CNI Article News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၉

ဒီဇင်ဘာ ၁၅ ရက်က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ အွန်လိုင်းမှ တွေ့ဆုံဆွေးနွေးမှုသည် မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့(နေတိုး)၏ အရှေ့ဘက်သို့ တစိုက်မတ်မတ် တိုးချဲ့သည့် ပထဝီဝင်နိုင်ငံရေးနှင့် ရုရှားနိုင်ငံ တဝိုက် အနောက်အုပ်စု စစ်ရေးဖြန့်ကြက်လာမှုတို့ကို သိသိသာသာ အပြောင်းအလဲ ဖြစ်စေနိုင်သည်။

သမ္မတနှစ်ဦး တွေ့ဆုံမှုအကြောင်း ဘေဂျင်း၏ ကြေညာချက်သည် ဗြိတိန်နိုင်ငံ၊ လီဗာပူးလ်မြို့တွင် စက်မှုထိပ်သီး (G-7 အုပ်စု ဝင်) နိုင်ငံများ တစ်ပတ်ကြာ အစည်းအဝေးအပြီးနောက် တစ်ရက်အကြာမှာ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ယူကရိန်းနယ်စပ်တွင် ရုရှားစစ်ရေးချဲ့ထွင်မှုအပေါ် ဝါရှင်တန်ပြောဆိုချက်ကို G-7 နိုင်ငံများက လီဗာပူးလ် အစည်းအဝေး အတွင်း ပဲ့တင်ထပ်စေခဲ့ပြီး အကယ်၍ ရုရှားအနေဖြင့် ယူကရိန်းကို ကျူးကျော်လျှင် ကြီးမားသော အကျိုးဆက်နှင့် တုံ့ပြန်မှု ကုန်စရိတ်မြင့်မားမည်ဟု အတိအလင်း ခြိမ်းခြောက်ခဲ့သည်။

တကယ်တမ်းတွင် အနောက်အုပ်စု၏ စည်းလုံးမှု ပြသသည့်အနေဖြင့် လီဗာပူးလ် အစည်းအဝေး ကျင်းပခဲ့သော်လည်း ယင်းသို့ ကျင်းပမှုက ရုရှားနှင့်တရုတ်တို့ ပေါင်းစည်းစေမှုကို ဦးတည်သွားစေခဲ့သည်မှာတော့ အမှန်ပင်ဖြစ်သည်။

အာရှဒေသတွင်း တရုတ်ဩဇာ လွှမ်းမိုးမှုကို တန်ပြန်ရန် အသစ်တဖန် ကြိုးပမ်းမှုအနေဖြင့် “အင်ဒို-ပစိဖိတ် စီးပွားရေး မူဘောင်” စတင်ရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၏ အစီအစဉ် တစ်စိတ်တပိုင်းအဖြစ် G-7 အုပ်စု အစည်းအဝေးသို့ အာဆီယံ နိုင်ငံအချို့လည်း တက်ရောက်ခဲ့ကြသည်။

ရှီကျင့်ဖျင်နှင့် ပူတင်တို့အကြား အပြန်အလှန် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ရလဒ်များကို စုဆောင်းလျက် လာမည့် နှစ် နှစ်နိုင်ငံ ဆက်ဆံရေးအတွက် ထိပ်တန်းအဆင့် အစီအစဉ်ရေးဆွဲရန်နှင့် အမြင်ချင်းဖလှယ်ရန် ရည်ရွယ်ထားကြောင်း တရုတ်နိုင်ငံရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဝမ်ဝီဘင်က ယခင်သီတင်းပတ် ဒီဇင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့ပြီး ဖြစ်သည်။

ပုံ-အမေရိကန်သမ္မတ ဂျိုဘိုင်ဒန်ကိုတွေ့ရစဉ်။(AFP)

သမ္မတနှစ်ဦးတို့သည် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ဒေသတွင်းဆိုင်ရာ ကိစ္စရပ်များ၌ အထူးစိုးရိမ်မှု ကိစ္စရပ်များကို အမြင် ဖလှယ်ခဲ့ကြသည်။

ကရင်မလင် ပြောခွင့်ရသူ ဒီမီထရီပက်ကော့ဗ်ကလည်း “ပူတင်နှင့်ရှီတို့ ဗီဒီယိုကွန်ဖရင့်၌ နေတိုး၏ ခြိမ်းခြောက်မှုနှင့် ဥရောပ တွင် တင်းမာနေမှုများကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း” ထုတ်ဖော်ပြောကြားခဲ့သည်။

