြီး နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နိုင်ငံတကာ သတင်းစကားများကို ထိရောက်စွာ ပုံဖော်ဖန်တီးနိုင်ရန် ရုန်းကန်ရလေ့ရှိသည်။
ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေး ပြောဆိုမှုများကို လွှမ်းမိုးနိုင်သည့် ခေတ်မီ ဆန်းပြားသော Bot farm စွမ်းရည်များ ပါကစ္စတန်တွင် ရုတ်တရက် ရှိနေပြီဆိုသည့် စွပ်စွဲချက်များသည် ပါကစ္စတန်၏ အရှိတရားနှင့်တော့ ကိုက်ညီမှု မရှိပေ။
ပါကစ္စတန်သည် အစိုးရ၏ ထုတ်ပြန်ချက်များကိုပင် နိုင်ငံတကာထံ စဉ်ဆက်မပြတ် ရောက်ရှိအောင် လုပ်ဆောင် ရန် အမြဲတမ်း အခက်အခဲရှိနေဖြင့် Bot farm စွမ်းဆောင်ရည် ရှိသည်ဆိုသည့်အချက်မှာ လက်တွေ့နှင့် ကိုက်ညီမှု မရှိပေ။
ပို၍ အရေးကြီးသည်မှာ အစ္စရေး၏ စစ်ရေး လှုပ်ရှားမှုများနှင့်ပတ်သက်ပြီး အွန်လိုင်းပေါ်မှ ဝေဖန်မှု အများစုသည် ပါကစ္စတန်မှ ထွက်ပေါ်လာခြင်းဖြစ်သည်။
ထိုဝေဖန်မှုများသည် ပါကစ္စတန်အစိုးရက နောက်ကွယ်မှ ညွှန်ကြားသည့် လှုပ်ရှားမှုများကြောင့် မဟုတ်ဘဲ ပါကစ္စတန် ပြည်သူများ၏ စစ်မှန်သည့် ရင်တွင်း ခံစားချက်များအတိုင်း ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
ပါကစ္စတန် အပါအဝင် အစ္စလာမ်နိုင်ငံများတွင် နေထိုင်သည့် ပြည်သူများသည် ဂါဇာအရေးတွင် အစ္စရေးကို ပြင်းထန်စွာ ဝေဖန်နေခြင်းဖြစ်သည်။
ထို့ကြောင့် အစ္စရေးကို ဝေဖန်ရန်အတွက် ပါကစ္စတန် အပါအဝင် ကျန်အစိုးရများ အနေဖြင့် အခြေခံလူထုကြား တွင် သတင်းစကားများကို လုပ်ကြံဖန်တီးနေစရာပင် မလိုအပ်ပေ။

ဝင်ရိုးစုံ သံတမန်ရေးရာ နိုင်ငံ့ခေါင်းဆောင်တွေကို တွေ့ရစဉ်
¤ မီဒီယာ ဂေဟစနစ်များနှင့် မဟာဗျူဟာမြောက် ဘောင်သွင်းပုံဖော်မှုများ
မီဒီယာနှင့် ပတ်သက်၍ ပိုမိုကျယ်ပြန့်သော ကဏ္ဍကိုလည်း သေချာစွာ ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။
မီဒီယာကို ပိုင်ရှင်များက ကြိုးကိုင်ခြယ်လှယ် နေသည်ဆိုသည့် စွပ်စွဲချက်ဖြင့်သာ တစ်ဖက်တည်း မကြည့်သင့်ပေ။
အဘယ်ကြောင့်ဆိုသော် ယနေ့ခေတ် ကမ္ဘာ့အဓိက မီဒီယာအဖွဲ့အစည်း ကြီးများသည် သီးခြား လွတ်လပ်စွာ ရပ်တည်နေခြင်း မဟုတ်ဘဲ ဘီလျံနာများနှင့် ကော်ပိုရေးရှင်းကြီးများက ပိုင်ဆိုင်ထားသဖြင့် ထိုမီဒီယာများမှ ထွက်လာသည့် အကြောင်းအရာများသည် ပိုင်ရှင်များ၏ အကျိုးစီးပွားများနှင့် ကင်းကွာမှုမရှိသည့် အချက်ကို နားလည်ထားသင့်သည်။
ကော်ပိုရိတ် ပိုင်ဆိုင်မှု၊ နိုင်ငံရေး ကွန်ရက်များနှင့် ပထဝီနိုင်ငံရေး သတင်း စကားများအကြား ဆက်စပ်မှုကို ပိုမို ကျယ်ပြန့်စွာ ငြင်းခုံဆွေးနွေး လာသည်နှင့်အမျှ မီဒီယာများ၏ အကြောင်းအရာကို ဘောင်သွင်းပုံဖော်မှု(Media framing) နှင့် ပတ်သက်သည့် မေးခွန်းများလည်း ထွက်ပေါ်လာခဲ့သည်။
ဥပမာအားဖြင့် CBS သတင်းဌာနကို Paramount Skydance ကုမ္ပဏီ စီအီးအို ဒေးဗစ် အယ်လီဆင် (David Ellison) က ပိုင်ဆိုင်ပြီး Oracle Corporation ၏ စီအီးအိုလာရီ အယ်လီဆင် (Larry Ellison) ကလည်း ရှယ်ယာများ ထည့်ဝင်ထားသည်။
၎င်းတို့နှစ်ဦး စလုံးသည် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် ရင်းနှီးသည့် ဆက်ဆံရေး ရှိသူများဖြစ်သည်။
ထိုဆက်ဆံရေးများကြောင့် သတင်းထုတ်လွှင့်မှုများ၊ တင်ဆက်မှုများတွင် ပူးပေါင်းကြံစည်မှုများ ရှိနေသည်ဟု ကျိန်းသေ သတ်မှတ်ထား၍မရပေ။
