CNI Article News
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၂
လက်ရှိ အခါသမယ၌ အရှေ့အလယ်ပိုင်းဒေသတွင် အံ့အားသင့်စရာ ဖွံ့ဖြိုးတိုးတက်မှုတစ်ခု ဖြစ်ပေါ်နေသည်။ သံခင်းတမန် ခင်း အဖူးအပွင့်များသည် ဒေသတွင်း၌ ဝေဆာလာနေသည်။ သာမန်အားဖြင့် တစ်ဦးအပေါ် တစ်ဦး အလျှော့အတင်း လုပ်လာ ကြသော ခေါင်းဆောင်များသည် နိုင်ငံအလိုက် အကျိုးစီးပွားအတွက် ပိုမို အပြုသဘောဆောင်သည့် အစီအစဉ်များ ပြုလုပ်ကြ သည်။
တစ်ချိန်က ဒေသတွင်း ဩဇာလွှမ်းမိုးရန်အတွက် တစ်ဖက်နှင့်တစ်ဖက် အသေအကြေ ရန်လိုခဲ့ကြသော နိုင်ငံများသည် ကမ္ဘာ့ အစိတ်အပိုင်းတစ်ခုတွင် အပူချိန်လျော့ကျစေရန် ပဋိပက္ခများထက် ကိုယ့်ခြံစည်းရိုး ကိုယ်ပြုပြင်ဖို့ စတင် လုပ်ဆောင်နေပြီ ဖြစ်သည်။
အစ္စရေးဝန်ကြီးချုပ် နက်ဖ်တလီဘန်းနက်နှင့် ယူအေအီး အိမ်ရှေ့စံမင်းသား ရှိတ်မိုဟာမက် ဘင်ဇာယက်တို့အကြား ဒီဇင်ဘာလ၌ တွေ့ဆုံမှုသည် ယခင်က ရန်လိုခဲ့ကြသော နိုင်ငံအချင်းချင်းအတွက် နောက်ဆုံးပေါ် စံနမူနာဖြစ်သည်။
ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟာမက် ဘင်ဆေလ်မန်သည် ယခင်က အိမ်နီးချင်း ကာတာနိုင်ငံကို အကြမ်းဖက်မှု အားပေး ကူညီသည်ဟု စွပ်စွဲခဲ့ဖူးသော်လည်း ဒီဇင်ဘာ ၈ ရက်က ကာတာခေါင်းဆောင် ရှိတ်တမင်း ဘင်ဟာမက် အယ်လ်သနီနှင့် ပုဂ္ဂိုလ်ရေးအရ နှီးနှောတိုင်ပင်ရန် ဒိုဟာမြို့သို့ ဆိုက်ရောက်လာခဲ့ပြန်သည်။
ဆော်ဒီအာရေဗျ၊ ယူအေအီး၊ ဘာရိန်းနှင့် အီဂျစ်တို့သည် ပါရှန်ပင်လယ်ကွေ့နိုင်ငံဖြစ်သည့် ကာတာနှင့် လေကြောင်း၊ ကြည်း ကြောင်းနှင့် ရေကြောင်း ပြန်လည် ဆက်သွယ်ကြပြီးနောက် တစ်နှစ်အကြာတွင် ဆော်ဒီမင်းသား ဒိုဟာမြို့သို့ ရောက်လာခဲ့ ခြင်းလည်း ဖြစ်သည်။ ထိုအချင်းအရာများက ရီယာ့ဒ်(ဆော်ဒီ)နှင့် ၎င်း၏ မိတ်ဖက်နိုင်ငံများ လိုလားသည့် နိုင်ငံခြားရေးမူဝါဒ အပြောင်းအလဲကို ပြသလို့နေသည်။
ပုံ-အီရတ်နိုင်ငံမှာ ရှိနေတဲ့ အမေရိကန်တပ်ဖွဲ့ကိုတွေ့ရစဉ်။(AP)
အစ္စရေးဝန်ကြီးချုပ်နှင့် မတွေ့မီ တစ်လနီးပါးအလို နိုဝင်ဘာ ၂၄ ရက်တွင် ယူအေအီး အိမ်ရှေ့စံမင်းသား မိုဟာမက်သည် တူရကီဝန်ကြီးချုပ် ရီဆက်ပ်တေယစ် အာဒိုဂန်နှင့် စီးပွားရေး၊ ဘဏ္ဍာရေးဆိုင်ရာ သဘောတူညီချက်များ ဆက်တိုက် လက် မှတ် ရေးထိုးရန် တူရကီနိုင်ငံသို့လည်း ခြေချခဲ့သည်။
