CNI Article News

အမ်စတာဒမ်၊ ဒီဇင်ဘာ ၂၆

အမ်စတာဒမ်မြို့ပြင်ရှိ အလယ်ခေတ် ဗိသုကာ ရဲတိုက်အိုကြီးက ကိုဗစ်ဒဏ်ကြောင့် ခါးသီးလှသည့် နှစ်တစ်နှစ် အဆုံးသတ် စေရေးအတွက် လူအများ အတူတကွ ရယ်မောနိုင်သည့်အရာများ နှစ်သစ်မှာ သယ်ဆောင်လာစေရန် ခရစ္စမတ် အကြိုကာလ များက စေ့ဆော်လို့ပေးခဲ့သည်။

သို့သော်လည်း နယ်သာလန်နိုင်ငံတွင် ထပ်မံ၍ တစ်နိုင်ငံလုံး lockdown ချမှုက အဆိုပါ Muiderslot ရဲတိုက်မှ စီစဉ်သူများ စေ့ဆော်ပေးသလို ယခုသီတင်းပတ်၌ လူအများကို ရယ်မောပျော်ရွှင်စရာများ ပျောက်ဆုံးသွားစေခဲ့သည်။

ရဲတိုက်အတွင်း ပျော်ပွဲရွှင်ပွဲ စီစဉ်သူများခမျာ လက်မှတ်ဖိုးများ ပြန်အမ်းနိုင်ရန် ခရစ္စမတ်သစ်ပင် တစ်ဒါဇင်ကျော် ပေးလျော်ခဲ့ ရပြီး မည်သူမှ အသုံးမပြုလိုက်ရသည့် ရေခဲစကိတ်ကွင်းမှာ မရှေးမနှောင်းမှာပင် တိတ်တဆိတ် အရည်ပျော်လို့ သွားရှာသည်။

“ဒီရဲတိုက်ဟာ ဟိုးရှေးခေတ်ကတည်းက ကပ်ရောဂါတွေ ကြုံခဲ့ဖူးပါတယ်” ဟု ရဲတိုက်မှ စီစဉ်တင်ဆက်မှု ဒါရိုက်တာ အန်နီ မာရီ ဒန်ဒက်ကာက ပြောသည်။

“ဒါပေမယ့် ဒီနှစ် lockdown ထပ်ချခံရတာက အခုခရစ္စမတ်အတွက် အားလုံးမျှော်လင့်ထားသလို မပျော်ခဲ့ရတာတော့ မယုံနိုင် စရာ ဖြစ်ခဲ့ရပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

ဥရောပနိုင်ငံ အများစုတွင် ကိုဗစ်ကြောင့် ခံစားချက်များ တိုတိုတုတ်တုတ်ပင် ထပ်ဟပ်ပြသခဲ့ပြီး ခုနှစ်ရက် သားသမီးတို့၏ မျှော်လင့်ထားသမျှမှာ ခဲရလေသမျှ သဲရေကျ ဖြစ်ခဲ့ရသည်။ ဥရောပတိုက်သည် အမေရိကန်ကဲ့သို့ပင် အိုမိုက်ခရွန် မျိုးကွဲသစ် က ယခင် ဒယ်လ်တာမျိုးကွဲထက်ပင် အလျင်အမြန် ကျော်တက်သွားခဲ့သည်။

သို့သော် ဥရောပအစိုးရ အများအပြားကတော့ ညလမ်းမထွက်ရ(ကာဖြူး)အမိန့်၊ Lockdown ချထားမှုနှင့် ခရီးသွား ကန့်သတ် ချက်များ ပြန်လည် ချမှတ်ကိုင်တွယ်ရာတွင် အမေရိကန်အစိုးရထက် သာလွန်သွားခဲ့သည်က အမှန်ပင်ဖြစ်၏။

ပုံ- ခရစ္စမတ်ကာလ ပျော်ရွှင်မှုကို မခံစားရ(GETTY IMAGES)

အိုင်ယာလန်နိုင်ငံတွင် ည ၈ နာရီ ဒေါင်ခနဲထိုးသည်နှင့် အဖျော်ယမကာဆိုင်များ ပိတ်သည်။ ဂရိ၊ အီတလီနှင့် စပိန်တို့တွင် အပြင်သွားလာတိုင်း နှာခေါင်းစည်း မဖြစ်မနေ တပ်ရသည်။

ဩစတြီးယားတွင်မူ ကာကွယ်ဆေး ထိုးထားပြီးဖြစ်ကြောင်း (သို့မဟုတ်) Covid-19 ဖြစ်ပွားပြီး ပြန်လည် ကောင်းမွန်လာသူ ဖြစ်ကြောင်း အထောက်အထား မပြသနိုင်သူများအနေဖြင့် မသွားမဖြစ် အကြောင်း‌ပေါ်ပေါက်မှသာ နေအိမ်ပြင်ပသို့ ထွက်ခွာ ခွင့်ရသည်။

မိမိတို့ နှစ်သစ်ကူး အားလပ်ရက်များကို ကိုယ်စီ၊ ကိုယ်စီ အကျဉ်းချုံး ဖြတ်သန်းကုန်ဆုံးကြရန် ကိုဗစ်အစီအမံ မဖြစ်မနေ ချမှတ်ခဲ့ရသည့် နေရာများမှ ဥရောပသားများအား တိုက်တွန်းနှိုးဆော်ထားရသည်။

ဗြိတိန်နှင့် တောင်အာဖရိကတို့မှ အစောပိုင်းတွေ့ရှိရသော အထောက်အထားများအရ အိုမိုက်ခရွန်သည် ယခင် ဒယ်လ်တာ မျိုးကွဲကဲ့သို့ လူအများအပြားကို အပြင်းအထန် ဖျားနာစေခြင်းမရှိသဖြင့် တော်သေးသည်။