သို့သော် ပိုင်ဆိုင်မှုပုံစံ တည်ဆောက်ပုံ၊ အယူဝါဒ ပိုင်းဆိုင်ရာ နီးစပ်မှုများနှင့် ထိပ်တန်း နိုင်ငံရေး ကွန်ရက်များ သည် နိုင်ငံတကာ မီဒီယာကြီးများအတွင်း သတင်းတည်းဖြတ်မှု ဦးစားပေးချက်များ၊ အကြောင်းအရာကို ဘောင်သွင်းပုံဖော်မှု အလားအလာများနှင့် မဟာဗျူဟာမြောက် အလေးပေး ဖော်ပြမှုများကို ပုံဖော်ပေးနိုင်သည်။
ဒေသအသီးသီးရှိ မီဒီယာ အဖွဲ့အစည်းများသည် ၎င်းတို့လည်ပတ်ရာ နိုင်ငံရေးနှင့် ကော်ပိုရိတ် ရပ်ဝန်းများကို ထင်ဟပ်လေ့ရှိကြသည်။
ထို့ကြောင့် သီးခြား သတင်းထုတ်ပြန်ချက်များသည် လုပ်ကြံဖန်တီးထားခြင်း ဟုတ်၊ မဟုတ် ဆိုသည့်အချက်သည် အရေးကြီးသည့် အချက်မဟုတ်သေးပေ။
ထိုထက် ပိုအရေးကြီးသည့် အချက်မှာ ထိခိုက်လွယ်သော ပထဝီနိုင်ငံရေး အခိုက်အတန့်များအတွင်း ဒေသတွင်း ကြားဝင်စေ့စပ်ပေးသည့် နိုင်ငံများ၏ ပုံရိပ်ကို ထိခိုက်စေရန် သတင်းစကားများဖြင့် လုပ်ဆောင်နိုင်သည်ဆိုသည့် အချက်ဖြစ်သည်။

ပါကစ္စတန် သတင်းရုပ်သံလိုင်းတွေကို တွေ့ရစဉ်
¤ ဝင်ရိုးစုံ သံတမန်ရေးရာနှင့် တရားဝင်မှုအတွက် ရုန်းကန်ရမှု
ထိုကဲ့သို့ သတင်းစကားများဖြင့် ပြင်းထန်စွာ တိုက်ခိုက်နေကြခြင်းသည် ပြောင်းလဲလာနေသော ပထဝီနိုင်ငံရေး အခင်းအကျင်းကို ထင်ဟပ်ပြသနေခြင်းလည်း ဖြစ်နိုင်သည်။
အကယ်၍ ပါကစ္စတန်၊ တူရကီနှင့် ဆော်ဒီအာရေဗျ ကဲ့သို့သော နိုင်ငံများသည် အနောက်နိုင်ငံများ၏ သံတမန် ရေးရာ မူဘောင်ကို မှီခိုခြင်းမရှိဘဲ ဆွေးနွေးညှိနှိုင်းမှုများကို လွတ်လပ်စွာ ပိုမို ကူညီဆောင်ရွက် ပေးနိုင်လာလျှင်၊ နိုင်ငံတကာစနစ်အတွင်း အနောက်နိုင်ငံများ၏ သံတမန်ရေးရာ ကြီးစိုးမှုအတွက် စိန်ခေါ်မှု ဖြစ်လာမည်ဖြစ်သည်။
ဝင်ရိုးစုံ သံတမန်ရေးရာ (Multipolar diplomacy) သည် ကြားဝင်စေ့စပ်ပေးမှုများနှင့် ဒေသတွင်း ဩဇာလွှမ်းမိုး မှုများကို တစ်ဦးတည်းက အပိုင်စီးထားသည့် အခြေအနေကို တဖြည်းဖြည်း လျော့ပါးသွားစေသည်။
သတင်းအမှား အန္တရာယ်များအပြင် သံတမန်ရေးရာ ကဏ္ဍများ ထိရောက်စွာ လည်ပတ်နိုင်ရန်အတွက် မရှိမဖြစ် လိုအပ်သော ယုံကြည်မှု တဖြည်းဖြည်းချင်း ပျက်စီးယိုယွင်းလာသည့် အခြေအနေမျိုး ဖြစ်နေသည်။
ကြားဝင်စေ့စပ်ပေးသည့် နိုင်ငံများကို နောက်ကွယ်မှ တိတ်တဆိတ် ကြိုးကိုင်သူများ၊ ယုံကြည်စိတ်ချ၍ မရသော မိတ်ဖက်များ သို့မဟုတ် လျှို့ဝှက် အစီအစဉ်များ၏ လက်ကိုင်တုတ်များအဖြစ် ထပ်တလဲလဲ ပုံဖော်ခံရသည့်အခါ သံတမန်ရေးရာ နယ်ပယ်သည် ကျဉ်းမြောင်းသွားပြီး၊ ဆွေးနွေးညှိနှိုင်းမှုများတွင် ယုံကြည်မှုအစား သံသယများ အစားထိုး ဝင်ရောက်လာကာ သဘောထားကွဲလွဲမှုများ ပိုမိုနက်ရှိုင်းလာစေမည်ဖြစ်သည်။
ထို့ကြောင့် ပိုမိုကျယ်ပြန့်သော သတင်းစကား စစ်ဆင်ရေး ပြိုင်ဆိုင်မှုသည် အနာဂတ် ကမ္ဘာ့နိုင်ငံရေး၏ တည်ဆောက်ပုံအပေါ် ပိုမိုကြီးမားသော အားပြိုင်မှုတစ်ခု ဖြစ်နေခြင်းကို ထင်ဟပ်နေသည်။
ဝင်ရိုးစုံစနစ် ပိုမို အားကောင်းလာနေသော ကမ္ဘာကြီးတွင် သံတမန်ရေးရာ သတင်းစကားများကို ပုံဖော်ဖန်တီး နိုင်ရန် ရုန်းကန်ရခြင်းသည် လက်တွေ့ သံတမန်ရေးရာ ဆောင်ရွက်မှုများကဲ့သို့ပင် အကျိုးသက်ရောက်မှု ကြီးမားလာသည်ကို သတိပြုရမည်ဖြစ်သည်။
- By CNI
- Category: ဆောင်းပါး
- Hits: 177
CNI Sport Article
၂၀၂၆ ခုနှစ်၊ မေလ ၁၅
ရီးရယ်လ်မက်ဒရစ်အသင်းဟာ ဒီရာသီအကုန်မှာ နည်းပြဟောင်း မော်ရင်ဟိုကို နည်းပြသစ်အဖြစ် ပြန်လည် ခန့်အပ်မယ်လို့ အားကစားသတင်းတွေ အများအပြားမှာ ဖော်ပြထားပါတယ်။
ရီးရယ်လ်အသင်းဟာ ဒီရာသီကို ဆုဖလားလက်မဲ့နဲ့ အဆုံးသတ်ခဲ့ရပြီး အသင်းရဲ့ အဝတ်လဲခန်းထဲမှာ အဆင်မပြေမှုတွေ အများအပြားရှိနေတာ ဖြစ်ပါတယ်။
