CNI Article News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၃

၂၀၂၁ ခုနှစ်၊ အမေရိကန်နိုင်ငံလုံးဆိုင်ရာစစ်တမ်းကို ဖတ်လိုက်သည့်အခါမှာတော့ အမေရိကန်နိုင်ငံသား ၄၆ ရာခိုင်နှုန်းက “ပြည်တွင်းစစ် ဖြစ်နိုင်သည်”ဟု ယူဆကြသည်။ “မဖြစ်နိုင်” ဟု ယူဆကြသူ ရာခိုင်နှုန်းက ၄၃ ရာခိုင်နှုန်းဖြစ်သဖြင့် အဆိုပါ ကိန်းဂဏန်းနှစ်ခုကို ချိန်ထိုးစဉ်းစားနိုင်သည်။

စာရေးသူစိတ်ထဲပေါ်လာသည့် တစ်ခွန်းတည်းသော စကားကတော့ ထိုအယူအဆ နှစ်ရပ်စလုံးတွင် ပျက်စီးဖို့ အာမခံချက် ရှိနေပြီဟူ၍ပင်ဖြစ်၏။

စစ်ပွဲဒဏ် အလူးအလဲခံနေရသော အရှေ့အလယ်ပိုင်းဒေသမှနေ၍ အမေရိကန်ဆီသို့ လှမ်းကြည့်လိုက်ရာ ပျက်သုဉ်းမှုနှင့် အုံ့ဆိုင်းမှုန်မှိုင်းနေမှုများကို ကြည့်ရင်း တိုင်းပြည်သည် သံလမ်းမှ လွတ်သွားသည့် မီးရထားတစ်စင်းလို ဖြစ်နေပါပေါ့လားဟု တွေးထင်လိုက်မိသည်။

စာရေးသူ အလေးအနက် ပြောလိုက်ချင်တာကတော့ “အမေရိကန်ရေ … ခင်ဗျား ဘာတွေတွေးနေသလဲ။ ဘေးဥပါဒ်ကို တားဆီးဖို့ အမြန်လုပ်ဆောင်နေရင်း၊ မီးကိုကိုင်ရင်း လူထုတိုက်ပွဲဆီ ရူးရူးမိုက်မိုက် လျှောက်လှမ်းသွားတုန်း မျက်စိ ကျယ် ကျယ် ဖွင့်ကြည့်လိုက်စမ်းပါ”

“ကိုယ့်ပြည်တွင်းစစ်ရဲ့ အနိဋ္ဌာရုံတွေကို မေ့ထားရင် ကျနော်တို့အရှေ့အလယ်ပိုင်းမှာ လက်ရှိသွေးထွက်သံယို ဖြစ်မှုတွေနဲ့ ဆိုးရွားတဲ့ ပြည်တွင်းစစ်တွေကို ကြည့်ပါဗျာ။ ပြင်းထန်တဲ့ အသွင်မတူမှုတွေကြောင့် ဝန်ထုပ်ဝန်ပိုးတွေ ထပ်တလဲလဲပိရင်း နိုင်ငံတွေ ပြိုလဲကုန်ပါပြီဗျာ”

“ချမ်းသာမှု၊ လွတ်လပ်မှုနဲ့ သုခစည်းစိမ်တွေနဲ့ ပတ်သက်လာရင် ခင်ဗျားလောက် ဇိမ်ယူခဲ့တာ မရှိဘူး။ အခုတော့ ခင်ဗျားနဲ့ သဘောထားချင်း ကွဲလွဲတာနဲ့ ဘာလို့ အားလုံးကို ပစ်ထားတာလဲ။ ခင်ဗျားရဲ့ သဘောကွဲလွဲမှုတွေကို ဘာကြောင့် ဒီမိုကရေစီ နည်းကျကျ မစီမံရတာလဲ။ တစ်နည်းပြောရရင် နိုင်ငံခြားရေးမူဝါဒရဲ့ ဗဟိုချက်မှာ ဟန်ဆောင်နေမယ့်အစား ခင်ဗျားပြည်တွင်း ရေး မူဝါဒ ဗဟိုချက်မှာရော ဒီမိုကရေစီဆိုတာကြီးကို ဘာကြောင့် မထားခဲ့တာလဲ”

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကိုတွေ့ရစဉ်။(GETTY IMAGES)

