CNI News
၂၀၂၁ ခုနှစ်၊ဩဂုတ် ၁၆
အသက် ၂၅ နှစ်ရှိ ရှာဘာနာအက်သနာသည် တက္ကသိုလ်တက်ရင်း ပထမဆုံး ဂျင်းဘောင်းဘီဝယ်မိသည်။ သို့သော် ကောလိပ်ဘော်ဒါဆောင် မသွားမချင်း ဂျင်းဘောင်းဘီလို့ ဝတ်မလို့မရပေ။ နောက်ဆုံးတွင် ပုဝါခြုံ၍ ကူတီဟု ခေါ်သော ကော်လံမပါသည့် အင်္ကျီရှည်နှင့် တွဲဝတ်လိုက်မှ ဂျင်းဘောင်းဘီဝတ်ရသည်မှာ လွတ်လွတ်လပ်လပ် ရှိသွားသည်။
“ကျမတို့ရွာမှာဆိုရင် ဂျင်းထည်ကို အနောက်တိုင်းအဝတ်အစားလိုပဲ မြင်တယ်။ မိန်းကလေး မဆန်ဘူးတဲ့ရှင်” ဟု အိန္ဒိယမြောက်ပိုင်း အူတာပရာဒတ်ပြည်နယ်ရှိ ကျေးလက်တောရွာငယ်လေးတွင် နေထိုင်ခဲ့သူ အက်သနာက ပြောသည်။
အာသနာတို့ရွာရှိ လူကြီးသူမများသည် အမြင်ကျဉ်းမြောင်းသူများ ဖြစ်၍ အလွန်ရှေးရိုးစွဲယဉ်ကျေးမှုရှိသော နိုင်ငံတစ်နိုင်ငံတွင် အိန္ဒိယမိန်းကလေးများနှင့် အမျိုးသမီးအများစုအနေဖြင့် နိုင်ငံခြားဖြစ် အဝတ်အထည်များ ဝတ်ဆင်ခြင်းအပေါ် အရှက်ရအောင် ပြောဆိုပြုမူတတ်ကြသည်။
ပြီးခဲ့သည့်လက ဝတ်ပြုဆုတောင်းပွဲတစ်ခုတွင် ဂျင်းဘောင်းဘီဝတ်မိသည့် ဆယ်ကျော်သက်လုံမငယ်တစ်ဦးကို သူ့ဆွေမျိုးယောက်ျားသားကြီးများက ဝိုင်းဝန်းသတ်ဖြတ်ခဲ့ကြသည်။
နောက်ထပ်လုံမငယ်ဖြစ်သော အသက် ၁၇ နှစ်အရွယ်ရှိ နီဟာပက်စဝမ်ကို သူ့အဘိုးနှင့်ဦးလေးတို့က ဝိုင်းရိုက်ပြီးနောက် အူတာပရာဒတ်ပြည်နယ်ရှိ သူတို့ရွာကိုဖြတ်သွားသော တံတားပေါ်တွင် ကြိုးဆွဲချ သေဆုံးနေသည့် သူ့အလောင်းကို မြင်တွေ့ကြရသည်။ နီဟာသည် လက်ဒီဟိုင်နာမြို့တွင် ကာလ အတန်ကြာ နေပြီးနောက် ဂျင်းဘောင်းဘီဝတ်သည့်အလေ့အထ စွဲမြဲလာခဲ့သည်ဟု သူ့အမေက ပြောသည်။
“ သူ ဒါမျိုးဝတ်တာကို သူ့အဘိုးအဘွားတွေက တားမြစ်တဲ့အခါ နီဟာက ဇွတ်ပဲလေ … ဝတ်ကို ဝတ်ရမှတဲ့” ဟု သူ့အမေက ဘီဘီစီသို့ ပြောသည်။
ဝတ်စားဆင်ယင်မှုသည် အိန္ဒိယဆယ်ကျော်သက်မိန်းကလေးများနှင့် အမျိုးသမီးများ ရင်ဆိုင်နေရသော ခြိမ်းခြောက်မှုများအနက် တစ်ခုဖြစ်နေသည်။
ထိမ်းမြားလက်ထပ်ရာတွင် နှောင့်ယှက်ခြင်း၊ အိမ်တွင်းအကြမ်းဖက်ခြင်း၊ အက်ဆစ်နှင့်ပက်ခြင်းစသည့် အကြမ်းဖက်မှုများရှိနေပြီး သေဆုံးနိုင်ခြေရှိသည်အထိ ရင်ဆိုင်နေရသည်။
လူဦးရေ သန်း ၂၀၀ ကျော်ရှိပြီး အိန္ဒိယရှိအကြီးမားဆုံးပြည်နယ်ဖြစ်သော အူတာပရာဒက်ရှိ လူမှုအသိုင်းအဝိုင်း တွင် အနောက်တိုင်းဝတ်စုံ အထူးသဖြင့် ဂျင်းဘောင်းဘီဝတ်ဆင်ခြင်းအပေါ် ၎င်းတို့အမြင်တွင် မကြာခဏ ရေးကြီးခွင်ကျယ်လုပ်လေ့ရှိသည်။