ရီးရယ်လ်အသင်းဟာ အီတလီလူမျိုးနည်းပြ အန်ဆယ်လော့တီ ထွက်ခွာပြီးနောက် နွေရာသီမှာ ကစားသမား ဟောင်း အလွန်ဆိုကို နည်းပြသစ်အဖြစ် တာဝန်ပေးခဲ့တာပါ။
အလွန်ဆိုရဲ့ လက်ထက်မှာ ရီးရယ်လ်အသင်းဟာ ရလဒ်ပိုင်း မတည်မငြိမ်မှုတွေ ရှိခဲ့သလို ဗီနီစီးယက်စ်၊ ဘယ်လင်ဂမ် အပါအဝင် ကစားသမားတချို့ဟာ သူနဲ့ဆက်ဆံရေး အဆင်မပြေမှုတွေရှိခဲ့တာ ဖြစ်ပါတယ်။
ဗီနီစီးယက်စ်ဆိုရင် သူ့ကို လူစားလဲတဲ့ အချိန်မှာ နည်းပြအလွန်ဆိုကို လက်ဆွဲ နှုတ်ဆက်မှု ပြုလုပ်ခြင်းမရှိဘဲ ထွက်ခွာခဲ့တာတွေ ဖြစ်ခဲ့တာပါ။

အလွန်ဆိုနဲ့ ဘတ်ပီကို တွေ့ရစဉ်
ရီးရယ်လ်အသင်းဟာ စပိန်စူပါဖလား ဗိုလ်လုပွဲမှာ ဘာစီလိုနာအသင်းကို အရေးနိမ့်ပြီးနောက် နည်းပြအလွန်ဆိုနဲ့ လမ်းခွဲဖို့ ဖြစ်ခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ အလွန်ဆိုရဲ့ နေရာမှာ နောက်ထပ် ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ အာဘီလိုအာကို ရာသီကုန်အထိ နည်းပြအဖြစ် တာဝန်ပေးခဲ့တာပါ။
အလွန်ဆိုရဲ့ လက်ထက်မှာ ရုန်းကန်ရမှုတွေရှိခဲ့တဲ့ ဗီနီစီးယက်စ်ဟာ အာဘီလိုအာ လက်ထက်မှာ အကောင်းဆုံး ပုံစံတွေ ပြသနိုင်ခဲ့ပေမယ့် အလွန်ဆို ကိုင်တွယ်ချိန်မှာ ခြေစွမ်းပြသခဲ့တဲ့ ဘာပေကတော့ ခြေစွမ်းကျဆင်းသွားပြီး ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပါတယ်။
အာဘီလိုအာရဲ့ လက်ထက်မှာလည်း ရီးရယ်လ်အသင်းဟာ ရလဒ်ကောင်းတွေရဖို့ ခက်ခဲခဲ့ပြီး လာလီဂါနဲ့ ချန်ပီယံလိဂ် ဆုဖလားတွေကို လက်လွှတ်ခဲ့ရတာပါ။
အာဘီလိုအာ ကိုင်တွယ်ချိန်မှာ ရီးရယ်လ်အသင်းရဲ့ အဝတ်လဲခန်း အခြေအနေဟာ ပိုဆိုးရွားခဲ့ပြီး သူနဲ့ အသင်း ခေါင်းဆောင် ကာဗာဟယ်လ်၊ ဆီဘယ်လော့စ်တို့ အကြားမှာ တင်းမာမှုတွေရှိခဲ့ပြီး နောက်ခံလူ ရူဒီဂါနဲ့ ကာရီရက်စ်တို့အကြား ရန်ပွဲ၊ ဗယ်လ်ဗာဒီနဲ့ ချူအာမန်နီတို့အကြားမှာ ကြီးမားတဲ့ ရန်ပွဲတွေ ဖြစ်ခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ ဒီလို အဝတ်လဲခန်း အခြေအနေတွေကို ဖြေရှင်းနိုင်ဖို့ဆိုရင် သြဇာကြီးမားတဲ့ နည်းပြတွေကို ခန့်အပ်ဖို့ လိုပြီဆိုတာကို သိရှိခဲ့ပါတယ်။
အန်ဆယ်လော့တီ လက်ထက်တုန်းက ရီးရယ်လ်အသင်းဟာ ဒီလို အခြေအနေတွေ မဖြစ်ခဲ့တဲ့အတွက် အသင်းဟာ သြဇာကြီးမားတဲ့ မော်ရင်ဟိုနဲ့ ကလော့ပ်တို့ထဲက တစ်ဦးကို ခန့်အပ်နိုင်ဖို့ ပစ်မှတ်ထားလာခဲ့တာပါ။ ဘင်ဖီကာအသင်းကို ကိုင်တွယ်နေတဲ့ မော်ရင်ဟိုဟာ ရီးရယ်လ်အသင်းကို ကိုင်တွယ်ခဲ့ဖူးပြီး အသင်းရဲ့ အကြောင်း ကိုလည်း သိတာကြောင့် သူ့ကိုခန်အပ်ဖို့ အသင်းဘက်က ဆုံးဖြတ်လာဖို့ ရှိနေပါတယ်။

ရီးရယ်လ်အသင်းကို တွေ့ရစဉ်
မော်ရင်ဟိုဟာ ရီးရယ်လ်အသင်းကို ၂၀၁၀ ကနေ ၂၀၁၃ ခုနှစ်အထိ ကိုင်တွယ်ခဲ့တဲ့ ပထမအကြိမ်မှာ လာလီဂါ၊ ကိုပါဒယ်ရေးနဲ့ စပိန်စူပါဖလားတို့ကိုသာ ရယူပေးနိုင်ခဲ့တာပါ။
မော်ရင်ဟိုဟာ ဥရောပထိပ်သီး ကလပ် အများအပြားကို ကိုင်တွယ်ခဲ့ပေမယ့် နောက်ဆုံး ၁၁ နှစ်အတွင်း အမှတ်ပေးလိဂ်ကို ရယူနိုင်ခဲ့ခြင်း မရှိသလို နောက်ဆုံး ကိုင်တွယ်ခဲ့တဲ့ အသင်းတွေမှာ ထုတ်ပယ်ခံရတာက များနေပါတယ်။
အဲ့ဒါကြောင့် ရီးရယ်လ်အသင်းကို မော်ရင်ဟို ပြန်ပြီးကိုင်တွယ်မယ့်အပေါ် ထောက်ခံမှုတွေလည်း ရှိသလို ကန့်ကွက်မှုတွေလည်း ရှိနေကြပါတယ်။
မော်ရင်ဟိုဟာ ထိပ်တန်း ကစားသမား အများအပြားနဲ့ လက်တွဲ အလုပ်လုပ်ဖူးခဲ့တာကြောင့် ရီးရယ်လ်အသင်းက စူပါစတားတွေနဲ့ လက်တွဲ အလုပ်လုပ်ရမှာက သူ့အတွက်တော့ ခက်ခဲမှာမဟုတ်ပါဘူး။