သွားလေသူ အမေရိကန်လူရွှင်တော် ဂျော့ကာလင်ကတော့ ပြောဖူးသည်။ ပြည်တွင်းစစ်သည် အောက်စီမိုရွန် ဖြစ်ခဲ့သည်တဲ့။ (မီးလောင်ရာ လေပင့်သည့်သဘော - ဘာသာပြန်သူစကားချပ်) တကယ်တော့ စစ်ပွဲသည် ပြည်တွင်းစစ်ဟု ခေါ်ဝေါ်ကြသော စစ်ပွဲအမျိုးအစားသည် တိုင်းပြည်ပြိုကွဲစေဖို့ အကြောင်းဖန်လာခြင်းကြောင့် အဆိုးရွားဆုံး စစ်ပွဲပင် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ကျွန်စနစ်ဖျက်သိမ်းပြီး ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာစေခဲ့သော အမေရိကန်ပြည်တွင်းစစ် ပြီးဆုံး၍ နှစ်ပေါင်း ၁၅၀ ကျော်အကြာတွင် မိုက်မဲသော ခြေလှမ်းများ ပြန်လှမ်းမိနေပြီ ဖြစ်သည်။

၂၀၂၁ ခုနှစ် လူထုသဘောထား စစ်တမ်းတွင် အခိုင်အမာ ဝင်ရောက် ဖြေဆိုသူအားလုံးသည် ပြည်တွင်းစစ် လိုလားနေကြ သည်ဟု မဆိုသာပေ။ အများအပြားကတော့ စစ်ဖြစ်မည့် အခြေအနေမျိုးကို ကြောက်ရွံ့နေကြမှာ သေချာသည်။

သို့သော် ကာလင်က စာရေးသူတို့ကို မကြာခဏ သတိပေးခဲ့သည့်နည်းတူ အမေရိကန်သည် စစ်နှင့်တူသော နိုင်ငံဖြစ်ပြီး အခြား ကမ္ဘာ့တစ်နေရာရာတွင် ဗုံးကြဲစရာမရှိလျှင် သူ့ပြည်တွင်းသို့ ပြန်လှည့်ပြီး အမုန်းတရားအတွက် စစ်ပွဲကို အသုံးချလေ့ ရှိသည်။

သို့ဖြစ်ရကား အမေရိကန်တွင် ဆင်းရဲမွဲတေမှု စစ်ပွဲ၊ မူးယစ်ဆေးဝါး စစ်ပွဲ၊ ရာဇဝတ်မှု စစ်ပွဲ၊ ကင်ဆာ စစ်ပွဲ၊ အေအိုင်ဒီအက်စ် စစ်ပွဲနှင့် ယခုနောက်ဆုံး Covid-19 စစ်ပွဲအထိ ရှိလေတော့၏။

ယခုအခါ အမေရိကန်လူမျိုးများသည် တစ်ဘက်နှင့်တစ်ဘက် အစွန်းရောက်များအဖြစ် နှစ်ဘက် ကွဲထွက်သွားခဲ့ပြီး ဖက်ဆစ် ဝါဒအပေါ် အပြင်းအထန် ဖြစ်လာသည့် စစ်ပွဲနှင့် လစ်ဘရယ်ဝါဒအပေါ် ရုပ်ဆိုး အကျည်းတန်စေသော စစ်ပွဲဟူ၍ ဆင်နွှဲလာခဲ့ ကြသည်။

ဤသို့ ယဉ်ကျေးမှုနှင့်ဝါဒရေးရာ အပြိုင်အဆိုင် စစ်ပွဲများသည် လူမျိုးရေးခွဲခြားမှုနှင့် မညီမျှမှုများကို လှုံ့ဆော်ပေးနေပြီး နိုင်ငံ တစ်ဝန်း အကြမ်းဖက်ဆန္ဒပြမှုများ၊ အများပြည်သူပိုင် ပစ္စည်းများကို တိုက်ခိုက်လုယက်ခြင်း၊ ကိုယ်ဝန်ဖျက်ချပေးသည့် ဆေး ခန်းများကိုမှ ရွေး၍ ဗုံးခွဲခြင်း စသည်တို့မှာ ဖြစ်ပွားခဲ့ကြောင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယခင့်ယခင်ကတည်းက သရုပ် သကန် အဟုတ်အမှန်အဖြစ် ငြင်း၍မရချေ။

သည်ကြားထဲတွင် လက်နက်ကိုင်ပြည်သူ့စစ်များ ပေါ်ပေါက်လာပြီး အစုလိုက် အပြုံလိုက် အကြမ်းဖက်မှုတွင် ပါဝင်နေသည် ဟုပင် အချို့က ထင်မြင်ယူဆကြသည်။

အမေရိကန်သမ္မတ ဘိုင်ဒန်ကိုတွေ့ရစဉ်။(GETTY IMAGES)