ရုရှားသည် နေတိုးနှင့်အမေရိကန်တို့၏ ပြင်းထန်သော သဘောထားကွဲလွဲမှုနှင့် ရင်ဆိုင်နေရခြင်းအပေါ် ညှိနှိုင်း အဖြေရှာရန် လိုကြောင်း ဒီမီထရီပက်ကော့ဗ်က ထည့်သွင်း ပြောကြားခဲ့သည်။ ဥရောပတိုက်တွင် လက်ရှိပေါ်ပေါက်လာနေသော တင်းမာမှု အခြေအနေက ရုရှားကို မဟာမိတ်တရုတ်နှင့်တိုင်ပင်ရန် တွန်းအားဖြစ်လာကြောင်း ၎င်းက မီးမောင်းထိုးပြခဲ့သည်။

ရုရှားနှင့်တရုတ် မဟာမိတ်ဆက်ဆံရေးသည် ထူးခြားသည့် အတိုင်းအတာတစ်ခုအနေဖြင့် သံသယဖြစ်ဖွယ်မရှိပေ။ အထူး သဖြင့် အရှေ့ဥရောပနှင့် အာရှ-ပစိဖိတ် ဒေသနှစ်ခုစလုံးတွင် စစ်ရေးလေပြင်း တိုက်ခတ်လာခြင်းကြောင့် အသွင်းကူးပြောင်း ရေး ဖြစ်စဉ်တစ်ရပ်အားဖြင့် တရုတ်အနေဖြင့် မည်သည့်အခန်းကဏ္ဍကနေ ပါဝင်လှုပ်ရှားလာမလဲဆိုသည်ကိုတော့  အလေး ဂရုပြု၍ စောင့်ကြည့်ရမည်ဖြစ်သည်။

ဒီဇင်ဘာ ၁၅ ရက် ပူတင်နှင့်ရှီတို့ ဆွေးနွေးမှုသည် ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ ရက်က လက်မှတ်ထိုးခဲ့ကြသည့် ရုရှား-တရုတ် စစ်ရေး ပူးပေါင်းမှု ၂၀၂၁-၂၀၂၅ အစီအစဉ်၏ ရည်မှန်းချက်အတွင်းသို့ အံဝင်ခွင်ကျ ဝင်သွားပြီလားလို့ တွေးဆစရာရှိနေသည်။ အဆိုပါ စစ်ရေး ပူးပေါင်းမှု သဘောတူစာချုပ် လက်မှတ်ထိုးစဉ်က ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျေရွှိုင်ဂူက “တရုတ်နှင့် ရုရှားသည် နှစ်ပေါင်းများစွာကပင် မဟာဗျူဟာမြောက် မိတ်ဖက်များဖြစ်ကြကြောင်း၊ ယနေ့ခေတ် ပထဝီဝင်နိုင်ငံရေး မတည် ငြိမ်မှုနှင့် ကမ္ဘာ့အနှံ့ ပဋိပက္ခများ ကြီးထွားလာနိုင်သည့် အခြေအနေများတွင် ကျနော်တို့နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံရေး တိုးတက်မှုနှင့်လည်း အထူးသက်ဆိုင်ကြောင်း” ပြောကြားခဲ့သည်။

ပုံ-ရုရှားသမ္မတ ပူတင်နဲ့ ကာကွယ်ရေးဝန်ကြီးကိုတွေ့ရစဉ်။(AFP)

အထူးသဖြင့် ရုရှားနယ်စပ်အနီး အမေရိကန်၏ ဗျူဟာမြောက် ဗုံးကြဲလေယာဉ်များ တိုးမြှင့်ပျံသန်းလာခြင်းအပေါ် ဆာဂျေရွှိုင်ဂူက တရုတ်ကာကွယ်ရေးဝန်ကြီး ဝိုင်ဖန်ဂျီ ပိုမိုအာရုံစိုက်လာစေရန် ဆွဲဆောင်ခဲ့သည်။

“အခုတလောမှာ (အမေရိကန်) မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် ၁၀ စင်းက ရုရှားရဲ့ဝေဟင်ပိုင်နက် တဝိုက်နဲ့ ရုရှား နယ်စပ် ကီလီမီတာ ၂၀ နီးပါးအထိ အနောက်နဲ့အရှေ့ဘက် လမ်းကြောင်းတွေကနေ လေ့ကျင့်ပျံသန်းခဲ့တယ်” ဟု ရွှိုင်ဂူက ပြောကြားခဲ့သည်။

ရွှိုင်ဂူသည် အိုကာ့စ် (Okhotsk) ပင်လယ်သို့ ဖြတ်လျက် အမေရိကန် ဗုံးကြဲလေယာဉ်များ ပျံသန်းမှုအကြိမ်ရေ များပြားလာ ကြောင်း သတိပြုမိခဲ့ပြီး ထိုလေယာဉ်များက ခရုဇ်ဒုံးကျည်များ ပစ်လွှတ်မှု လေ့ကျင့်ရေးများပြခြင်းဖြင့် ရုရှားနှင့်တရုတ်တို့ကို ခြိမ်းခြောက်ခဲ့သည်။