မော်ရင်ဟိုဟာ စည်းလုံးမှုပြိုကွဲနေတဲ့ ရီးရယ်လ်အသင်းကို စည်းလုံးမှုရှိအောင် လုပ်ပေးရမှာ ဖြစ်သလို ဆုဖလား လက်မဲ့ ဖြစ်နေတာတွေကိုလည်း အဆုံးသတ်ပေးရမှာပါ။
အဲ့ဒါကြောင့် မော်ရင်ဟို အနေနဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခံရမယ်ဆိုရင် ရီးရယ်လ်အသင်းရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 224
CNI Sport Article
၂၀၂၆ ခုနှစ်၊ မေလ ၈
၂၀၂၅-၂၆ ရာသီဟာ အာဆင်နယ်အသင်းရဲ့ အကောင်းဆုံးရာသီ တစ်ခုဖြစ်ပြီး အသင်းရဲ့သမိုင်းမှာ အကြီးမားဆုံး အောင်မြင်မှု ရယူနိုင်ဖို့ အခွင့်အရေးဟာ လက်တစ်ကမ်းအကွာကို ရောက်ရှိနေပါတယ်။
အာဆင်နယ်အသင်းဟာ ၂၂ နှစ်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို ပြန်လည် ရယူနိုင်ဖို့နဲ့ နှစ်ပေါင်း ၂၀ အကြာမှ ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်နိုင်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီတွေမှာ ဆုဖလား ရယူနိုင်ဖို့ အနီးစပ်ဆုံး အခြေအနေကနေ လက်လွှတ်ခဲ့ ရတာကြောင့် ဒီရာသီမှာ အသင်းကို ကြီးကြီးမားမား ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တာပါ။
အာဆင်နယ်အသင်းဟာ နည်းပြအာတီတာရဲ့ ဦးဆောင်မှုအောက်မှာ ရာသီ တစ်လျှောက်လုံး တည်ငြိမ်တဲ့ အနေအထားရှိခဲ့ပြီး ဆုဖလား ၄ ခုစလုံး ရယူနိုင်ဖို့ ပစ်မှတ်ထားခဲ့ပါတယ်။
တကယ်လည်း အာဆင်နယ်အသင်းရဲ့ ခြေစွမ်းဟာ နေရာစုံမှာ အားကောင်းမှုကြောင့် ဆုဖလားတွေ အားလုံး ရယူနိုင်တဲ့ အခြေအနေမှာ ရှိခဲတာပါ။

အာဆင်နယ်အသင်း ယှဉ်ပြိုင်နေစဉ်
ဒါပေမယ့် ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ မန်စီးတီးအသင်းကို အရေးနိမ့်မှု၊ FA ဖလားကွာတားဖိုင်နယ်မှာ ဆောက်သမ်တန်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် အာဆင်နယ်အသင်းဟာ ဆုဖလား ၂ ခုကို လက်လွှတ်ခဲ့ရပြီး ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားကိုသာ အာရုံစိုက်ခဲ့ရပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ ဘုန်းမောက်နဲ့ မန်စီးတီးအသင်းတို့ကို ၂ ပွဲဆက် အရေးနိမ့်ခဲ့ပြီးနောက် အဆင့် ၁ နေရာကနေ ဆင်းပေးခဲ့ရပြီး အမှတ်ပေးဖလားကိုပါ ထပ်မံ ဆုံးရှုံးရမလားဆိုပြီး စိုးရိမ်စရာတွေရှိခဲ့တာပါ။
ဒါပေမယ့် အာဆင်နယ်အသင်းဟာ တည်တည်ငြိမ်ငြိမ်နဲ့ နောက်ဆုံး ၂ ပွဲကို ပေးဂိုး မပေးရဘဲ နိုင်ပွဲရယူပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ပြန်တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီလိုပဲ အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ အက်သလက်တီကိုအသင်းကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲ တက်နိုင်ခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၄ ပွဲ ကစားထားပြီး ၁၁ ပွဲအထိ အနိုင်ရကာ ၃ ပွဲသရေနဲ့ ရှုံးပွဲမရှိခဲ့တာ ဖြစ်ပါတယ်။
လန်ဒန်ကလပ်ဟာ ဒီပွဲတွေမှာ ၉ ပွဲအထိ ပေးဂိုးမပေးရဘဲ စွမ်းဆောင်ရည် အလွန်ကောင်းမွန်ခဲ့တာပါ။
အခုအချိန်မှာ အာဆင်နယ်အသင်းနဲ့ ပရိသတ်တွေကတော့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့ အိပ်မက် မက်နေကြပြီ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ ဒီအောင်မြင်မှုကို ရယူချင်တယ်ဆိုရင် လက်ကျန် ၄ ပွဲကို အမှားအယွင်းမရှိ ကျော်ဖြတ် ပြရတော့မှာပါ။ ၂၂ နှစ်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို ပြန်ရယူနိုင်ဖို့အတွက် လက်ကျန် ၃ ပွဲစလုံးကို အနိုင်ယူရမှာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်း နည်းပြ အာတီတာနဲ့ ဖလား ၂ လုံးကို တွေ့ရစဉ်
