CNI Article News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၈

ပြီးခဲ့သည့် တစ်နှစ်ခန့်က တပ်မတော်က အရပ်သားအစိုးရကို ဖြုတ်ချခဲ့ပြီးနောက်ပိုင်း အရပ်သားသေဆုံးမှုများ တိုးလာနေ ချိန်တွင် တရုတ်သတ္တုတူးဖော်ရေးကုမ္ပဏီများသည် မြန်မာနိုင်ငံမှ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများ ဖယ်ရှားရန် တောင်းဆိုမှုများ နှင့် ရင်ဆိုင်နေရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံသတ္တုတွင်းများထံမှ တပ်မတော်အဝန်းအဝိုင်း၏ဝင်ငွေ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၇၂၅ သန်း ရရှိခဲ့ကြောင်း Publish What Your Pay Australia အစီရင်ခံစာ မကြာသေးမီက ထွက်ရှိခဲ့ ပြီးနောက် အထက်ပါအတိုင်း ကျွမ်းကျင်သူများနှင့် ထောက်ခံအားပေးသူများထံမှ တွန်းအားများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ် သည်။

“သတ္တုတွင်းကဏ္ဍသည် ဝင်ငွေနှင့်အခွန်အခတို့ မြိုးမြိုးမြက်မြက်ရသဖြင့် စစ်အုပ်စုအတွက် အလွန်အကျိုးအမြတ်များသော လုပ်ငန်းအမျိုးအစားတစ်ခုဖြစ်သည်” ဟု Publish What You Pay Australia အဖွဲ့မှ အမျိုးသားဒါရိုက်တာ ကလန်စီမိုးက ပြောကြားခဲ့သည်။ ၎င်းအဖွဲ့သည် သယံဇာတ တူးဖော်ရေးလုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုရှိစေရန်အတွက် နိုင်ငံတကာ ညွန့်ပေါင်းအဖွဲ့၏ တစိတ်တပိုင်းအဖြစ် ရပ်တည်နေသည်။

“စစ်တပ်ရဲ့ ငွေကြေးချို့တဲ့မှုနဲ့ နိုင်ငံခြားဝင်ငွေ နည်းပါးနေတဲ့အချိန်မှာ မြန်မာပြည်သူပြည်သားတွေကို တိုက်ခိုက်နှိမ်နင်းနေ တဲ့ လက်နက်နဲ့ပစ္စည်းကိရိယာတွေအတွက် သတ္တုတွင်းကနေရတဲ့ ဝင်ငွေတွေကို အသုံးချနိုင်ဖို့ အလားအလာကောင်းတယ်လို့ ကျနော်တို့ ယူဆပါတယ်” ဟု ၎င်းက ပြောသည်။

“ဒီနေရာမှာ တရုတ်အစိုးရရဲ့အခန်းကဏ္ဍဟာ အင်မတန်ကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က သတ္တုတူးဖော်ရေး ကဏ္ဍမှာ အင်အား အကောင်းဆုံး ကစားသမားဖြစ်နေလို့ပါပဲ” ဟု ၎င်းက ဖြည့်စွက်ပြောသည်။

အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာတွင် တရုတ်အစိုးရပိုင် စီးပွားရေးလုပ်ငန်းများက လာရောက် လုပ်ကိုင်နေ သော အကြီးဆုံး သတ္တုတွင်း ၃ တွင်းရှိသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလ အရပ်သားအစိုးရဖြုတ်ချခံခဲ့ရပြီးကတည်းက ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရာ လုံခြုံ ရေးတပ်ဖွဲ့များ၏ ဖြိုခွင်းမှုကြောင့် သေဆုံးသူ ၁၄၀၀ ကျော်ရှိခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ အဆိုအရ သိရသည်။ သို့သော် နစကဘက်ကတော့ AAPP ၏ ထုတ်ပြန်ချက်သည် အချက်အလက်များ မှားယွင်း နေခြင်းနှင့် တိကျမှုမရှိကြောင်း ပြန်လည်တုံ့ပြန်ထားသည်။

