CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၆

မတ်လ ၂၇ ရက်တွင် ကျရောက်မည့် တပ်မတော်နေ့ အခမ်းအနားကို တက်ရောက်ရန် KIA အား ဖိတ်ကြားလာပါက တက်/မတက် ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်အပေါ် မူတည်သည့်အတွက် သေချာမသိရသေးကြောင်း KIA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

လက်ရှိမှာတော့ KIA ကို တပ်မ‌တော်နေ့ အခမ်းအနား တက်ရောက်ရန် ဖိတ်ကြားသည်ဟု မိမိအနေဖြင့် မကြားမိသေး ကြောင်း၊ မိမိတစ်ဦးတည်း အမြင်အရ တက်ရောက်မည် မထင်ကြောင်း ၎င်းက ပြောသည်။

ဗိုလ်မှူးကြီးနော်ဘူက “အဲဒါက‌တော့ ကျနော်တို့ ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်မှာ ဖြစ်ပါတယ်၊ ကျနော် ထင်တာကတော့ တက်ရောက်ဖို့ကတော့ သိပ်ပြီးမှ မသေချာဘူးထင်တယ်၊ ဒါက ကျနော် တစ်ဦးတစ်ယောက်ရဲ့ သုံးသပ်ချက် ပါ၊ ကျနော်တို့ ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်ကိုပဲ အဓိက ထားပြီးမှ ကျနော်တို့က ပြောရမှာ ဖြစ်ပါတယ်၊ အခုလောလော ဆယ်က စာရောက်တာလည်း မကြားဘူး၊ ဗဟိုကော်မတီကလည်း အဲဒီကိစ္စနဲ့ ကျနော်တို့ကို ညွှန်ကြားတာ မရှိဘူးဆိုတော့ ကျနော်တို့လည်း ဘာမှ ပြောလို့မရဘူး ဖြစ်နေတယ် အဲကိစ္စ” ဟု CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၇)ကြိမ်မြောက် တပ်မတော်နေ့ အခမ်းအနားကို နေပြည်တော်တွင် ကျင်းပမည်ဖြစ်သည်။

တပ်မတော်နေ့ အစမ်းလေ့ကျင့်နေမှု

တပ်မတော်နေ့ အခမ်းအနားကို တက်‌ရောက်ရန် ညီနောင်မဟာမိတ် (၃) ဖွဲ့ ဖြစ်သည့် ကိုးကန့် (MNDAA)၊ တအောင်း (TNLA) နှင့် ရခိုင် (AA) တို့ကို ဖိတ်ကြားခြင်း ရှိ/မရှိ မသိရှိရသေးကြောင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် TNLA မှ ဗိုလ်မှူး မိုင်းအိုက်ကျော် က CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်မှူး မိုင်းအိုက်ကျော်က “ဒီဖိတ်စာတော့ မတွေ့သေးဘူးခင်ဗျ၊ ကျနော်တို့လည်း ဒီဖိတ်စာ ဖိတ်တာတော့ မသိရသေးဘူး၊ အထက်ကလည်း ဘာမှမပြောလာသေးဘူး။ စောစောက ပြောသလိုပေါ့၊ ဖိတ်စာလည်း မသိရသေးဘူး၊ အထက်ကလည်း ဘာမှ ပြောလာတာ မရှိသေးတဲ့အတွက် တက်ဖြစ်၊ မတက်ဖြစ်ဆိုတာလည်း မပြောနိုင်သေးဘူး၊ အထက်ကလည်း ဘာမှ ပြောလာတာ မရှိဘူး” ဟု ပြောသည်။

တစ်ဖက်မှာတော့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် လက်နက်ကိုင် (၁၀) ဖွဲ့ကို တစ်ဖွဲ့ချင်းစီ ဖိတ်ကြာထားကြောင်း ပအိုဝ်းအမျိုးသားလွှတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က ကျင်းပခဲ့သည့် (၇၆)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့ တက်ရောက်ခဲ့ကြသည်။