ဤအရာအားလုံးသည် မီဒီယာမျက်နှာစာများ၌ မည်သည့်အခန်းကဏ္ဍမှ ပါဝင်နေသလဲဟု မေးခွန်းထုတ်စရာ ဖြစ်လာသည်။ ထိုမေးခွန်းကတော့ ပုံကြီးချဲ့၍ အတိဿဝုတ္တိအလင်္ကာများ လှိုင်လှိုင်ကြီးသုံးစွဲတတ်သော သတင်းမီဒီယာပညာ၏ သဘော ထား အမြင်များမှတဆင့် လူ့အဖွဲ့အစည်းနှင့် မူဝါဒကို အစွန်းရောက်စေပြီး လယ်ယာဘက်ခြမ်း၌ လစ်ဘရယ်အာဏာရှင်ကို ပို၍စူးဝင်နေစေသလို လက်ဝဲဘက်ခြမ်းတွင်လည်း ဖက်ဆစ်စာချွန်တော်ကြီးကို စွဲလမ်းစေသလားဟူသော မေးခွန်းပင် ဖြစ် သည်။

ထရမ့် နှုတ်ထွက်ရေး သွင်ပြင်လက္ခဏာများဖြင့် ရင်ဆိုင်နေရသော အမေရိကန်ပြည်တွင်း၌ စီးပွားဖြစ် (ကော်ပိုရိတ်) မီဒီယာ များသည် သူ့နောက်ကွယ်တွင် ကျန်ရစ်နေခဲ့ပြီး အလဲလဲအကွဲကွဲဖြင့် ရွှေငန်းများ ဆုံးရှုံးခြင်းအတွက် လျော်ကြေးပေးသည့် သဘောမျိုးဖြင့် သိသိသာသာ ရှုပ်ထွေးနေသည်။ ဝိုင်းဝန်း၍ မီးလောင်ရာလေပင့် ပေးကြသည့် လူမှုကွန်ရက်မီဒီယာများသည် လည်း အလားတူပင် ရှုပ်ထွေးနေသည်။

မည်သို့ပင်ဆိုစေကာမူ ယေးလ်တက္ကသိုလ်မှ သမိုင်းပညာရှင်တစ်ဦးက သတိပေးခဲ့သည့် “ကျနော်တို့ဟာ ပဋိပက္ခ၏ အစွန်း တစ်ဖက်သို့ ရောက်နေပြီ” ဟူသောစကားအရ မြင့်မားသော အသွင်ကွဲပြားမှု၊ အခြားအဖြစ်မှန်များအပေါ် ယုံကြည်ချက်များ နှင့် အမေရိကန် လူ့အဖွဲ့အစည်းများအတွင်း အကြမ်းဖက်မှု အခင်းအကျင်းတို့မှာ ထွေးပွေ့မိလျက်သား ဖြစ်နေသည်။  

ထိုသို့ အခြေအနေတွင် ဒေါ်နယ်ထရမ့်၏ ခြိမ်းခြောက်မှုနှင့် အကြမ်းဖက်မှုများဒဏ်မှ ရုန်းထွက်ရန် ပြည်သူ အများအပြားသည် ၎င်းတို့နှင့် သဟဇာတဖြစ်ရာ ဒေသများဆီသို့ ပြောင်းရွှေ့ကုန်ကြ၍ အဆိုးထဲမှ အကောင်းအဖြစ် အမေရိကန် ရင်ဆိုင်နေရ သော ကပ်ဆိုးဘေးဆိုး အန္တရာယ်အတွက် ပြီးပြည့်စုံသည့် တွန်းအားတစ်ခု ဖြစ်လာခဲ့သည်။

၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲအတွက် ပါတီအမည်စာရင်း တင်သွင်းခြင်းအတွက် ထရမ့်၏ အဓိကပြိုင်ဘက်များမှာ ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး ရွင်ဒီစန်တစ်နှင့် နိုင်ငံခြားရေးအတွင်းဝန်ဟောင်း မိုက်ပွန်ပီယိုတို့ ဖြစ်ကြသည်။

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကိုတွေ့ရစဉ်။(AP)

သမ္မတဟောင်း ထရမ့်၏ အဆိုးမြင်ဝါဒနှင့် လက်ယာဘက်တွင် အခိုင်အမာ ရေပန်းစားခြင်းသည် ရီပတ်ဘလစ်ကန်ပါတီ အပေါ် ဩဇာကြီးမားစွာ လွှမ်းမိုးချုပ်ကိုင်နိုင်မှုနှင့်အတူ သမ္မတလောင်း တဖန်ဖြစ်လာနိုင်ခြေရှိသည်။ တစ်ချိန်တည်းမှာပင် ၂၀၂၄ ခုနှစ်တွင် အမေရိကန် အကျပ်အတည်း ဇာတ်ရှိန် ပိုတက်လာမည်ဖြစ်သည်။