အရပ်သားအစိုးရကို ဖြုတ်ချခဲ့ပြီးကတည်းက ထောင်နှင့်ချီသောလူများ ဖမ်းဆီးခံခဲ့ရသလို အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ထိန်းသိမ်းခံခဲ့ရပြီး တပ်မတော်ဆန့်ကျင်မှုအပါအဝင် ရာဇဝတ်မှုများဖြင့် စွဲချက်အတင်ခံထား ရသည်။

 ပိုမိုနက်ရှိုင်းသော အိတ်ကပ်များ

ပြီးခဲ့သည့် နိုဝင်ဘာလက ထုတ်ပြန်ခဲ့သော Publish What You Pay Australia ၏ အစီရင်ခံစာတွင် တပ်မတော်၏ အဓိက ဝင်ငွေသည် ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ကျောက်မျက်ရတနာနှင့် သတ္တုတူးဖော်ရေးကဲ့သို့သော နိုင်ငံ၏ သဘာဝအရင်းအမြစ် များအပေါ်တွင် ပိုမိုမှီခိုလာမည်ဟု ခန့်မှန်းထားသည်။

အဆိုပါ ခန့်မှန်းတွေ့ရှိချက်သည် ပေါက်ကြားမှုနှင့် အများသူငှာ စာရွက်စာတမ်းများ အပါအဝင် သတင်းရင်းမြစ်များစွာကို အခြေခံထားသည်။ ယင်းသုတေသနသည် သတ္တုတူးဖော်ရေးအတွက် မြေပိုင်ရှင်မှ ရရှိသောနှုန်းများကို ခန့်မှန်းခြင်း၊ ကော်ပို ရိတ်(စီးပွားရေး) ဝင်ငွေခွန်နှင့် ထုတ်လုပ်မှုနှုန်းများစသည့် မတူညီသည့် အချက်များကို ထည့်သွင်းစဉ်းစားခဲ့သည်။ လေ့လာမှု တွင် ပါဝင်ခဲ့သော ပြည်တွင်းသုတေသီတစ်ဦးဖြစ်သည့် ကိုအောင် (အမည်လွှဲ)က တပ်မတော်အစိုးရလက်ထက်တွင် ယင်းဝင် ငွေများ ပွင့်လင်းမြင်သာမှု မရှိကြောင်း ထောက်ပြခဲ့သည်။

ဒီမိုကရေစီအရေးတောင်းဆိုနေကြစဉ်။(AP)

“စာချုပ်(သဘောတူညီချက်တွေ) ဒါမှမဟုတ် လိုင်စင်ကိစ္စတွေ အပြောင်းအလဲ ရှိ/မရှိဆိုတာတော့ ကျနော်တို့မှာ သိနိုင်တဲ့ နည်းလမ်းမရှိဘူးဗျ။ ဒါပေမယ့် သတ္တုတွင်းတွေကတော့ လည်ပတ်နေတုန်းပဲလို့ ဒေသခံ အသိုင်းအဝိုင်းတွေက ပြောကြပါ တယ်။ အပြောင်းအလဲ (ဒါမှမဟုတ်) ပြင်ဆင်ချက်မရှိဘူးဆိုရင် ဒီနှစ်ထဲမှာပဲ ငွေပေါ်မှာပါ” ဟု ၎င်းက ပြောသည်။

ပွင့်လင်းမြင်သာသော စနစ်မရှိခြင်းသည် မြန်မာ့သတ္တုတွင်းများတွင် တရုတ်ရင်းနှီးမြှုပ်နှံများကို ခြေရာခံရန် ခက်ခဲစေသည်ဟု ကလန်စီမိုးက ပြောသည်။

“တရုတ်ဘက်က လုပ်ငန်းရှင်တွေ ပါဝင်ပတ်သက်မှုကို ရှင်းရှင်းလင်းလင်း ပုံဖော်ထားခြင်းမရှိသလို ကျနော်တို့ သတိမပြုမိတဲ့ တရားမဝင် ငွေကြေးစီးဆင်းမှုတွေလည်း အများကြီးဖြစ်နိုင်ပါတယ်” ၎င်းက ဆက်ပြောသည်။

