CNI Article News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၅

အိန္ဒိယအရှေ့မြောက် နယ်စပ်ဒေသမှ ခွဲထွက်ရေး သူပုန်အဖွဲ့များသည် လပေါင်းများစွာကြာသည့် စစ်ဆင်ရေး တစ်ခုအတွင်း ၎င်းတို့ စခန်းများနှင့် လေ့ကျင့်ရေး အဆောက်အဦများ ဖျက်သိမ်းပြီးနောက် မြန်မာနိုင်ငံဘက်ခြမ်း၌ နှစ်နှစ်ကျော်ကြာ ပြန် လည်စုဖွဲ့ နေခဲ့ပြန်သည်။

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်(ယုံးအောင်-NSCN-K/YA)၏ ယုံးအောင်အဖွဲ့ခွဲနှင့် ဆက်နွှယ်နေသည့် အရာရှိ ဟောင်းများ၏အဆိုအရ အိန္ဒိယနယ်စပ်၊ အာသံပြည်နယ်နှင့် မဏိပူရပြည်နယ်တို့မှ စစ်သွေးကြွအနည်းဆုံး ၄ ဖွဲ့၊ ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA) ၊ Kangla Yawol Kanna Lup (KYKL) နှင့် Kangleipak (PREPAK) ၊ ပြည်သူ့ ရီပတ် ဘလစ်ကန်ပါတီ (PREPAK)တို့ အပါအဝင် အဖွဲ့အသီးသီးတို့က မြန်မာဘက်ခြမ်းရှိ နာဂတိုင်းရင်းသားများ နေထိုင်ရာဒေသ တွင် ၎င်းတို့တပ်အင်အားများကို ပြန်လည်နေရာချထားခဲ့ကြောင်း သိရသည်။

၎င်းတို့ကို မြန်မာနိုင်ငံဘက်ရှိ ဟိုယတ် (Hoyat) ကျေးရွာ၏ အရှေ့ဘက်နေရာတွင် တွေ့ရှိခဲ့ရကြောင်း ခွန်းညက်နာဂဒေသမှ NSCN-K/YA အဖွဲ့မှ အရာရှိဟောင်းများက ပြောသည်။

အဆိုပါ အရှေ့မြောက်ဒေသ သူပုန်အဖွဲ့များသည် မြန်မာဘက်ခြမ်းတွင် အမှန်တကယ် ပြန်လည်စုဖွဲ့နေကြကြောင်း နယူး ဒေလီရှိ အိန္ဒိယအစိုးရ အဆင့်မြင့်အရာရှိတစ်ဦးက The Diplomat သို့ အတည်ပြုခဲ့သည်။

ပုံ- NSCN-K တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်

NSCN-K/YA သည် ယခင်ပုံစံအတိုင်း မြန်မာနိုင်ငံတွင် ဌာနချုပ် စခန်းချထားနိုင်ရေး ကြိုးပမ်းလျက်ရှိပြီး ၎င်းတို့စခန်း၏ ၆ ကီလိုမီတာမှ ၁၀ ကီလိုမီတာ အကွာအဝေး ပတ်ပတ်လည် အခြားတပ် အစုအဖွဲ့များ ခိုအောင်းနေကြောင်း အဆိုပါ အိန္ဒိယ အဆင့်မြင့်အရာရှိက ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါ အဖွဲ့အားလုံးတို့သည် အိန္ဒိယနယ်စပ်၊ အာသံပြည်နယ်ရှိ သူပုန်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် အာသံညီညွတ်ရေးနှင့် လွတ် မြောက်ရေးတပ်ဦး (ULFA-I)၏ သီးခြားအဖွဲ့အခွဲနှင့် တက်ကြွစွာ ချိတ်ဆက်ခဲ့ကြသည်။ ULFA-I သည် အိန္ဒိယအစိုးရနှင့် တဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း ကြေညာပြီးဖြစ်သည်။