ဒီလိုပဲ အသင်းသမိုင်းတစ်လျှောက် ပထမဆုံး ချန်ပီယံလိဂ်ဖလားအတွက် လက်ရှိချန်ပီယံ PSG အသင်းကို အနိုင် ယူရတော့မှာပါ။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် လက်ကျန် ၃ ပွဲအဖြစ် ဝက်စ်ဟမ်း၊ ဘန်လေ၊ ခရစ္စတယ်ပဲလေ့စ် အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ တန်းဆင်းဇုန်ထဲကနေ လွတ်မြောက်အောင် ရုန်းကန်နေလို့ ဒီပွဲဟာ အာဆင်နယ်အသင်း အတွက် အကြီးမားဆုံး စမ်းသပ်မှုဖြစ်တာပါ။
ပရီးမီးယားလိဂ်ကနေ တန်းဆင်းပြီးဖြစ်တဲ့ ဘန်လေအသင်းနဲ့ပွဲ၊ နောက်ဆုံးပွဲအဖြစ် ကစားရမယ့် ခရစ္စတယ်ပဲ လေ့စ် အသင်းနဲ့ပွဲကိုလည်း အာဆင်နယ်အသင်းဟာ ဗိုလ်လုပွဲလို ကစားရမှာ ဖြစ်ပါတယ်။
ဒါမှ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်မှာပါ။ ဒီပွဲပြီးရင်တော့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို အာရုံစိုက်ပြီး ပြင်ဆင်ရမှာဖြစ်ပါတယ်။
အဲ့ဒါကြောင့် အာဆင်နယ်အသင်းဟာ ဒီ ၄ ပွဲကို အကောင်းဆုံး ကျော်ဖြတ်ပြီး အသင်းသမိုင်းမှာ အကြီးမားဆုံး ဆုဖလား ၂ ခုကို တစ်ရာသီအတွင်း ရယူသွားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
- By CNI
- Category: ဆောင်းပါး
- Hits: 385
CNI Sport Article
၂၀၂၆ ခုနှစ်၊ မေလ ၂
ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမှာ ပြုလုပ်ခဲ့တဲ့ ဖီဖာကွန်ဂရက်မှာ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုဟာ အစ္စရေးနဲ့ပါလက်စတိုင်း ဘောလုံး အကြီးအကဲတွေကို စင်မြင့်ထက်မှာ လက်ဆွဲ နှုတ်ဆက်စေဖို့ ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်ခြင်း မရှိခဲ့ပါ ဘူး။
လက်ရှိ ဖြစ်နေတဲ့ ပဋိပက္ခတွေကြားမှာ အင်ဖန်တီနိုဟာ အစ္စရေးနဲ့ပါလက်စတိုင်း ဘောလုံးအဖွဲ့ချုပ် အကြီးအကဲ တို့ကို စင်မြင့်ပေါ် ဖိတ်ခေါ်ပြီး မိနစ်အနည်းငယ်ကြာ စကားပြောစေခဲ့ပါတယ်။
အစ္စရေးဘောလုံးအဖွဲ့ချုပ်ဒုဥက္ကဋ္ဌ ဘာဆင်မ်ဆူလီမန် စကားပြောအပြီးမှာ အင်ဖန်တီနိုဟာ သူ့ကို စင်မြင့်ပေါ်မှာ ဆက်ပြီးရှိနေပေးဖို့ တောင်းဆိုခဲ့တာပါ။
ဒီနောက် အင်ဖန်တီနိုက ပါလက်စတိုင်းဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဂျီဘရီလ်ရာဂျော့ဘ်ကို စင်မြင့်ပေါ်ထံ ပြန်လာဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ပါကလက်စတိုင်း ကိုယ်စားလှယ်နဲ့ ဖီဖာဥက္ကဋ္ဌ ဆွေးနွေးနေစဉ်
ရာဂျော့ဘ် စင်မြင့်ပေါ် တက်ရောက်လာချိန်မှာ ရပ်တန့်ပြီးနောက် အစ္စရေးဘောလုံးအဖွဲ့ချုပ် အကြီးအကဲနဲ့ လက်ဆွဲနှုတ်ဆက်ဖို့ ပြောခဲ့တာပါ။
ရာဂျော့ဘ်ကတော့ အင်ဖန်တီနိုရဲ့ လက်ဆွဲနှုတ်ဆက်ဖို့ အကြံပြုတာကို ငြင်းဆန်ခဲ့ပြီးနောက် ကမ္ဘာ့ဘောလုံးအဖွဲ့ ချုပ် အကြီးအကဲက သူတို့နှစ်ဦးကို စကားပြောခဲ့တာ ဖြစ်ပါတယ်။
အင်ဖန်တီနိုက “တူညီတဲ့ အခွင့်အရေးတွေ၊ တူညီတဲ့ တာဝန်တွေရှိတဲ့ ဖီဖာရဲ့အဖွဲ့ဝင် အစ္စရေးနဲ့ ပါလက်စတိုင်းက ကိုယ်စားလှယ်နှစ်ဦးကို ကျေးဇူးတင်ပါတယ်။ ဥက္ကဋ္ဌ ရာဂျော့ဘ်နဲ့ ဒုဥက္ကဋ္ဌ ဆူလီမန်တို့ အလုပ် အတူတူလုပ်ကြပါ စို့။ ကလေးတွေကို မျှော်လင့်ချက်ပေးဖို့ အလုပ် အတူတူလုပ်ကြပါစို့။ ကမ္ဘာပေါ်က ကလေးအားလုံး၊ နိုင်ငံပေါင်း ၂၁၁ နိုင်ငံကို ပါဝင်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်မယ့် အသက် ၁၅ နှစ်အောက် ပြိုင်ပွဲ မကြာမီ လာတော့မှာပါ။ ကျနော့်ရဲ့ ကတိကဝတ်တွေကို ခင်ဗျားတို့ ရရှိထားသလို၊ အခန်းတစ်ခုလုံး ထောက်ခံမှုကိုလည်း ခင်ဗျားတို့ ရရှိထားပါ တယ်”လို့ ပြောခဲ့ပါတယ်။
