CNI Article News

၂၀၂၂ ခုနှစ်၊ဇန်နဝါရီ ၃၀

မျက်လုံးတဝိုက်တွင် တစ္ဆေဆန်ဆန် အဖြူရောင်အကွင်းပါရှိသည့် မျောက်မျိုးစိတ်တစ်ခုကို ကမ္ဘာ့တောရိုင်း တိရစ္ဆာန် ရန်ပုံ ငွေအဖွဲ့ (WWF)က မဲခေါင်ဒေသအတွက် နောက်ဆုံးစာရင်း ပြုစုထားသော မျိုးစိတ်အသစ် ၂၂၄ မျိုးထဲသို့ ထည့်သွင်းထား သည်။

ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် မြန်မာတို့ ပါဝင်သည့် မဲခေါင်ဒေသတွင်း၌ ရှားပါးလှသည့် ဇီဝမျိုးကွဲနှင့် မူရင်း နေထိုင် ကျက်စားမှုတို့ကို ကာကွယ်ရန် လိုအပ်နေကြောင်း WWF ၏ အစီရင်ခံစာထဲတွင် အလေးပေး ဖော်ပြထားသည်။

၂၀၂၀ ပြည့်နှစ်တွင် တွေ့ရှိရသော မျိုးစိတ်များကို စာရင်းသွင်းထားသော်လည်း ယမန်နှစ်အတွက် အစီရင်ခံစာမှာမူ နှောင့်နှေး နေဆဲဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် Popa Langur ဟု အမည်ပေးထားသော အဆိုပါမျောက်မျိုးစိတ်သည် မြန်မာနိုင်ငံ၊ ပုပ္ပား မီးငြိမ်းတောင်အနီး မတ်စောက်သော တောင်ကုန်းများတွင် ကျက်စားနေထိုင်ရပြီး အသစ်ထပ်မံတွေ့ရှိရသည့် တစ်မျိုး တည်းသော နို့တိုက်သတ္တဝါမျိုးစိတ်ဖြစ်သည်။

ထို့ပြင် အစီရင်ခံစာထဲတွင် လာအို၌ တွေ့ရှိရသော လှပတင့်ဆန်းသည့် ဝါးပင်မျိုးစိတ်များ အပါအဝင် အသစ် ထပ်မံ သတ်မှတ် ထားသော တွားသွားသတ္တဝါ ဆယ်ဂဏန်းခန့်၊ ဖားနှင့် ပုတ်သင်ညိုများ၊ ငါးများနှင့် အခြားအပင်မျိုးစိတ် ၁၅၅ မျိုးတို့ကိုလည်း ထည့်သွင်းဖော်ပြထားသည်။

မဲခေါင်ဒေသတွင် ဇီဝမျိုးကွဲပေါင်းစုံ တည်ရှိနေကြပြီး ကျားများ၊ အာရှဆင်များ၊ အာရှယူနီကွန် (သို့မဟုတ်) ပင်ဒဲလ်ဟောန်ဟု ခေါ်သည့် အလွန်ရှားပါးသော ဆာအိုလာ (saola) သတ္တဝါနှင့် အခြားမျိုးစိတ် ထောင်နှင့်ချီ၍ နေထိုင်ကျက်စားကြသည်။

ဗီယက်နမ်နိုင်ငံတွင်တော့ သုတေသီများက Ky Quan San အမည်ရှိ ဖားမျိုးစိတ်ကို အရောင်အသွေးစုံလင်စွာဖြင့် တောင်တန်း ဒေသ အမြင့်ပေ မီတာ ၂ ထောင် (ပေ ၆,၅၀၀) ကျော်တွင် ရှာဖွေတွေ့ရှိခဲ့သည်။

သို့ဖြင့် ၁၉၉၇ ခုနှစ်မှ ယခုနောက်ဆုံးပြုစုထားသော စာရင်းအထိ မဲခေါင်ဒေသတွင်း၌ မျိုးစိတ်သစ် ၃၀၀၀ ကျော်ကို သိပ္ပံ ပညာရှင်များ ရှာဖွေတွေ့ရှိခဲ့ကြောင်း WWF က ပြောကြားခဲ့သည်။

Popa langur မျောက်မျိုးစိတ်ကို ပြီးခဲ့သည့် ရာစုနှစ် တစ်ခုကျော်ကတည်းက စုဆောင်းထားသော ဗြိတိန် သဘာဝသမိုင်း ပြတိုက်မှ နမူနာများနှင့် မကြာသေးမီက စုဆောင်းခဲ့သော အရိုးများမှ မျိုးရိုးဗီဇများကို တိုက်ဆိုင်စစ်ဆေးခဲ့ရာ ကိုက်ညီမှုရှိ ကြောင်း အစီရင်ခံစာထဲတွင် ရေးသားထားသည်။