တရုတ်ရင်းနှီးမြှုပ်နှံသူများနှင့် တပ်မတော်ပိုင်လုပ်ငန်းတို့ ထိန်းချုပ်ထားသော လက်ပံတောင်းတောင် ကြေးနီ သတ္တုတွင်းနှင့် ပတ်သက်၍ ဝင်ငွေခွဲဝေမှု လှည့်စားခဲ့သည့်ပုံစံကို ကလန်စီမိုးက မီးမောင်းထိုးပြခဲ့သည်။

“ဒီစီမံကိန်းမှာ ထုတ်လုပ်မှုခွဲဝေပုံနဲ့ ဝင်ငွေခွဲဝေပုံက တခြားစီမံကိန်းတွေနဲ့ မတူဘူး။ ဘာကြောင့်လဲတော့ မသိဘူး” ဟု ၎င်းက ပြောသည်။

စာချုပ်ပါ သဘောတူညီချက်အရ ပြည်သူ့ဘဏ္ဍာဖြစ်ရမည့်အစား တပ်မတော်ပိုင်ကုမ္ပဏီကို မျက်နှာသာ ပေးထားကြောင်း ၎င်းက ဆက်ပြောသည်။

အရပ်သားအစိုးရဖြုတ်ချပြီးနောက် တပ်မတော်သည် သတ္တုတွင်းသယံဇာတများ သုံးစွဲခွင့် တိုးလာပုံရသည်။ မြန်မာနိုင်ငံတွင် မြေသုံးစွဲခ ပေးချေမှုအများစုမှာ နိုင်ငံပိုင် စီးပွားလုပ်ငန်းတစ်ခုမှတဆင့် ဝင်ငွေနှင့်အခွန်များ စီးဆင်းလျက်ရှိပြီး တရုတ်ကဲ့သို့ သော နိုင်ငံခြားကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်လေ့ရှိကြောင်း ကလန်စီမိုးက မှတ်ချက်ချခဲ့သည်။

“အခုအဲဒါတွေက စစ်တပ်ရဲ့ထိန်းချုပ်မှုအောက် ရောက်နေပြီ” ဟု ၎င်းက ရှင်းပြသည်။

အကျိုးအမြတ်မရှိ

ဒေသခံရွာသားများကို နေရာရွှေ့ပြောင်းစေသည့် မြေယာသိမ်းဆည်းမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် တရုတ်လုပ်ကိုင် နေသော သတ္တုတွင်းများ၌ အငြင်းပွားမှု ဖြစ်ပွားနေသည်။ အထူးသဖြင့် ကျောက်မိုင်းများတွင် တရုတ်လုပ်သားများကို ချထား ခြင်းက ပြဿနာကို ပိုမိုကြီးထွားစေသည်ဟု သုတေသီ ကိုအောင်က ပြောသည်။

“ဒါက သူတို့ဘက်က မျှော်လင့်ချက်တလွဲတွေ ပေးတာမို့ ဒေသခံလူထုနဲ့ ပဋိပက္ခဖြစ်ခဲ့ရတာပါ” ဟု ၎င်းက ပြောသည်။

မကြာသေးမီ လများအတွင်း အခြေအနေများ ပိုဆိုးလာခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“အာဏာမသိမ်းခင်က ကန့်သတ်ချက်တွေ အများကြီးချမှတ်ခဲ့ပေမယ့် စစ်တပ်လက်အောက်ရောက်တော့ စစ်လက်နက် ပစ္စည်းတွေဝယ်ဖို့ ဒီငွေတွေ ယူသုံးတာကြောင့် မြန်မာပြည်သူတွေအတွက် ဒီစီမံကိန်းတွေကနေ အကျိုးအမြတ် မရနိုင်ဘူးလို့ ပြောလို့ ရပါတယ်။ ရပ်ရွာစီမံကိန်းတွေအတွက် ဝင်ငွေဆိုလို့ အခု ဘာမှမတွေ့ရတော့ဘူး။ ဒါကြောင့် ကျနော်တို့ မြန်မာ ပြည်သူတွေဟာ ဒီသတ္တုတွင်း စီမံကိန်းတွေကနေ ဘာအကျိုးအမြတ်မှ မရနိုင်ပါဘူး” ဟု ကိုအောင်က ထုတ်ဖော်ပြောကြား ခဲ့သည်။

