အပိုင်း (၁)

CNI Article

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၅

မြန်မာနိုင်ငံတွင် ပဋိပက္ခပုံစံသစ်တစ်ခု ပေါ်ထွက်လာသည်။ စီးပွားရေး၊ လူမှုရေးနှင့် ကျန်းမာရေး အကျပ်အတည်းများ ကြား ထဲတွင် လက်နက်ကိုင်တိုက်ပွဲများသည် တိုင်းရင်းသားဒေသများတွင်သာ ရှိသည်မဟုတ်တော့ဘဲ ဗမာအများစုနေထိုင်ရာ မြို့ကြီးများနှင့် ဒေသများတွင်ပါ ဖြစ်ပွားနေပြီဖြစ်၏။ ၎င်းတို့သည် တစ်ပြည်လုံး အတိုင်းအတာဖြင့် တော်လှန်ရေး ဆင်နွှဲနေ သည်ဟု ယူဆကြသည်။ ပြည်တွင်းရှိ မျိုးနွယ်စုများ အလုံးစုံ ပြည်တွင်းစစ်ရပ်တန့်ရန် ကြိုတင်ကာကွယ်ဖို့ သံတမန်နည်းလမ်း လိုအပ်ပါသည်။

ဆန္ဒပြပွဲများမှသည် လက်နက်ကိုင်တိုက်ပွဲဆီသို့

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က အရပ်သားအစိုးရကိုဖြုတ်ချလိုက်ပြီးနောက် အကြမ်းမဖက်သော အာဏာ ဖီဆန်ရေးလှုပ်ရှား (CDM) ပေါ်ပေါက်လာပြီး အခြားကမ္ဘာ့နိုင်ငံသို့ပါ ကူးစက်ပျံ့နှံ့သွားခဲ့သည်။

တုံ့ဆိုင်းမှုအချို့ ဖြစ်ပေါ်ခဲ့ပြီး တပ်မတော်က ကြမ်းကြမ်းတမ်းတမ်း ဖြိုခွင်းခဲ့သည်။ တပ်မတော်၏ တုံ့ပြန်မှုသည် အသစ် အဆန်းတော့ မဟုတ်။ ၁၉၈၈ ခုနှစ်က ရန်ကုန်၌ ဆန့်ကျင်လှုပ်ရှားမှုများ ဖြစ်ပွားပြီး လူပေါင်းထောင်နှင့်ချီ၍ သေဆုံးခဲ့ပြီး ဖြစ်သည်။

၁၉၉၀ ပြည့််လွန် နှစ်များတွင်လည်း ရှမ်းပြည်နယ်တွင် မော်ထိုင်းတပ်မတော် (MTA) ကို မြန်မာ့တပ်မတော်ကပင် အနိုင်နှင့် ပိုင်းခဲ့သလို ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အမာခံနယ်မြေများကို ဖျက်ဆီးခဲ့ရာတွင်လည်း အရပ်သား အများအပြား သေဆုံးခဲ့သည်။

၂၀၁၆-၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီကျေးရွာများတွင် ပြင်းထန်စွာ ကိုင်တွယ်နှိမ်နင်းခဲ့ပြီး လူပေါင်း ၈ သိန်းကို နယ်စပ် ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ မောင်းထုတ်ခဲ့သည်။ ထိုဖြစ်စဉ်များသည် အဆိုးဆုံးနမူနာများ ဖြစ်သည်။

ပုံ- ဒီမိုကရေစီအရေး တောင်းဆိုဆန္ဒပြနေကြစဉ်။

ယခုနှစ် တပ်မတော် အာဏာရလာပြီးနောက် အသစ်အဆန်း ဖြစ်လာသည့်အချက်မှာ ကချင်၊ ကယား၊ ကရင်နှင့် ချင်း ပြည်နယ်တို့အပြင် ဗမာတိုင်းရင်းသားများ ကြီးစိုးရာ ဒေသများနှင့်မြို့ကြီးများတွင်ပါ ဆန္ဒပြမှု ဆန့်ကျင်ရေးများ ပိုမိုပြင်းထန် လာခြင်းဖြစ်သည်။

အကြမ်းမဖက် လှုပ်ရှားဆန္ဒပြမှုများသည် ပြီးခဲ့သည့် မတ်လမှ ဧပြီလအတွင်း အထွတ်အထိပ်သို့ ရောက်ခဲ့သည်။ ထိုနောက်မှာ တော့ ရပ်တန့်သွားသည်။ လူပေါင်းများစွာ သေဆုံးခဲ့ရသည်။ သို့သော် ယနေ့အထိ ထိုလှုပ်ရှားမှုက တက်ကြွစွာ ရှိနေဆဲပင်ဖြစ် သည်။