အင်ဖန်တီနိုဟာ စကားပြောပြီးနောက် သူတို့နှစ်ဦးကို လက်ဆွဲနှုတ်ဆက်ပြီး ဓါတ်ပုံအတူရိုက်ဖို့ ထပ်ကြိုးပမ်းခဲ့ ပေမယ့် ပါလက်စတိုင်း ဘောလုံးအကြီးအကဲ ရာဂျော့ဘ်က “ကျေးဇူးပြုပြီး မလုပ်ပါနဲ့၊ ကျနော်တို့ ဒုက္ခခံစား နေရတယ်”လို့ ပြောခဲ့တာပါ။

အစ္စရေးနဲ့ နှုတ်ဆက်ဖို့ ပါကလက်စတိုင်း ငြင်းဆန်နေစဉ်
ဒီနောက်မှာ ရာဂျော့ဘ်ဟာ အင်ဖန်တီနိုကို ပွေ့ဖက်ပြီး ပါးကိုနမ်းကာ စင်မြင့်ကနေ ဆင်းသွားခဲ့ပါတယ်။
ဆူလီမန်ကလည်း အင်ဖန်တီနိုကို ပွေ့ဖက်ပြီးနောက် အင်ဖန်တီနိုဟာ သူ့ရဲ့ထိုင်ခုံထံ ပြန်သွားခဲ့တာပါ။
အင်ဖန်တီနိုက အလွန်ရှုပ်ထွေးတဲ့ ကိစ္စတွေ ရှိပေမယ့် သူတို့ဟာ ဘယ်စိန်ခေါ်မှုကိုမှ လက်လျှော့သွားမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် အင်ဖန်တီနိုက ပါလက်စတိုင်းနဲ့ အစ္စရေးမှာရှိတဲ့ ကလေးအားလုံးဟာ အနာဂတ်မှာ တူညီတဲ့ မျှော်လင့် ချက် ရှိသင့်တာကြောင့် ဒါကို ဆက်လုပ်ဆောင်သွားမယ်လို့ ပြောခဲ့တာပါ။
ပါလက်စတိုင်းနဲ့ အစ္စရေး ၂ နိုင်ငံ စလုံးကိုလည်း သွားဖို့အခြေအနေက ခွင့်ပြုရင် သွားရောက် လည်ပတ်မယ်လို့ လည်း အင်ဖန်တီနိုက ပြောခဲ့ပါတယ်။

ပါလက်စတိုင်းက နှုတ်မဆက်ဘဲ ထွက်လာစဉ်
ပါလက်စတိုင်း ဘောလုံးအကြီးအကဲဟာ ကွန်ဂရက်ထံ ပြောကြားခဲ့မှုမှာ အစ္စရေးဟာ အနောက်ဘက်ကမ်း ဒေသ တွေမှာ ကလပ်တွေကို အခြေချခွင့်ပေးပြီး ခွဲခြားဆက်ဆံမှုတွေကို တိုက်ဖျက်တဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ ကြောင်း စွပ်စွဲခဲ့ပါတယ်။
အစ္စရေးဘောလုံးအကြီးအကဲ ဆူလီမန်ကတော့ ပါလက်စတိုင်းရဲ့ စွပ်စွဲမှုကို မတုန့်ပြန်ခဲ့ပေမယ့် အစ္စရေး FA ဟာ ပါလက်စတိုင်းဘောလုံးအဖွဲ့ချုပ်ရဲ့တည်ရှိမှုကို ပထမနေ့ကတည်းက ထောက်ခံခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဆူလီမန်နဲ့ လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းခဲ့တဲ့ ရာဂျော့ဘ်က အင်ဖန်တီနိုဟာ တံတားတွေ တည်ဆောက်ဖို့ ကြိုးစား ခြင်းဟာ မှန်ကန်ပေမယ့် ဖီဖာအကြီးအကဲဟာ ပါလက်စတိုင်း ပြည်သူတွေရဲ့ကြီးမားတဲ့ ဒုက္ခကို မသိဘူးလို့ ပြောခဲ့ပါတယ်။
Source: Dailymail
- By CNI
- Category: ဆောင်းပါး
- Hits: 399
CNI International Article
၂၀၂၆ ခုနှစ်၊ မေလ ၂
ဂျပန်အစိုးရအဖွဲ့က လက်နက်တင်ပို့မှုဆိုင်ရာ ကန့်သတ်ချက်များကို ဖြေလျှော့ရန် မကြာသေးမီ သီတင်းပတ်တွင် ဆုံးဖြတ်လိုက်ခြင်းသည် ဂျပန်နိုင်ငံ၏ စစ်ပြီးခေတ်သမိုင်း၌ မှတ်တိုင်တစ်ခု ဖြစ်သည်။
သို့သော် လက်နက်တင်ပို့မှုဆိုင်ရာ ကန့်သတ်ချက်များကို ဖြေလျှော့ခြင်းသည် ဂျပန်နိုင်ငံ၏ ငြိမ်းချမ်းရေးဝါဒ (Pacifism) နိဂုံးချုပ်သွားခြင်းတော့ မဟုတ်ပေ။
ဂျပန်၏ လုံခြုံရေးမူဝါဒကို ဖော်ပြရာတွင် တိကျမှုရှိရန် လိုပြီး၊ ပြောင်းလဲလာသော မျက်မှောက်ခေတ် လုံခြုံရေး အခြေအနေနှင့်အညီ မဖြစ်မနေ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်မှုကိုလည်း နားလည်ရမည်ဖြစ်သည်။
ဧပြီ ၂၁ ရက်က ဂျပန်ဝန်ကြီးချုပ် တာကာအီချီ ဆာနာအဲ (Takaichi Sanae) ၏ အစိုးရအဖွဲ့သည် ကာကွယ်ရေး ဆိုင်ရာ ပစ္စည်းကိရိယာများနှင့် နည်းပညာများ တင်ပို့ရောင်းချမှုကို ထိန်းချုပ်ထားသည့် အခြေခံမူဝါဒ ၃ ရပ်အား ပြင်ဆင်ရန် အတည်ပြုခဲ့သည်။