ကပ်ရောဂါကြောင့်ဟု တစိုက်မတ်မတ် ပြောကြားခဲ့သော ၎င်းတို့၏ အပစ်အခတ်ရပ်စဲရေးအတွင်း မြန်မာနိုင်ငံရှိ စခန်းများ တွင် လက်နက်ချသူ အရေအတွက် တိုးပွားလာခဲ့သည်။ ထိုအထဲတွင် လက်နက်ကိုင်အဖွဲ့များအတွင်း ဆယ်စုနှစ်များစွာ လုပ်ကိုင်ခဲ့သော အရာရှိအချို့ ပါဝင်သည်။

သို့သော် အပစ်အခတ်ရပ်စဲရေးနှင့်အတူ ULFA-I သည် လစ်လပ်နေသော ရာထူးများကို ဖြည့်ဆည်းရန်အတွက် အမာခံ (ကေဒါ) အသစ်များ စုဆောင်းနေကြောင်း အာသံပြည်နယ်အတွင်းရှိ ဒေသဆိုင်ရာ ရုပ်သံလိုင်းအချို့မှ သတင်းထုတ်လွှင့်ခဲ့ သည်။

ပြီးခဲ့သည့် နိုဝင်ဘာလတွင် အမျိုးသမီးအချို့ နယ်စပ်ဖြတ်ကျော်ကာ အဆိုပါအဖွဲ့အတွင်းသို့ ဝင်ရောက်ခဲ့ရာ ၎င်းတို့ထဲတွင် နာမည်ကြီး ကစ်ဘောက်ဆာ (လက်ဝှေ့)သမားနှစ်ဦးလည်း ပါဝင်သည်။

အိန္ဒိယအရှေ့မြောက်ဒေသမှ ခွဲထွက်ရေး စစ်သွေးကြွများ၏ မြန်မာဘက်ခြမ်းရှိ ခြေကုပ်စခန်းများကို တပ်မတော်က ချေမှုန်း ပြီးနောက် နှစ်နှစ်အကြာတွင် ၎င်းစစ်သွေးကြွများ ပြန်လည်စုဖွဲ့မှု ဖြစ်တည်လာကြောင်း သိရသည်။

အဆိုပါစစ်ဆင်ရေးအတွင်း မြန်မာနိုင်ငံ၊ ဟူးကောင်းတောင်ကြား၊ တာဂါဒေသရှိ အဆောက်အဦများနှင့်  NSCN-K ၏ ဒုတိယ တပ်ရင်း၊ နာဂတိုင်းရင်းသားများ နေထိုင်ရာဒေသရှိ ဌာနချုပ်၊ အခြားသူပုန်အဖွဲ့များ စခန်းချထားသည့် နေရာအသီးသီးတို့တွင် တိုက်ခိုက်ဖျက်ဆီးခြင်း ခံခဲ့ရသည်။ ယင်းစစ်ဆင်ရေး၌ သေဆုံးခဲ့သည့် သူပုန်အရေအတွက်မှာ ထင်ကြေးပေးရုံ အဆင့်အဖြစ် သာ ရှိနေသေးသည်။

ပုံ-ULFA-I တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်

သေချာသည့် အချက်တစ်ချက်မှာ မဏိပူရဝတ်စုံများနှင့် စစ်သွေးကြွအများစုသည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းတောင်ပိုင်းမှ စခန်းများဆီသို့ ဦးတည်နေခြင်းပဲ ဖြစ်သည်။

အခြားအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ဘိုဒိုလန်းအမျိုးသား ဒီမိုကရက်တစ်တပ်ဦး (NDFB) သည် လက်နက်ချကာ အိန္ဒိယအစိုးရနှင့် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်။ တစ်ချိန်တည်းမှာပင် ULFA-I က ၎င်းတို့ စစ်ဆင်ရေးအတွင်း မပျက်စီးသေး သည့် ပန်မီနာဂ (Pangmi Naga) နယ်မြေရှိ ULFA-I စခန်းများ မြောက်ဘက်သို့ ဦးတည်ရွေ့လျားခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြန်မာ့တပ်မတော်က အာဏာသိမ်းပြီးနောက် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများမှာ သိသိသာသာ ပြောင်းလဲလာခဲ့သည်။