“ဒီလိုအခြေအနေမျိုးမှာ ရုရှား-တရုတ် ညှိနှိုင်းမှုဟာ ကမ္ဘာ့ရေးရာကို တည်ငြိမ်စေဖို့ အကြောင်းတစ်ခုဖြစ်လာပါတယ်” ဟု ရွှိုင်ဂူက ပြောသည်။

တရုတ်-ရုရှားတို့ မကြာသေးမီက ချုပ်ဆိုခဲ့သော စစ်ရေးသဘောတူညီချက် စာချုပ်သည် အမေရိကန်၏ ကြီးထွားလာသော ဖိအားကို တန်ပြန်ဖို့အတွက် အမှန်တကယ် စစ်ရေးမဟာမိတ်ဖွဲ့ရန် ပိုမိုနီးစပ်လာနေကြောင်း South China Morning Post သတင်းစာက မှတ်ချက်ချခဲ့သည်။

အနည်းဆုံးတော့ ယခုကဲ့ စစ်ရေးပူးပေါင်းမှု လမ်းပြမြေပုံ (Road Map) လက်မှတ်ရေးထိုးကြခြင်းသည် လိုအပ်လာလျှင် ပေါင်းစည်းရေး ကြိုးပမ်းမှုများကို အားပြုခြင်းဖြင့် အမေရိကန်၏ဖိအားကို တွန်းလှန်ရန် ရုရှားနှင့်တရုတ်တို့ လိုလားသည့် သဘောဆန္ဒအား ပြသလိုက်ခြင်းပဲ ဖြစ်သည်။  

ပုံ-တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ပူတင်ကိုတွေ့ရစဉ်။ (AFP)

အမေရိကန်သည် တရုတ်နှင့်ရုရှား နှစ်နိုင်ငံစလုံးကို စစ်ရေးအရ တပြိုင်နက် ထိပ်တိုက်ရင်ဆိုင်ရန် မဖြစ်နိုင်သေးသော်လည်း နောက်ပိုင်းတွင် ဝါရှင်တန်၏ စစ်ရေးအင်အား(Power) နှင့် နိုင်ငံခြားရေးမူဝါဒ ရည်မှန်းချက်များကို သိသိသာသာ စုစည်းလာ ပါက ယူရေးရှား (အာရှ+ဥရောပ) အင်အားချိန်ခွင်လျှာကို အပြောင်းအလဲရှိစေပြီး အမေရိကန်ပဲ ထိခိုက်မည်ဖြစ်သည်။

အမေရိကန်သည် ကမ္ဘာပေါ်တွင် စွမ်းရည်အရှိဆုံး စစ်တပ်အဖြစ် ရှိနေဆဲဖြစ်ပြီး ၎င်းအင်အားသည် တရုတ် (သို့မဟုတ်) ရုရှား တစ်နိုင်ငံတည်းထက် ပို၍ကြီးမားကြောင်း မေးခွန်းထုတ်စရာ မရှိသော်လည်း နှစ်နိုင်ငံကြား ပေါင်းစည်းမှုသည် ဝါရှင်တန်ကို မဟာဗျူဟာမြောက် နောက်ဆုတ်သွားစေနိုင်သည်။

အထက်ပါ အကြောင်းခြင်းရာများကို ခြုံငုံကြည့်မည်ဆိုလျှင် အမေရိကန်နှင့်ရုရှားတို့၏ ဥရောပမြေပေါ် ဆက်ဆံရေး တင်းမာ နေချိန်တွင် တရုတ်နှင့်ရုရှားတို့ ပူးပေါင်းခြင်းဖြင့်သာ အမေရိကန်ဦးဆောင်သော နေတိုးမဟာမိတ် တိုက်ခိုက်မှုကို တန်ပြန်နိုင် ပြီး စိတ်ဓါတ်ရေးရာ ကျဆင်းမှုကို ရှောင်ရှားမည်ဟု ဘေဂျင်းက နားလည်သဘောပေါက်ကြောင်း ပြသနေခြင်း ဖြစ်ပါ သတည်း။

(ယခုဆောင်းပါးသည် Aisa Times သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားခြင်းဖြစ်ပြီး မူရင်းဆောင်းပါးရှင် M K Bhadrakumar ၏ သဘောထားအမြင်ကို CNI သတင်းဌာနက ဘာသာပြန်ဆို တင်ဆက်ပေးလိုက်ပါသည်။ M K Bhadrakumar သည် အိန္ဒိယသံတမန်ဟောင်းတစ်ဦးဖြစ်သည်)