ဒေသတွင်း ပြတ်ရွေ့ကြော၏ တစ်ဖက်ခြမ်းတွင် အာရပ်နွေဦး ဆန္ဒပြမှု စဖြစ်ချိန်ကတည်းက ယူအေအီးနှင့် တူရကီ နှစ်နိုင်ငံ ကြား ပြဿနာပေါင်း သောင်းခြောက်ထောင် ရှိခဲ့လင့်ကစား မျက်မှောက်ကာလ အဆိုပါ လက်မှတ်ရေးထိုးပွဲ အခမ်းအနား သည် ပြေလည်ရေး အားဆေးတစ်ခွက် ဖြစ်လာခဲ့သည်။
ယခု လက်မှတ်ရေးထိုးမှု မတိုင်ခင်က ယူအေအီးမင်းသား တူရကီသို့ ခြေဦးမလှည့်သည်မှာ ဆယ်စုနှစ် တစ်ခုနီးပါးရှိပြီ ဖြစ် သည်။ အကြောင်းကတော့ ယခင့်ယခင်က အာဒိုဂန်၏ လုပ်ရပ်များသည် မွတ်ဆလင်ညီနောင်အဖွဲ့ (မွတ်ဆလင် ဘရားသား ဟုဒ်) ကဲ့သို့ အုပ်စုများကို သုံး၍ ပင်လယ်ကွေ့ဒေသတွင် မိသားစုအစဉ်အဆက် အုပ်ချုပ်လာသည့်စနစ်ကို ခြိမ်းခြောက်မှု အဖြစ် ယူအေအီးက ရှုမြင်ခဲ့ဖူး၍ ဖြစ်သည်။
၎င်းတို့ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်ရန် မြေထဲပင်လယ်ရှိ သဘာဝဓာတ်ငွေ့တွင်းများအရေး အငြင်းပွားနေသည့် ပြဿနာများကို ဖယ်ရှားရန် တူရကီနှင့် အီဂျစ်တို့ ကြိုးပမ်းရာတွင် အဆိုပါနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီး အချင်းချင်း ၂၀၂၁ ခုနှစ်တွင် တွေ့ဆုံကြပြီး နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရန် ကြိုးပမ်းနေကြသည်။
ချစ်ကြည်ရင်းနှီးသည့် အမူအယာအနေဖြင့် တာ့ခ်နှင့် အီဂျစ်လူမျိုးတို့သည် မီဒီယာကဏ္ဍ၌ ၎င်းတို့ကိုယ်စီ ဝါဒဖြန့် တိုက်ပွဲများ ကို လျှော့ချနေကြသည်။
ဆော်ဒီနှင့် ယူအေအီးတို့သည် အီရန်နိုင်ငံသို့ ဆွေးနွေးပွဲများ အထမြောက်ရန် ကြိုးပမ်းနေကြပြီး အကယ်၍ အထမြောက်ပါက အရှေ့အလယ်ပိုင်းဒေသတွင် ဆယ်စုနှစ်များစွာ မွှေ နှောက်နေသည့် တစ်ဆင့်ခံ စစ်ပွဲ (proxy war) များ သက်သာစေမည့် အလားအလာ ရှိနေသည်။
ပုံ-အမေရိကန်တပ်ဖွဲ့ကိုတွေ့ရစဉ်။(AFP)
ရီယာ့ဒ်နှင့် တီဟီရန်တို့အကြား သံခင်းတမန်ခင်း ဆက်ဆံရေးမှာ ပျင်းရိငြီးငွေ့စရာ စိတ်ပျက်ဖွယ် ကောင်းနေသေးသော်လည်း (ယုတ်စွအဆုံး ဆော်ဒီ၏ UN သံတမန်အဆိုအရ) ၁၉၇၉ ခုနှစ် အီရန် အစ္စလာမ္မစ်သမ္မတနိုင်ငံ ထွန်းကား လာကတည်းက တင် ရှိခဲ့သော သံသယများ၊ သွေးထိုးမှုများကြားမှ စေ့စပ်ညှိနှိုင်းရေး ဆက်လက်ရှိနေဆဲဖြစ်သည်။ ထို စေ့ စပ်ညှိနှိုင်းရေးအရှိန်မှာ လုံးဝ ကျဆင်းသွားခြင်းတော့ မဟုတ်။