နိုဝင်ဘာလ ပထမရက်သတ္တပတ်တွင် ပြောက်ကျားတိုက်ခိုက်မှုများ၊ လမ်းပေါ်ထွက် ဆန္ဒပြပွဲများ၊ ဆုတောင်းမှုများနှင့် သံဃာတော်များ ဦးဆောင်သော ချီတက်ပွဲများ အနည်းဆုံး ၁၂ နေရာ ဖြစ်ပွားခဲ့သည်။ သို့သော် မေလကတည်းက ပြည်တွင်း တက်ကြွလှုပ်ရှားသူများသည် အကြမ်းမဖက်ခြင်းသည် ဆင်ခြင်တုံတရား ကင်းမဲ့စွာဖြင့် ရက်စက်ကြမ်းကြုတ်မှုများကို ဆန့်ကျင်ခြင်း မပြုနိုင်ကြောင်း ကောက်ချက်ချခဲ့ကြသည်။

ယခုအခါ မြန်မာနိုင်ငံရှိ လူဦးရေ အများစုသည် တပ်မတော်ကို ပြည်ပမှ လာရောက်သိမ်းပိုက်သည့်တပ်ဟုပင် ရှုမြင်လာကြ သည်။ စစ်ဘက် မိသားစုများသည် စစ်ဘက်ဆိုင်ရာ တပ်ဝင်းများအတွင်း၌သာ နေထိုင်ဖို့ လိုက်နာကြရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် ယခုနှစ်တွင် ပေါ်ပေါက်လာသော လက်နက်ကိုင်လှုပ်ရှားမှု၌ ဦးဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်လာခဲ့သည်။ ထိုအချက်မှာလည်း အသစ်အဆန်းတစ်ခုပဲ ဖြစ်သည်။ NLD သည် ယခင်က အင်အားသုံးရန် တောင်းဆိုခဲ့ဖူးခြင်းမရှိပေ။

အရပ်သားအစိုးရဖြုတ်ချခံရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ အကျဉ်းကျခံခဲ့ရသည်။ထို့နောက် အကြမ်း မဖက်သော တိုက်ပွဲများတွင် အတွေ့အကြုံရှိသည့် NLD ပါတီဝင်များက အဆိုပါလက်နက်စွဲကိုင်ရေး အကြံဉာဏ်ကို ရယူခဲ့ သည်။

ပုံ-ကယားပြည်နယ်ရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့၀င်များကိုတွေ့ရစဉ်။

ပထမဆုံးက အာဏာဖီဆန်ရေးလှုပ်ရှားမှု။ သည့်နောက်တွင် မတ်လမှ ဧပြီလအတွင်း စတင်ခဲ့သော လက်နက်ကိုင် တော်လှန် ရေးသည် မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ ကျော်၏ ထက်ဝက်ကျော်အထိ ပျံ့နှံ့သွားသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)

မတ်လ၌ တပ်မတော်က ဖြိုခွင်းနေစဉ်အတွင်း လက်နက်ကိုင်အဖွဲ့အစည်းအသစ်များ အများအပြား ပေါ်ပေါက်လာသည်။ တပ်မတော်ကို တော်လှန်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို ဧပြီလ ၁၆ ရက်က ဖွဲ့စည်းခဲ့ကြသည်။

မြန်မာ့နိုင်ငံရေး ပွင့်လင်းလာသည့်ကာလ ၂၀၁၁-၂၀၂၀ အတွင်း ကြီးရင့်လာခဲ့သော မျိုးဆက်များနှင့် ဆက်သွယ်ရေး နည်း ပညာကို မည်သို့ အသုံးချရမည်ကို ကောင်းစွာသိရှိသည့် မျိုးဆက်သစ်များက အရှိန်အဟုန် ပြင်းပြင်းဖြင့် ခုခံရေး လှုပ်ရှားမှု များ လုပ်ဆောင်နိုင်ကြောင်းကို သက်သေပြခဲ့ပြီး ဖြစ်သည်။

၎င်းတို့သည် တစ်ခါတစ်ရံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs)နှင့်အတူ တိုက်ပွဲဝင်ကြ၊ လက်နက်နှင့် လေ့ကျင့် မှု ခံယူကြသော်လည်း အများစုမှာ ၎င်းတို့ကိုယ်တိုင် တိုက်ပွဲဝင်လာကြသည်။

ယခုအခါ NUG သည် အမိန့်ပေးမှုနှင့် ထိန်းချုပ်မှုကို အစွမ်းကုန် လုပ်ဆောင်နေသော်လည်း ၎င်းတို့သည် မည်သည့် ဗဟို ကွပ်ကဲမှု ဖွဲ့စည်းတည်ဆောက်ပုံ အပေါ်တွင်မှ တည်မှီနေခြင်း မရှိသေးပေ။