၁၉၉၀ ပြည့်လွန်နှစ်များက တပ်မတော်အစိုးရ အုပ်ချုပ်ခဲ့သည့် ပုံစံမျိုးအတိုင်း တကျော့ပြန် တရုတ်နှင့်စီးပွားရေး နက်နက် ရှိုင်းရှိုင်း ဖြစ်လာနိုင်ကြောင်း ၎င်းက တွက်ဆပြသည်။

တရုတ်ကုမ္ပဏီများသည် တပ်မတော်အစိုးရနှင့် အဆက်အသွယ် ဖြတ်တောက်ခြင်းအားဖြင့် ဒီမိုကရေစီအရေး လှုပ်ရှားမှု၏ တောင်းဆိုချက်များကို တုံ့ပြန်သင့်ကြောင်း ဩစတြေးလျနိုင်ငံ၊ Curtain တက္ကသိုလ်၊ စီမံခန့်ခွဲမှုပညာဌာန၊ နိုင်ငံတကာ စီးပွားရေးဆိုင်ရာ လက်ထောက်ပါမောက္ခ ဒေါက်တာထွေးထွေးသိန်းက ပြောသည်။

“မြန်မာနိုင်ငံမှာ ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် စစ်တပ်ကို ငွေကြေး မထောက်ပံ့သင့်ဘူးဆိုတာ ရင်းနှီးမြှုပ်နှံသူ အားလုံး သိထားရမယ်” ဟု ၎င်းက ဆက်ပြောသည်။

“စစ်တပ်ကို ဝင်ငွေပေးတာဟာ တခြားကုမ္ပဏီတွေနဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ သူတို့ဂုဏ်သိက္ခာကို ထိခိုက်စေမှာဖြစ်တယ်” ဟု ၎င်းက ဖြည့်စွက်ပြောသည်။

လက်ပံတောင်းတောင် စီမံကိန်း ကန့်ကွက်သူများကို လုံခြုံရေးတပ်ဖွဲ့က တားဆီးနေစဉ်။

သို့သော် တရုတ်ကုမ္ပဏီများက မြန်မာနိုင်ငံတွင် ၎င်းတို့လုပ်ငန်းများ ကျင့်ဝတ်အရ ဆိုင်းငံ့ထားရန်နှင့် ဂုဏ်သိက္ခာပိုင်း ထိခိုက် မှု မရှိစေရန် (သို့မဟုတ်) သယံဇာတ အရင်းအမြစ်များ ထုတ်ယူခြင်းအပေါ် ရေတိုရည်မှန်းချက်များဖြင့် တွန်းအားပေးရန် စသည့် အချက်များကိုတော့ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဒေါက်တာထွေးထွေးသိန်းက မှတ်ချက်ချခဲ့သည်။

ဒေသတွင်း တည်ငြိမ်မှုကို ထိပါးလာနိုင်သည့်အန္တရာယ်

ကော်ပိုရိတ်တာဝန်များကို ကျယ်ကျယ်ပြန့်ပြန့် သုတေသနပြုခဲ့သူ ပါမောက္ခဒေါက်တာထွေးထွေးသိန်းက “တရုတ်အစိုးရနဲ့ စီးပွားရေးလုပ်ငန်းတွေဟာ မြန်မာနိုင်ငံမှာ စစ်တပ်အပေါ် ကြီးမားတဲ့ဩဇာလွှမ်းမိုးမှု ရှိနေပါတယ်၊ တကယ်လို့ မြန်မာနိုင်ငံ ဟာ အုပ်ထိန်းမှု ကင်းမဲ့နေတယ်ပြောမယ်ဆိုရင် လက်ရှိမှာ စစ်တပ်က တိုင်းပြည်တည်ငြိမ်အောင် လုပ်ဖို့ ပျက်ကွက်နေပုံရတဲ့ သဘောပါပဲ။ ဒါကြောင့် မတည်မငြိမ်ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေရဲ့ လုံခြုံရေးနဲ့ ရေရှည်တည်တံ့ ခိုင်မြဲ မှုတွေကို ခြိမ်းခြောက်လာနိုင်ပါတယ်” ဟု သုံးသပ်သည်။