မြန်မာနိုင်ငံတွင် ၁၉၉၀ ပြည့်နှစ် အစောပိုင်း အဖြစ်အပျက်များနှင့် ဆင်တူသည့် အခင်းအကျင်းများ တဖန်ပေါ်ပေါက်လာခဲ့ရာ တပ်မတော်သည် ကချင်နှင့်ကရင်ကဲ့သို့ နေရာအချို့ရှိ လက်နက်ကိုင် အုံကြွမှုများကို ထိရောက်စွာ တိုက်ခိုက်ရန်အတွက် ၎င်း၏ အရင်းအမြစ်များကို ပြတ်သားစွာ အသုံးချကာ ပြည်နယ်အသီးသီးရှိ လက်နက်ကိုင် အစုအဖွဲ့များစွာနှင့် ပုံမှန်ဆက်ဆံ ရေးကို ပြန်လည်တည်ဆောက်ခဲ့သည်။

မဏိပူရဘက်မှ လက်နက်ကိုင် အစုအဖွဲ့များနှင့် ရင်းနှီးကျွမ်းဝင်နေသည့် အတောအတွင်း ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ကိုလည်း တပ်မတော်က တိုက်နေရသည်။

ထို့ကြောင့် မြန်မာစစ်တပ်သည် အဆိုပါ အဖွဲ့များနှင့် နားလည်မှုအသစ်များ ရရှိခဲ့ကြောင်း ထင်ရှားပြီး မြန်မာနိုင်ငံ၊ နာဂဒေသ တွင် သူပုန်ကေဒါများ တိုးလာနေကြောင်း ကောင်းစွာသိရှိသည်။

ထိုစစ်သွေးကြွအုပ်စုများသည် အိန္ဒိယအရှေ့မြောက်ပိုင်းတွင် ၎င်းတို့လှုပ်ရှားမှုများ ရေရှည်တည်တံ့ခိုင်မြဲစေရေး သေချာစေဖို့ ချိတ်ဆက်မှုများနှင့် ထောက်ပံ့ရေးလမ်းကြောင်းသစ်များ ထပ်မံထူထောင်ကြမည်မှာ ဖြစ်နိုင်ခြေရှိပါသည်။

ULFA-I သည် ၎င်း၏ လုပ်ငန်းဆောင်ရွက်မှု ရည်မှန်းချက်ကို ချဲ့ထွင်ရန်အတွက် အာသံပြည်နယ်အတွင်းရှိ သီးခြားရပ်ရွာများ သို့ ဦးတည် သွားနိုင်သည်ဟု အာသံစောင့်ကြည့်လေ့လာသူများက သုံးသပ်ကြသည်။

ပုံ-NDFB တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက မီဒီယာများထံပေးပို့ခဲ့သည့် ULFA-I မှ နောက်ဆုံးထုတ်ဝေသော “ဆွဒ်ဒီနတာ” (လွတ်လပ်ရေး) အမည်ရှိစာစောင်တွင် အထက်ပါ အချက်များနှင့်ပတ်သက်၍ အရိပ်အယောင်အချို့ကို ရေးသားဖော်ပြထားသည်။

ယင်းသို့ တိုးတက်လာခြင်းသည် ဒေသတွင်းသူပုန်အဖွဲ့များ၏ လှုပ်ရှားမှု အသစ်တဖန် ပေါ်ထွက်လာနိုင်ကြောင်း အဓိပ္ပါယ်ရ၍ နယူးဒေလီကို စိုးရိမ်မှုများ တိုးလာစေခဲ့သည်။

မကြာသေးခင် နှစ်ကုန်ပိုင်း ဒီဇင်ဘာ ၂၂ ရက်မှ ၂၃ ရက်အထိ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ဟာ့ရှ်ဗာဒန်ရှရင်ဂလာ (Harsh Vardhan Shringla) မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသို့ အိန္ဒိယ အဆင့်မြင့် အရာရှိတစ်ဦး၏ ပထမဆုံး လာရောက်မှုကိုကြည့်လျှင် အိန္ဒိယအရှေ့မြောက်ပိုင်းတွင် မကြာသေးမီက စစ်သွေးကြွ များ တိုက်ခိုက်မှုများအပြီး အိန္ဒိယနိုင်ငံ၏ လုံခြုံရေး စိုးရိမ်လာကြောင်း တွေ့ရသည်။