ထရမ့်သည် အိမ်ဖြူတော်က တကျော့ပြန် သိမ်းပိုက်ရန် စိတ်ပိုင်းဖြတ်ထားပုံရသည်။ ထရမ့်ကလည်း အာဏာရှင် ဗလာဒီမာ ပူတင်၏ စတိုင်အတိုင်း လှည့်ကွက်အမျိုးမျိုးဖြင့် အုပ်ချုပ်သွားခဲ့သည် မဟုတ်ပါလား။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာတွင် ကျင်းပမည့် ကြားဖြတ်ကွန်ဂရက်(လွှတ်တော်) ရွေးကောက်ပွဲများသည် ထရမ့်အတွက် အရေးပါ သော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း သက်သေပြနိုင်မည်ဖြစ်ပြီး သူ့ကို စွပ်စွဲအပြစ်တင်ရန် မဲပေးခဲ့ကြသည့် ရီပက်ဘလစ်ကန် ပါတီမှ နှုတ်ထွက်သူ ၁၀ ဦးနှင့် ယှဉ်ပြိုင်လျှင်ပင် အခြေခံအဆင့်၌ အနိုင်ရမည်ဖြစ်သည်။

အကယ်၍ ဘိုင်ဒန်သည် ယခုနှစ် လွှတ်တော်အတွင်း အဓိကကျသော ဥပဒေကြမ်းများ အထူးသဖြင့် မဲပေးခွင့်အစီအစဉ် ဖော်ဆောင်မှု မအောင်မြင်ပါက လက်ရှိ သမ္မတရာထူးအတွက် အားနည်းစေပြီး လူကြိုက်များမှုနှုန်း ပိုမိုကျဆင်းလာမည် ဖြစ်သည်။ တစ်ချိန်တည်းတွင် အချို့ပြည်နယ်ဥပဒေပြုလွှတ်တော် ၁၈ ခု၌ ထရမ့်ထောက်ခံသူများက မဲပေးခြင်းနှင့် နောက် ထပ် ရွေးကောက်ပွဲရလဒ်များ ပိုမိုထိန်းချုပ်နိုင်စေသည့် စည်းမျဉ်းများကို ပြုပြင်ပြောင်းလဲပြီး ဖြစ်နေသည်။

လာမည့်နိုဝင်ဘာတွင် လွှတ်တော်အတွင်း ရီပက်ဘလစ်ကန်အများစု အနိုင်ရခဲ့လျှင် ယင်းအဆင့်အတွင် ဖြစ်နိုင်ခြေ အခြေအ နေ တစ်ရပ်အောက်၌ ဘိုင်ဒန်သည် အိမ်ဖြူတော်ပေါ် ထရမ့်၏လမ်းကြောင်းထက် ပိုမိုရှင်းလင်းစွာဖြင့် ဣန္ဒြေရရ ထိုင်နေနိုင် မည် ဖြစ်သည်။

အံ့အားသင့်စရာ ကောင်းသည်မှာ ရီပတ်ဘလစ်ကန် မဲဆန္ဒရှင် ၈၀ ရာခိုင်နှုန်းတို့က ၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ထရမ့်၏ လိမ်ညာမှုကို ယုံကြည်ကြသည်ဟူ၏။

အကယ်၍ ထရမ့်နှင့် အပေါင်းအပါများသည် ဇန်နဝါရီ ၆ ရက် ကွန်ဂရက် တိုက်ခိုက်ခြင်းအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုမှ လွတ်ကင်းစွာဖြင့် ဒီမိုကရေစီ လုပ်ငန်းစဉ်ကို ပျက်ပြားစေရန် အကြမ်းဖက် ကြိုးပမ်းမှုများ ဆက်လုပ်ခဲ့သော် လက်ရှိ တင်းမာ မှုများနှင့် နိုင်ငံတစ်ဝန်း မငြိမ်မသက်မှုများ တိုးပွားလာစေပြီး ရုန်းရင်းဆန်ခတ် ဖြစ်ဖွယ်ရှိနေသည်။

ထိုအခြေအနေကို ဘိုင်ဒန်က အာဏာကို အသုံးချရန် တွန်းလှန်နိုင်ဖွယ်ရှိသည်။ သို့သော် နောက်တစ်ကြိမ် မဲရွေးကြဦးမည်ဆို လျှင်…. အမေရိကန်အတွက် ထရမ့် “ဒုတိယမြောက်ကြွလာခြင်း” ဆိုသည့်အချင်းအရာကို မည်သည့်အရာကမှ ဖမ်းဆုပ် မထားနိုင်ပါကြောင်း။

 

(အယ်လ်ဂျာဇီးယားဝက်ဘ်ဆိုက်တွင် ၎င်းသတင်းဌာန၏ ဝါရင့်နိုင်ငံရေးသုတေသီ Marwan Bishara က ဇန်နဝါရီ ၁၇ ရက်စွဲ ဖြင့် ရေးသားလွှင့်တင်ထားသော သဘောထားအမြင် ဆောင်းပါးကို CNI က ဆီလျော်အောင် ဘာသာပြန်ဆို တင်ဆက် ပေးလိုက်ပါသည်)

Source: Aljazeera