တစ်ချိန်က ဆီးရီးယားအာဏာရှင် ဘတ်ရှာအယ်လ်အာဆတ်သည်ပင်လျှင် ဒေသတွင်း အပယ်ခံဘဝသို့ ပြန်ရောက်နေပြီ ဖြစ် သည်။ သို့သော် ယူအေအီး၊ ဆော်ဒီအာရေဗျ၊ ဂျော်ဒန်၊ အိုမန်နှင့် အီရတ်တို့သည် ယခုနှစ်အတွင်း ဒမတ်စကက်နှင့် ထိတွေ့ ဆက်ဆံမှု တိုးမြှင့်လာခဲ့ရာ အခြားနိုင်ငံများထက် ပိုမိုတိုးမြှင့်ခဲ့ကြောင်း သိသာထင်ရှားပါသည်။
ပြီးခဲ့သည့် အောက်တိုဘာတွင် အာဆတ်သည် ဆီးရီးယားပြည်တွင်းစစ် စတင်ခဲ့သည့် ၂၀၁၁ ခုနှစ်နောက်ပိုင်း ဂျော်ဒန်ဘုရင် အဗ္ဗဒူလာနံပါတ်နှစ် (Abdullah II) ထံမှ ပထမဆုံး ဖုန်းခေါ်ဆိုမှု လက်ခံခဲ့သည်။ အဗ္ဗဒူလာသည် အာဆတ် နုတ်ထွက်ရေး အတွက် ပထမဆုံး တောင်းဆိုခဲ့ဖူးသည့် အာရပ်ခေါင်းဆောင်ဖြစ်ပြီး ဆီးရီးယားနှင့်ဆက်ဆံရေးမှာ ကာလတစ်ခုကြာ အေး အေး စက်စက်ရှိခဲ့သည်။
သို့သော် ယခု ခေါင်းဆောင်နှစ်ဦး ဖုန်းခေါ်ဆိုမှုမတိုင်မီ ရက်အနည်းငယ်အလိုမှာ ဂျော်ဒန်-ဆီးရီးယားနယ်စပ်ရှိ ဗဟိုကူးသန်း ရောင်းဝယ်ရေးနှင့် ပုံမှန်ကုန်သွယ်မှု ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြသည်။
အထက်ပါ အဖြစ်အပျက်အားလုံးကို အချိန်ကိုက် အတိအကျ မောင်းနှင်နေသူမှာ မည်သူဖြစ်သနည်း။
သံတမန်ရေး လမ်းကြောင်းတစ်ခုစီက ထူးခြားသော်လည်း ၎င်းတို့ကို ပေါင်းစပ်ပေးထားသော ဘုံနေရာဆုံချက် ရှိနေဆဲဖြစ် သည်။ ထိုဆုံချက်မှာ အမေရိကန်သည် အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံရေးတွင် ဆယ်စုနှစ် နှစ်ခုကြာ အပြင်းအထန် ဝင်လုံးပြီးနောက် ၎င်း၏မဟာဗျူဟာအရ အရှေ့အလယ်ပိုင်းကို ဦးစားပေးလာသည့် အသွင်အဖြစ် ဘွင်းဘွင်း ရှင်းရှင်း တွေ့ရ ပေသည်။
ပုံ -အမေရိကန်တပ်ဖွဲ့ကိုတွေ့ရစဉ်။(AP)
အမေရိကန်၏ ပံ့ပိုးပူညီမှုကို ခြွင်းချက်မရှိ ကျင့်သားရလာခဲ့သော ဆော်ဒီနှင့် ယူအေအီးတို့သည် ယခုသံတမန်ရေးအရ လုပ် ဆောင်မှုများ၏ နောက်ကွယ်တွင် တွန်းအားတစ်ခုရှိနေကြောင်း တွေ့ရသည်မှာ မတော်တဆတိုက်ဆိုင်မှုတော့ မဟုတ်ပေ။