“အဲဒါမျိုးကို တရုတ်အစိုးရနဲ့ လုပ်ငန်းရှင်တွေက ကျေနပ်မှာ မဟုတ်ဘူး” ဟု ၎င်းက ထပ်လောင်းပြောခဲ့သည်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအပြည့်အဝ မရမချင်း လုပ်ငန်းများ ဆိုင်းငံ့ထားသင့်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

ပိုမိုဆိုးရွားလာသည့် အကြမ်းဖက်မှုများသည် မိုင်းတွင်းနှင့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ အပါအဝင် အခြေခံ အဆောက်အအုံများကို တိုက်ခိုက်ခြင်း၊ ပြည်သူများ အကြိမ်ကြိမ် ရွှေ့ပြောင်းနေထိုင်ရခြင်းနှင့် ဒေသတွင်း တည်ငြိမ်ရေးကို ခြိမ်းခြောက်မှု ဖြစ်စေနိုင်ခြင်းတို့ ရှိနေကြောင်း ကလန်စီမိုးက ထောက်ပြခဲ့သည်။  

“ဒါက တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ထိခိုက်စေပြီး ဒေသတစ်ခုလုံးရဲ့ အကျိုးစီးပွားကို ဆန့်ကျင်ပါတယ်” ဟု ၎င်းက ဆိုသည်။

“သူတို့ (တရုတ်ရင်းနှီးမြုပ်နှံသူတွေ)ဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအတွက် သူတို့ရဲ့သြဇာလွှမ်းမိုးမှုကို အသုံးချနိုင်မယ်ဆိုရင် စီးပွားရေးရာသီဥတု၊ သူတို့အကျိုးအမြတ်နဲ့ ပထဝီနိုင်ငံရေး တည်ငြိမ်မှုတွေကို အထောက်အကူ ပြုပါလိမ့်မယ်”ဟု ကလန်စီမိုးက ပြောကြားခဲ့သည်။

တချိန်တည်းမှာပင် စင်ပြိုင်ဖြစ်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးက “အာဏာသိမ်းပြီးနောက်ပိုင်း စစ်အစိုးရရဲ့ ထိန်းချုပ်မှုအောက်ရောက်သွားတဲ့ နိုင်ငံတကာ လုပ်ငန်းတွေကို ဒဏ်ခတ်အရေးယူသင့်ပြီး တိုင်းပြည်ကနေ ထွက်စေသင့်တယ်”ဟု ပြောသည်။

“မြန်မာနိုင်ငံမှာ အလုပ်မဆင်းနိုင်ရင် (ဒါမှမဟုတ်) အလုပ်ဆိုင်းငံ့ထားမယ်ဆိုရင် သူတို့ရဲ့ ဝန်ထမ်းတွေရဲ့ ဘေးကင်းရေးနဲ့ လူမှုဖူလုံရေးကို မြှင့်တင်ပေးဖို့ တရုတ်ကုမ္ပဏီတွေအနေနဲ့ တတ်နိုင်သမျှ အဆင့်လိုက် လုပ်ဆောင်ကြဖို့” ၎င်းက တောင်းဆို ခဲ့သည်။

“သူတို့အနေနဲ့ လူ့အခွင့်အရေးကို မြှင့်တင်ရင်း လုံ့လစိုက်ထုတ်ပြီး တရားမဝင်စစ်အစိုးရနဲ့ ချိတ်ဆက်နေတဲ့ ပြည်တွင်း စီးပွားရေး လုပ်ဖော်ကိုင်ဖက်တွေနဲ့ အလုပ်မလုပ်မိဖို့၊ နိုးနိုးကြားကြားရှိဖို့လိုတယ်” ဟု ဦးမိုးဇော်ဦးက ဆက်ပြောသည်။

လက်ရှိအခြေအနေတွင် တပ်မတော်နှင့် မပေါင်းသင်းဘဲ မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံရန် သို့မဟုတ် စီးပွားရေးလုပ်ရန် ခက်ခဲမည်ဟု ၎င်းက ဝန်ခံသော်လည်း အနည်းဆုံး တာဝန်ယူနိုင်သော ထွက်ပေါက်ကို ထည့်သွင်း စဉ်းစားသင့်သည်ဟု ၎င်းက အကြံပြုသည်။        ။

 Source: South China Morning Post