အာဖဂန်နစ္စတန်တစ်နိုင်ငံလုံးကို တာလီဘန်တို့ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ၉ ရက်အကြာ တာလီဘန် စစ်သွေးကြွအုပ်စု၏ထိပ်ပိုင်းခေါင်းဆောင်များက ယခုအချိန်မှာ ကွဲပြားခြားနားမှု ရှိနေဦးမည်ဖြစ်ကြောင်း ပြောကြားထားသည်။ ၎င်းတို့မှ အမျိုးသမီးများကို အလုပ်လုပ်ခွင့်ပြုခြင်း၊ မိန်းကလေးများကို ကျောင်းတက်ခွင့်ပြုခြင်းတို့ရှိနိုင်သော်လည်း အနည်းဆုံး ၎င်းတို့အစ္စလာမ်ဘာသာအဓိပ္ပါယ်ဖွင့်ဆိုချက်များအတိုင်း အခန်းကျဉ်းလေးများထဲ နေထိုင်ရမည်ဖြစ်သည်။

သို့သော်လည်း အစောပိုင်းကာလ လက္ခဏာများအရ အလားအလာကတော့ သိပ်မကောင်းလှပေ။ တာလီဘန် ပြောခွင့်ရသူတစ်ဦးက ဩဂုတ် ၂၅ ရက်၌ ကြေညာသည့်အတိုင်း အမျိုးသမီးများအနေဖြင့် အနည်းဆုံး အိမ်ထဲမှာပဲ နေခွင့်ရမည်ဖြစ်သည်။ အကြောင်းက အမျိုးသမီးများ ထိခိုက်မှုမရှိစေရန် စစ်သွေးကြွတချို့ကို လေ့ကျင့်သင်ကြား ပေးခြင်းမရှိသေးသောကြောင့်ဖြစ်ကြောင်း ၎င်းက တစ်ဆက်တည်း ရှင်းပြသည်။

တာလီဘန်ပြောခွင့်ရသူ ဇာဘီဟာလာမူဂျာဟစ်က လုံခြုံစိတ်ချရသည့်အချိန်အထိ အမျိုးသမီးများကို ကာကွယ်ရန် လတ်တလော ယာယီချမှတ်ထားသော မူဝါဒဖြစ်ကြောင်း ပြောကြားသည်။

“ကျနော်တို့ အမျိုးသမီးရေးရာမူဝါဒအပေါ်မှာ ကျနော်တို့တပ်ဖွဲ့ဝင်တွေကို ကောင်းကောင်း မသင်ကြား မလေ့ကျင့် ပေးသေးတော့ သူတို့က အမျိုးသမီးတွေကို ဖိစီးနှိပ်စက်မှာ စိုးရိမ်နေပါတယ်။ ကျနော်တို့ခွန်အားတွေကို ဘုရားသခင်က တားမြစ်ထားပါတယ်။ အမျိုးသမီးတွေ ထိခိုက်စေတာ၊ အနှောင့်အယှက်ဖြစ်တာ ကျနော်တို့ မလိုလားပါဘူး” ဟု ဇာဘီဟာလာမူဂျာဟစ်က ဆက်လက်ပြောကြားသည်။

“ကျနော်တို့ လုပ်ထုံးလုပ်နည်းအသစ်တစ်ခု မထွက်မချင်း အမျိုးသမီးတွေ အိမ်မှာပဲ နေသင့်ပါတယ်။ သူတို့အတွက် လစာရိက္ခာတွေကို အိမ်တွေအထိ လိုက်ဝေပေးမှာပါ။ ဘာမှ ကြောက်မနေကြပါနဲ့။ လုပ်စရာရှိတာသာ ဆက်လုပ်နေကြပါ” ဟု ၎င်းက ကတိပြုသည်။

အမျိုးသမီးများအနေဖြင့် ဘုရ်ခါ (hijab) ဝတ်ဆင်နေသရွေ့ လုပ်ငန်းခွင်ပြန်ဝင်ရန် ပြဿနာမရှိကြောင်း တာလီဘန်ယဉ်ကျေးမှုရေးရာလက်ထောက် အာမက်ဒူလာဝါဆစ်က နယူးယောက်တိုင်းမ်သတင်းစာသို့ ပြောသည်။

ယခင် တာလီဘန် ပထမခေတ် (၁၉၉၆-၂၀၀၁) ကာလတုန်းကလည်း အုပ်ထိန်းသူအမျိုးသားမပါဘဲ အိမ်ပြင် မထွက်ရန် တင်းကြပ်ခဲ့ဖူးသည်။ အာဖဂန်အမျိုးသမီးငယ်များသည် ကျောင်းတက်ခွင့် အပြည့်အဝ မရသည့်အပြင် ခန္ဓာကိုယ်တစ်ခုလုံး ဖုံးအုပ်ရန် လုံလောက်သည့် ဝတ်စားဆင်ယင်မှုမျိုး မတွေ့ရပါက လူအုပ်စုဖွဲ့၍ ဝိုင်းဝန်းရိုက်နှက်ခြင်းကို ခါးစည်းခံခဲ့ကြရသည်။

Source: todayonline.com