နိုဝင်ဘာ ၁၄ ရက်ကလည်း မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော မဏိပူရပြည်နယ်တွင် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA)က ခြုံခိုတိုက်ခိုက်ခဲ့ရာ အရာရှိတစ်ဦး အပါအဝင် အာသံရိုင်ဖယ်တပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့သည်။ ယင်းသို့ ခြုံခိုတိုက်ခိုက်ပြီး နာရီပိုင်းအကြာတွင် အိန္ဒိယတပ်ဖွဲ့ဝင်များ တာဝန်ကျရာ အကွာအဝေးကို ကျော်လွန်လျက် မြန်မာနယ်စပ်ရှိ ၎င်းတို့ခြေကုပ်စခန်းများသို့ PLA တပ်သားများ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး ထိန်းသိမ်းဖို့ လိုကြောင်း အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန်က ပြောကြားခဲ့သည်။ ၎င်းတို့သက်ဆိုင်ရာ နယ်မြေများကို အခြားအစိုးရနှင့် ဆန့်ကျင်ဘက် လှုပ်ရှား မှုများအတွက် အသုံးပြုခွင့်မပေးကြောင်း ကတိကဝတ်များကို နှစ်ဖက်စလုံးက ထပ်လောင်း ပြောကြားခဲ့ကြသည်။

ယခင်နှစ်များက တွေ့ဆုံမှုများတွင်လည်း မြန်မာ့တပ်မတော်က အိန္ဒိယကို အာမခံချက် အများအပြား ပေးခဲ့ဖူးသည်။ သို့သော် သူပုန်စခန်း (သို့မဟုတ်) မူးယစ်ဆေးဝါး၊ ရွှေ၊ ကွမ်းသီးနှင့် ငွေစက္ကူအတုကဲ့သို့ မှောင်ခိုပစ္စည်း အသေးအမွှား ကိစ္စများကိုသာ လုပ်ဆောင်ပေးခဲ့သည်။

Operation Sunrise ကတော့ ချွင်းချက်ကိစ္စအဖြစ် ထားရှိသည်။ မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လတွင် အိန္ဒိယနိုင်ငံသို့ သွားရောက်လည်ပတ်ပြီး ၆ လအတွင်းကို နှိမ်နင်းရန် သဘောတူ ညီမှု ရရှိခဲ့သည်။

မကြာသေးမီ ဒီဇင်ဘာ ၁၇ ရက်တွင် မြန်မာအာဏာပိုင်များက PLA အရာထမ်းအဆင့်ရှိသူ ၅ ဦးကို အိန္ဒိယအာဏာပိုင်များထံ လွှဲပေးခဲ့သည်။ သည့်မတိုင်မီ နိုဝင်ဘာလ မဏိပူရပြည်နယ်အတွင်း ခြုံခိုတိုက်ခိုက်ခံရမှုတွင်လည်း အဆိုပါ ၅ ဦး ပါဝင်ခဲ့ ကြောင်း အချို့က ထင်ကြေးပေးမှုများ ပေါ်ထွက်ခဲ့သေးသည်။ သို့သော် PLA အဖွဲ့ဝင် ၅ ဦးကို အိန္ဒိယသို့ မလွှဲမီ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ကတည်းကပင် မန္တလေးမြို့တွင် အခြားစွဲချက်များဖြင့် ဖမ်းဆီးထောင်ချခဲ့သေးကြောင်း အထောက်အထား ရရှိခဲ့ သည်။          ။

Source: The Diplomat

(thediplomat.com တွင် ဇန်နဝါရီ ၃ ရက် ရက်စွဲဖြင့်ဖော်ပြထားသော မူရင်းဆောင်းပါးရှင် Rajeev Bhattacharyya ၏ဆောင်းပါးကို CNI က ဆီလျော်အောင် ဘာသာပြန်ဆို တင်ဆက်ပေးလိုက်ပါသည်)