ယခင်က ဂျပန်နိုင်ငံသည် ကယ်ဆယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ သတိပေးနှိုးဆော်ရေး၊ စောင့်ကြည့်စစ်ဆေးရေး နှင့် မိုင်းရှင်းလင်းရေးတို့တွင် အသုံးပြုနိုင်သည့် လူသေစေနိုင်ခြင်းမရှိသော ပစ္စည်း အမျိုးအစားများကိုသာ တင်ပို့ ရောင်းချခွင့်ရှိခဲ့သည်။
ထိုပစ္စည်းများကိုလည်း တိုက်ပွဲဖြစ်ပွားနေသော နိုင်ငံများသို့ ပို့ဆောင်ခွင့် မရှိခဲ့ပေ။
ယခုအခါတွင်မူ ဂျပန်ကုမ္ပဏီများသည် ဂျပန်နိုင်ငံနှင့် လက်နက်တင်ပို့မှုဆိုင်ရာ သဘောတူညီချက် ရှိထားသော နိုင်ငံများသို့ ကာကွယ်ရေးပစ္စည်းများကို ရောင်းချနိုင်ပြီဖြစ်သည်။

ဂျပန်ဝန်ကြီးချုပ် တာကာအီချီ ဆာနာအဲနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ထိုစာရင်းတွင် အမေရိကန် အပါအဝင် နိုင်ငံပေါင်း ၁၇ နိုင်ငံ ပါဝင်နေပြီး မကြာမီ၌ နိုင်ငံ ၂၀ အထိ တိုးလာရန် မျှော်လင့်ရသည်။
ဂျပန်အမျိုးသားလုံခြုံရေးကောင်စီသည် လက်နက် အရောင်းအဝယ် အားလုံးကို ပြန်လည်သုံးသပ်ပြီး ထိုပစ္စည်း ကိရိယာများအား မှန်ကန်သော ဝယ်သူများထံသို့ ရောက်ရှိစေရန် သေချာအောင် ဆောင်ရွက်မည်ဖြစ်သလို ဆုံးဖြတ်ချက်ချပြီးပါက လွှတ်တော်ကို အကြောင်းကြားမည်ဖြစ်သည်။
တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည့် နိုင်ငံများသို့ တင်ပို့ခြင်းအပေါ် ကန့်သတ်ချက်ကို ဆက်လက် ထားရှိမည် ဖြစ်သော်လည်း ခိုင်လုံသော အမျိုးသားလုံခြုံရေး အကြောင်းပြချက် ရှိသည်ဟု ယူဆပါက ကင်းလွတ် ခွင့်များဖြင့် လက်နက်များ တင်ပို့နိုင်မည်ဖြစ်သည်။
ယခုကဲ့သို့ မူဝါဒ အပြောင်းအလဲမှာ စိန်ခေါ်မှုများ မြင့်တက်လာသော လုံခြုံရေး အခြေအနေကြောင့် ဖြစ်ကြောင်း နှင့် မည်သည့်နိုင်ငံမျှ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို တစ်နိုင်ငံတည်းဖြင့် ကာကွယ်နိုင်တော့မည် မဟုတ်ကြောင်း ဝန်ကြီးချုပ် တာကာအီချီက ပြောကြားခဲ့သည်။
အရေးကြီးဆုံး အချက်အနေဖြင့် ဒုတိယကမ္ဘာစစ် ပြီးဆုံးပြီးနောက် လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ ကတည်းက ငြိမ်းချမ်းသောနိုင်ငံအဖြစ် လျှောက်လှမ်းခဲ့သည့် မိမိတို့၏ လမ်းစဉ်နှင့် အခြေခံမူများကို ဆက်လက် ထိန်းသိမ်း သွားမည့် ကတိကဝတ်မှာ အကြွင်းမဲ့ ပြောင်းလဲမှု မရှိကြောင်း တာကာအီချီက လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့ သည်။
သတင်းမီဒီယာများကမူ ယခုစည်းမျဉ်းသစ်များသည် ဂျပန်နိုင်ငံ၏ ငြိမ်းချမ်းရေးဝါဒီ ဦးတည်ချက်မှ သွေဖည်သွား ခြင်းဖြစ်သည်ဟု ရှင်းလင်းဖော်ပြနေကြသည်။
လွန်ခဲ့သော သုံးနှစ်ကျော်ကလည်း ဂျပန်အစိုးရက အမျိုးသားလုံခြုံရေးဆိုင်ရာ စာတမ်းသစ် သုံးစောင်ကို ထုတ်ပြန်ခဲ့စဉ်ကလည်း မီဒီယာများက ထိုကဲ့သို့ သုံးသပ်ဖော်ပြခဲ့ဖူးသည်။
ဂျပန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် စစ်ပွဲဆင်နွှဲနိုင်စွမ်းကို အမှန်တကယ် ကန့်သတ်ထားသည်။
အခြေခံဥပဒေ၏ ပုဒ်ခွဲ ၉ သည် နိုင်ငံတကာ အငြင်းပွားမှုများကို ဖြေရှင်းရန်အတွက် အင်အားသုံးစွဲခြင်းနှင့် စစ်မက်ပြုရန် လက်နက်ကိရိယာများ ပိုင်ဆိုင်ခြင်းတို့ကို တားမြစ်ထားသည်။
ထို့ကြောင့်ပင် ဂျပန်နိုင်ငံတွင် စစ်တပ်ဟု ခေါ်ဆိုခြင်းမရှိဘဲ မိမိကိုယ်ကို ကာကွယ်ရေးတပ်ဖွဲ့ (SDF) ဟုသာ ဖွဲ့စည်းခေါ်ဆိုထားသည်။
ထိုအချက်သည် ယခင်က လက်နက်တင်ပို့မှုအပေါ် ကန့်သတ်ချက်များ ထားရှိရခြင်း၏ အကြောင်းရင်းဖြစ်ပြီး ဂျပန်နိုင်ငံ၏ စစ်ပြီးခေတ် ဝိသေသလက္ခဏာအတွက် အခြေခံအုတ်မြစ်လည်း ဖြစ်လာခဲ့သည်။

ဂျပန်က မိမိကိုယ်ကိုကာကွယ်ရေးတပ်ဖွဲ့(SDF)ကို တွေ့ရစဉ်