၂၀၂၁ ခုနှစ်၊ မေလ ၅ ရက်တွင် NUG သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF)များ ဖွဲ့စည်းခြင်းအပေါ် ထောက်ခံ အားပေး ရန် ဆုံးဖြတ်ခဲ့ပြီး စက်တင်ဘာ ၇ ရက်တွင် တစ်နိုင်ငံလုံး ကာကွယ်ရေးစစ်ပွဲဟု ကြေညာခဲ့သည်။

ပုံ-ဒီမိုကရေစီအရေး တောင်းဆိုဆန္ဒပြနေသူများကြားက ရဲတပ်ဖွဲ့ကားကိုတွေ့ရစဉ်။

NUG သည် စစ်ဒေသ(၅)ခုဖြင့် ဖွဲ့စည်းထားသော ပုံမှန် လက်နက်ကိုင်တပ်ဖွဲ့များအဖြစ်သို့ ပြောင်းလဲရန် ရည်ရွယ်ချက်ဖြင့် PDF တပ်များကို လက်နက်တပ်ဆင်ရန် ရန်ပုံငွေရှာဖွေခြင်းနှင့် လက်နက်ရရှိရေးတို့ကို ကြိုးပမ်းခဲ့သည်။

PDF များ သူ့အလိုလို မြင့်တက်လာမှုကို လူမှုမီဒီယာ(အထူးသဖြင့် ဖေ့စ်ဘွတ်ခ်)နှင့် လျှို့ဝှက်ကုတ်များဖြင့် ဆက်သွယ်နိုင် သော ဆစ်ဂနယ်၊ Whatsapp နှင့် တယ်လီဂရမ်တို့က များစွာ အထောက်အကူ ပေးခဲ့ကြသည်။

နိုင်ငံတစ်ဝန်းရှိ လူငယ်များသည် Improvised Explosive Devices (IEDs) ပြုလုပ်နည်းနှင့် မိုဘိုင်းလ်ဖုန်းများမှ လမ်းညွှန်ထား သည့် ပစ်မှတ်ထား တိုက်ခိုက်မှုများတွင် အသုံးပြုတတ်အောင် သင်ယူခဲ့ကြသည်။

PDF များသည် နည်းပရိယာယ်များစွာ သုံးစွဲလျက် ရဲနှင့်စစ်ဘက်ဆိုင်ရာ နေရာငယ်များကို အံ့အားသင့်စရာ တိုက်ခိုက်ခြင်း၊ ရဲစခန်းများကို မီးရှို့ခြင်း၊ တပ်မတော်ပိုင် Mytel ကုမ္ပဏီ၏ တယ်လီကွန် တာဝါတိုင်များကို ဖျက်ဆီးခြင်း၊ တပ်မတော် နှင့် ပူးပေါင်း သတင်းပေးသူများကို လုပ်ကြံသတ်ဖြတ်ခြင်းတို့ လှုပ်ရှားခဲ့ကြသည်။

၂၀၂၁ ခုနှစ်၊ မတ်လ ၁၄ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်သူများဟု စွပ်စွဲ၍ လုပ်ကြံ သတ် ဖြတ်မှုပေါင်း ၇၃၀ ထက်မနည်း စာရင်းပြုစုပြီး ဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အုပ်ချုပ်မှုကို လက်ခံသည့် တပ်မတော် ထောက်ခံသူ အများအပြား ပြည်တွင်း၌ ရှိသည်ဟူသော အချက်ကို ဤသို့ လုပ်ကြံသတ်ဖြတ်ခြင်းလှိုင်းက အဟန့်အတား ပြုထားခဲ့သည်။

ဒေသန္တရအုပ်ချုပ်ရေးကို ချုပ်ကိုင်ရန် ပျက်ကွက်ခဲ့သည်။ နေရာအတော်များများသည် NLD ပါတီဝင်များ၏ လက်ထဲတွင် ဒေသန္တရအာဏာများ ရှိနေသေးသည်။

Source: PRIO Blogs

PRIO Blogs တွင် Stein Tonnesson ရေးသားသည့် “The New Pattern of Conflict in Myanmar”ဆိုသည့် ဆောင်းပါးကို CNI သတင်းဌာနက အပိုင်း(၂)ခွဲ၍ ဆီလျော်အောင် ဘာသာပြန်ဖော်ပြလိုက်ပါသည်။

(မူရင်းဆောင်းပါးရှင် Stein Tønnesson သည် နော်ဝေနိုင်ငံ၊ အော်စလိုမြို့၊ ငြိမ်းချမ်းရေးသုတေသနဌာန (PRIO) မှ သုတေသီတစ်ဦးဖြစ်ပါသည်)