ဘိုင်ဒန်အစိုးရသည် ကမ္ဘာအရှေ့ဖျား အင်ဒို-ပစိဖိတ်ဒေသတွင် အရင်းအမြစ်များ အာရုံစိုက်မှုကို ကတိပြုခဲ့သလို အရှေ့ အလယ်ပိုင်းရှိ အမေရိကန် မိတ်ဖက်နိုင်ငံများ ကိုယ်ပိုင် အစီအစဉ်များ ချမှတ်ရန် မက်လုံးပေး ဆွဲဆောင်လို့နေသည်။
အန်ကယ်ဆမ်တွင် အခြား ဦးစားပေး ကိစ္စများစွာရှိသော်လည်း အမေရိကန်ကိုချည်း မှီခိုရမည့်အစား ပြောင်းလဲနေသော အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်အောင် လုပ် ဆောင်ဖို့လိုကြောင်း အရှေ့အလယ်ပိုင်း ခေါင်းဆောင်တချို့က မျှော်မြင်မိသည်။
မည်သို့ပင်ဆိုစေ အမေရိကန် စစ်တပ်ကတော့ အရှေ့အလယ်ပိုင်းဒေသ၏ အစိတ်အပိုင်း အတော်များများ တပ်စွဲထားဆဲ ဖြစ်ပါသည်။ ပြောရမည်ဆိုလျှင် စစ်အေးခေတ် ကာလကဲ့သို့ အမေရိကန်လုံခြုံရေးနှင့် အကျိုးစီးပွားအတွက် ဗျူဟာမြောက် သည့် ဒေသတွင်းတဝိုက် အာရပ်နိုင်ငံများက အမေရိကန်ကို ဖြည်းညှင်းစွာ ဖယ်ထုတ်ဖို့ သိမ်မွေ့သော နည်းလမ်းများ သုံးလို ကြသည်။
၂၀၂၀ ပြည့်နှစ် အစောပိုင်းအထိ အရှေ့အလယ်ပိုင်းတွင် အမေရိကန်တပ်အင်အား ၄ သောင်းခွဲမှ ၆ သောင်းခွဲအထိ ရှိနေခဲ့ သည်။ အမေရိကန် လေယာဉ်တင်သင်္ဘောအုပ်စုသည် ပါရှန်ပင်လယ်ကွေ့ ရေပြင်ကို မကြာခဏ ဖြတ်ကျော် ခုတ်မောင်းလေ့ ရှိပြီး B-52 နှင့် B-1 ဗုံးကြဲလေယာဉ်များကလည်း ပင်လယ်ကွေ့နိုင်ငံများပေါ် ပျံဝဲနေတတ်သည်။
အရင်းခံဗျူဟာ အပြောင်းအလဲ မတွေ့ရသေးသော်လည်း အရှေ့အလယ်ပိုင်းတွင်တော့ ယခု ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ အမေရိကန်တပ် အင်အားလျှော့ချလာမည့် အရိပ်အယောင်များက ယှက်သန်းနေသည်။ ယင်းသို့ တပ်အင်အား လျှော့ချမှု၏ နောက်ဆက်တွဲ အကျိုးဆက်များကို အမေရိကန်မူဝါဒ ချမှတ်သူများက စတင်သိမြင်လာပြီဟု ပြောလျှင် ရသည်။
ယင်းအကျိုးဆက်များထဲမှ တစ်ခုသည် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရာတွင် အရှေ့အလယ်ပိုင်း အစိုးရများအကြား ထိုးဖောက်ဝင်ရောက်လာသော အမျိုးသားအကျိုးစီးပွားအခြေခံပင် ဖြစ်ပါသတည်း။
Source: News Week
(newsweek.com တွင် ဖော်ပြထားသော The U.S. is Deprioritizing the Middle East သဘောထားအမြင်ဆောင်းပါးကို CNI က ဆီလျော်အောင် ဘာသာပြန်ဆိုဖော်ပြလိုက်ပါသည်)