သို့သော် ဂျပန်နိုင်ငံသည် အင်အားလုံးဝ သုံးစွဲရန် ဆန္ဒမရှိသည့် အဓိပ္ပာယ်မျိုးဖြင့် ငြိမ်းချမ်းရေးဝါဒီ ဖြစ်နေခြင်း မဟုတ်ပါ။
၁၉၅၄ ခုနှစ်ကတည်းက SDF ကို တည်ထောင်ထားရှိခြင်းသည် အလုံးစုံ ငြိမ်းချမ်းရေးဝါဒီဆိုသည့် ရပ်တည်ချက်ကို ငြင်းပယ်လိုက်ခြင်း ဖြစ်သည်။ ဂျပန်သည် မိမိကိုယ်ကို ကာကွယ်ရန်အတွက် အင်အားသုံးစွဲမည်ဖြစ်သည်။
ထို့ပြင် ဂျပန်အစိုးရ အဆက်ဆက်သည် နှစ်ဦးနှစ်ဖက် ကာကွယ်ရေးစာချုပ် အပိုဒ် ၅ ပါ ပြဋ္ဌာန်းချက်များအရ ဆန်ကာကူကျွန်းစု (Senkaku Islands) နှင့် သက်ဆိုင်ကြောင်း အတည်ပြုပေးရန် အမေရိကန်အား အမြဲမပြတ် တောင်းဆိုလေ့ရှိသည်ကို သတိပြုသင့်သည်။
ဆိုလိုသည်မှာ ဂျပန်အစိုးရသည် ၎င်းအား ကာကွယ်ပေးရန်အတွက် ၎င်း၏ မဟာမိတ်ဖြစ်သည့် အမေရိကန်အား အင်အားသုံးပေးရန် တောင်းဆိုခြင်းဖြစ်သည်။
၁၉၉၂ ခုနှစ်တွင် ဂျပန်နိုင်ငံသည် ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းစဉ်များ၌ SDF တပ်ဖွဲ့များ ပါဝင် နိုင်စေမည့် ဥပဒေများကို အတည်ပြုခဲ့သည်။
၁၉၉၇ ခုနှစ်တွင် ဂျပန်-အမေရိကန် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု လမ်းညွှန်ချက်များအား ပြင်ဆင်လိုက် ခြင်းဖြင့် ဂျပန်နိုင်ငံ၏ ပတ်ဝန်းကျင်ဒေသများရှိ အခြေအနေများကို ဖြေရှင်းဆောင်ရွက်နိုင်ရန် SDF ၏ လုပ်ပိုင်ခွင့် အာဏာကို တိုးချဲ့ခဲ့သည်။

ဂျပန်က မိမိကိုယ်ကိုကာကွယ်ရေးတပ်ဖွဲ့(SDF)ကို တွေ့ရစဉ်
၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်နေ့ (9/11) အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက်တွင် SDF သည် အမေရိကန်ဦးဆောင်သည့် နိုင်ငံတကာတပ်များ အာဖဂန်နစ္စတန်သို့ ကျူးကျော်ဝင်ရောက်သည့် Operation Enduring Freedom နှင့် အီရတ်ကို ကျူးကျော်ဝင်ရောက်သည့် Iraqi Freedom စစ်ဆင်ရေးများကို ကူညီပံ့ပိုးပေး ခြင်းဖြင့် နိုင်ငံတကာ၏ ကြိုးပမ်းအားထုတ်မှုများတွင် ပါဝင်ခဲ့သည်။
မကြာသေးမီ နှစ်များအတွင်း SDF သည် ၎င်း၏ တပ်ဖွဲ့များကို ပိုမိုစွမ်းဆောင်ရည် ထက်မြက်လာစေရန်အတွက် ပြန်လည်ဖွဲ့စည်းမှုများ ပြုလုပ်ခဲ့သည်။
ဂျပန်နိုင်ငံသည် ကမ္ဘာပေါ်တွင် တတိယ သို့မဟုတ် စတုတ္ထမြောက် စစ်အသုံးစရိတ် အများဆုံး သုံးစွဲသည့်နိုင်ငံ ဖြစ်ပြီး အမေရိကန် ပြင်ပတွင် အဆင့်မြင့် F-35 တိုက်လေယာဉ် အများဆုံး ပိုင်ဆိုင်ထားကာ စစ်ဘက်သုံးဂြိုဟ်တု ကွန်ရက်များ၊ လေယာဉ်တင်သင်္ဘော အသေးစားများနှင့် ကုန်းရေနှစ်သွယ်သွား တပ်ဖွဲ့များကိုလည်း ပိုင်ဆိုင်ထား သည်။
ထို့ပြင် ဂျပန်သည် တုန့်ပြန်တိုက်ခိုက်နိုင်စွမ်း၊ စုပေါင်းကာကွယ်ရေး စစ်ဆင်ရေးများတွင် ပါဝင်ခွင့်နှင့် ကြိုတင် ကာကွယ်သည့် ဆိုက်ဘာလုံခြုံရေးစနစ်တို့ကိုလည်း ဖော်ဆောင်ခဲ့သည်။
ဂျပန်နိုင်ငံ၏ ကာကွယ်ရေးပစ္စည်း တင်ပို့ရောင်းချမှုဆိုင်ရာ ပြောင်းလဲချက်များ ထွက်ပေါ်ခဲ့ပြီးနောက် ဂျပန်၏ လုပ်ရပ်သည် ငြိမ်းချမ်းသော နိုင်ငံဟူသည့် ဂျပန်၏ ဝိသေသလက္ခဏာနှင့် ဆန့်ကျင်ဘက်ဖြစ်နေပြီး စစ်ဝါဒသစ်၏ သက်သေဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
သို့သော် ဂျပန်အနေဖြင့် အန္တရာယ်များကို မျက်ကွယ်ပြုထားရန် သို့မဟုတ် ပြည်ပ၏ ဖိအားပေး ခြိမ်းခြောက်မှု များကို ငုံ့ခံရန် မည်သည့် အခါကမျှ ဆန္ဒမရှိခဲ့ပေ။
ထို့ကြောင့် ဂျပန်နိုင်ငံသည် မည်သည့်အခါမျှ ငြိမ်းချမ်းရေးဝါဒီ သက်သက် မဟုတ်ခဲ့ဘဲ ကာကွယ်ရေးကဏ္ဍ အတွက် အမြဲတမ်း အသင့်ပြင်ထားသော နိုင်ငံဖြစ်သည်။
Source: Asia Times