အဓိကကွဲပြားသော လက္ခဏာနှစ်ရပ်မှာ အဆိုပါ မျောက်မျိုးစိတ်၏ မျက်လုံးတဝိုက် ကျယ်ပြန့်သော အဖြူရောင်ကွင်းများနှင့် ရှေ့သို့ချွန်ထွက်နေသည့် ပါးသိုင်းမွေးများဖြစ်ကြသည်။

WWF သည် ဖာအူနာ (Fauna) နှင့် Flora International အဖွဲ့တို့ကို လက်တွဲပြီး ၂၀၁၈ ခုနှစ်တွင် ထောင်ချောက် ကင်မရာ များသုံး၍ အဆိုပါ မျောက်များ၏ ပုံများကို ရိုက်ကူးနိုင်ခဲ့သည်။ ယင်းရှာဖွေတွေ့ရှိမှုကို ယမန်နှစ်အကုန်ပိုင်းက အစီရင်ခံခဲ့ပြီး ဖြစ်သည်။

ထိုမျောက်မျိုးစိတ်သည် မျိုးသုဉ်းလုနီးပါး အန္တရာယ်များနေသည့် မျိုးစိတ်များအဖြစ် နိုင်ငံတကာ သဘာဝထိန်းသိမ်းရေးသမဂ္ဂ (IUCN)၏ အနီရောင်အဆင့် စာရင်းထဲတွင် ထည့်သွင်းထားပြီး လတ်တလော အနေအထား၌ အကောင်ရေ ၂၀၀ မှ ၂၅၀ ခန့် သာ ရှင်သန်နိုင်တော့သည်ဟု ယူဆထားကြသည်။

ယင်းသို့ မျိုးသုဉ်းမည့် အန္တရာယ်ရှိနေသည့် အခြားမျိုးစိတ်ပေါင်းမှာ ၃၈,၀၀၀ မှ ၁၃၈,၀၀၀ ကျော်အထိ ရှိနေပြီး အရေးတကြီး ကိုင်တွယ်ရမည့်ကိစ္စဖြစ်ကြောင်း IUCN က ရှင်းပြသည်။

နီညိုရောင်ပန်းပွင့်နှင့် ဘယ်ရီသီးကဲ့သို့ အသီးများပါရှိသည့် နီညိုရောင် သစ်မာတစ်မျိုးမှာလည်း မြန်မာနိုင်ငံ၊ တောင်ပေါ် ဒေသများတွင် တွေ့ရပြီး တရားမဝင် သစ်ခိုးထုတ်မှုများကြောင့် ပိုမိုဆိုးရွားသည့် ခြိမ်းခြောက်မှု တစ်ခုဖြစ်လာနေသည်။

အပူပိုင်း သစ်တောများနှင့် အခြားတောရိုင်း သဘာဝဇုန်များကို လူသားများ ကျူးကျော်ဝင်ရောက် နေထိုင်ကြသော်လည်း မဲခေါင်မြစ်ဝှမ်း ဒေသအများစုကို စူစမ်းရှာဖွေမှု နည်းပါးနေသေးပြီး နှစ်စဉ်နှစ်တိုင်း မျိုးစိတ်သစ် ဆယ်ဂဏန်းခန့် ထပ်မံ တွေ့ရှိနေရသည်။ အချို့မျိုးစိတ်များမှာ မျိုးသုဉ်းသွားကြ၍ မျှော်လင့်ချက် ဝေဝါးကြရသည်။

မျိုးစိတ်သစ်အားလုံးကို တောနက်ထဲတွင် တွေ့ရသည်တော့ မဟုတ်ပေ။ အပင်မျိုးစိတ်သစ်အနေဖြင့် တစ်မျိုးမှာ ပိုးမွှားများ ကဲ့သို့ ညှော်နံ့တစ်မျိုး ထုတ်လွှတ်နိုင်သော ဂျင်းပင်ဖြစ်သည်။ ထိုဂျင်းပင်ကို ထိုင်းလူမျိုးများက ထမင်းနှင့်တွဲဖက်စားသောက်ဖို့ ငရုတ်သီးနှင့် ရောနှောထုထောင်းရန် သုံးကြသည်ဟု သိရသည်။

ထိုဂျင်းပင်ကို ထိုင်းနိုင်ငံ၊ အရှေ့မြောက်ပိုင်းရှိ သစ်ပင်ပန်းမန် အရောင်းဆိုင်တစ်ဆိုင်တွင် တွေ့ရှိခဲ့ရသည်။

Source: AFP, AP, Aljazeera

အယ်ဂျာဇီးယားသတင်းဌာနက ရေးသားထားသည့် “Myanmar’s ghostly monkey among new species found in Mekong region”ဆိုသော ဆောင်းပါးကို CNI သတင်းဌာနက ဆီလျော်အောင်ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။