သို့သော် ပျံ့နှံ့မှုနှုန်း မြန်ဆန်လာခြင်းအပေါ် အခြေခံ၍ ကျန်းမာရေး တာဝန်ရှိသူများက ဆေးရုံများ လွှမ်းခြုံတာဝန်ယူနိုင်မှုနှင့် အများပြည်သူ ဝန်ဆောင်မှုဆိုင်ရာ ကိစ္စရပ်များ ပျက်ပြားသွားနိုင်စရာ ရှိနေခြင်းကို သတိပေးနေခဲ့သည်။

ကိုဗစ်ကြောင့် ဝန်ထမ်းများ၏ တာဝန်ဝတ္တရား လစ်ဟင်းမှုများမှာ ယခင်သီတင်းပတ်ကထက် ၅၀ ရာခိုင်နှုန်း တိုးလာကြောင်း ဗြိတိန်အမျိုးသားကျန်းမာရေးဌာနက ဒီဇင်ဘာ ၂၂ ရက်က သတင်းထုတ်ပြန်ခဲ့သည်။ လန်ဒန် သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် ယာဉ်မောင်းများ အလုံအလောက်မရှိ၍ Tube ပြေးဆွဲမှုကို နှစ်ကုန်ပိုင်းအထိ ပိတ်ထားရကြောင်း ကြေညာခဲ့သည်။

ပုံ- ခရစ္စမတ်ကာလ ပျော်ရွှင်မှုကို မခံစားရ(EPA)

လာမည့် ဇန်နဝါရီလတွင် အိုမိုက်ခရွန်ကြောင့် ဝန်ထမ်းများ လုပ်ငန်းခွင် မဝင်နိုင်မည်ကို ကြိုတွေး၍ ယခင်ဆရာဟောင်းများ စာသင်ခန်းများသို့ ပြန်ဝင်ကြရန် ပညာရေးအတွင်း ဝန်က တောင်းဆိုထားရသည်။

လွန်ခဲ့သည့် လအနည်းငယ်ကပင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးနှံပေးနိုင်မှုနှုန်းတွင် ကမ္ဘာ့ထိပ်တန်းအဆင့်ဟု ဂုဏ်ယူ ဝင့်ကြွားစွာ လက်မထောင်ခဲ့ကြသော ဗြိတိန် အပါ အဝင် ဥရောပနိုင်ငံ အများစုသည် ယခုအခါသမယတွင်တော့ ရှိစုမဲ့စု လက်ကျန် ခွန်အားများ ပြန်လည်မွေးနိုင်ရန် မနည်းရုန်းကန်နေရပြီ ဖြစ်သည်။

အီတလီတွင် ကာကွယ်ဆေး မထိုးရသေးသူများမှာ ကော်ဖီဆိုင်ထဲ သူတို့ရိုးရာ Espresso သောက်သုံးခွင့် ရတော့မည် မဟုတ် ကြောင်း ကြေညာခဲ့သည်။

အလားတူ ပြင်သစ် အစိုးရကလည်း ကာကွယ်ဆေး မထိုးရသေးသူများအတွက် ကန့်သတ်ချက်များ ထပ်မံထည့်သွင်းရန် ရည် ရွယ်ထားကြောင်း ကြေညာခဲ့ပြန်သည်။ ဝန်ကြီးချုပ် ဂျင်ကက်စတစ်က ၎င်းပြည်တွင်း ဆေးရုံများရှိ အထူးကြပ်မတ်ကုသ ဆောင်များတွင် ကာကွယ်ဆေး မထိုးရသေးသူများနှင့် ပြည့်ကြပ်နေကြောင်း ဝမ်းနည်းစွာဖြင့် ထုတ်ဖော်ပြောကြားခဲ့သည်။

နယ်သာလန်နိုင်ငံ၏ မြို့တော် အမ်စတာဒမ်တွင် တူးမြောင်းထဲတစ်လျှောက် အပျော်စီးနိုင်ရန် စီစဉ်ထားသည့် လှေများမှာ ကူးတို့ဆိပ်တွင် ငြိမ်သက်စွာ စုပြုံဆိုက်ကပ်ထားရသည်။ လူစည်ကားနေကျ ဒမ်ရင်ပြင် (Dam Square) သည် သုသာန် တစ ပြင် အလား ခြောက်ကပ်လွန်းလှသည်။

ခရစ္စမတ်ရောင်းအားကို မျှော်ကိုးထားကြသည့် စတိုးဆိုင်များမှာ ယခုရောင်းချရန် အခွင့်အလမ်း မရှိတော့သဖြင့် ကြိုတင်၍ ဆိုင်ပေါ်တင်ထားမိသည့် ကုန်ပစ္စည်းများကို မူလလက္ကား အရောင်းသမားထံ ပြန်သွင်းရသည်။

ထိုသို့ဖြင့် ၂၀၂၁ ခုနှစ်အတွက် ခရစ္စမတ်ကာလမှာ ဥရောပတွင် ခါးသီးခြင်းများစွာ၊ မျိုးသိပ်ခြင်းများစွာ ဖြတ်သန်းခဲ့ရပေ သတည်း။        ။

(ဝါရှင်တန်ပို့စ်ဝက်ဘ်ဆိုက်တွင် ယခုသီတင်းပတ် ရေးသားဖော်ပြထားသော Europe faces its second covid Christmas with lockdowns, cancellations and rising cases အမည်ရှိသတင်းဆောင်းပါးကို CNI သတင်းဌာနက ဆီလျော်အောင် ဘာသာပြန်ဆိုတင်ဆက်လိုက်ပါသည်)