၂၀၁၅ ခုနှစ်က မွတ်စလင်ကျေးရွာကောင်စီတစ်ခုက ရွာ ၁၀ ရွာကျော်ရှိ မိန်းကလေးများကို မိုဘိုင်းလ်ဖုန်းသုံးခြင်း၊ ဂျင်းနှင့်တီရှပ်ဝတ်ခြင်း၊ ယောက်ျားလေးများနှင့် စကားပြောဆိုခြင်းတို့ကို မလျော်ကန်သော လုပ်ရပ်များအဖြစ် တားမြစ်ပြီး လူငယ်များစိတ်ဒဏ်ရာရအောင် လုပ်ဆောင်ခဲ့ဖူးသည်။
“ မိုဘိုင်းလ်ဖုန်းသုံးတာ၊ ဂျင်းဝတ်တာတွေကို မြို့ကြီးတွေမှာ ခွင့်ပြုပေမယ့် ကျနော်တို့ရွာတွေမှာ ခွင့်မပြုဘူး” ဟု အဆိုပါကျေးရွာကောင်စီဥက္ကဋ္ဌက ၂၀၁၆ ခုနှစ်တွင် ပြောဆိုချက်ကို သတင်းတစ်ပုဒ်တွင် ကိုးကားဖော်ပြထား သည်။
ယခုနှစ်၊ မတ်လတွင်လည်း မူဖက်ဖာနာဂါခရိုင်ရှိ ကျေးရွာတစ်ရွာတွင် အမျိုးသမီးများ ဂျင်းဘောင်းဘီမဝတ်ရ၊ အမျိုးသားများ ဘောင်းဘီတိုမဝတ်ရဟု တားမြစ်ထားပြီး ယင်းသို့ဝတ်ခြင်းသည် အနောက်တိုင်း ယဉ်ကျေးမှု ဖြစ်သဖြင့် အိန္ဒိယရိုးရာအဝတ်အစားများသာ ဝတ်ရန် တိုက်တွန်းထားကြောင်း သိရသည်။
နယူးဒေလီမြို့ရှိ အမျိုးသမီးဖွံ့ဖြိုးတိုးတက်မှုလေ့လာရေးဌာနမှ ပါမောက္ခ ရီနူးအက်ဒလာခါက ပန်ချာပီဝတ်စုံကဲ့သို့ ရှယ်ဝါခမိဟုခေါ်သည့် အိန္ဒိယရိုးရာဝတ်စားဆင်ယင်မှုသည် ဂျင်းနှင့် မတူညီသည့်အချက်မှာ ဂျင်းဘောင်းဘီသည် အမျိုးသမီးများ၏ခန္ဓာကိုယ်ကောက်ကြောင်းကို ပုံဖော်နိုင်ခြင်းဖြစ်ကြောင်း ဆိုသည်။
ပုံစာ - ဂျင်းဘောင်းဘီဖက်ရှင်ဖြင့်ပွဲ
“အိန္ဒိယအယူအဆမှာ အမျိုးသမီးတစ်ဦးက သူ့ကို တခြားအမျိုးသမီးတွေ လိင်ပိုင်းဆွဲဆောင်မှုရှိအောင် ဖီးလိမ်းပြင်ဆင်ခြင်းဟာ အမျိုးသားတွေအပေါ် ခြိမ်းခြောက်မှုတစ်ခုလို့ မြင်နေကြတုန်းပါ” ဟု ပါမောက္ခ ရီနူးအက်ဒလာခါက ရှင်းပြသည်။
အိန္ဒိယနိုင်ငံတွင် ဂျင်းထည်များကို ပေါ့ပေါ့ပါးပါး ဝတ်ဆင်ခွင့်ရသော နေရာများရှိနေသလို မိမိတို့ လွတ်လပ်မှု အတွက် ရုန်းကန်ကြိုးပမ်းနေရသော အမျိုးသမီးများအတွက် အခက်အခဲတစ်ခုအဖြစ် အချို့နေရာများ ရှိနေဆဲဖြစ်ပါသည်။
တချို့ အိန္ဒိယနိုင်ငံသူများက သူတို့ရိုးရာ ကာတီဘောင်းဘီကို ဂျင်းဘောင်းဘီဒီဇိုင်းမျိုး အတုခိုး၍ ဝိနည်းလွတ် ချုပ်လုပ်ဝတ်ဆင်ကြသည်။ ယင်းအတုခိုးပုံက ကျေးလက်များတွင် နည်းပါးသော်လည်း အရွယ်ရောက်လာ၍ မြို့ကြီးပြကြီးများသို့ ပြောင်းရွှေ့လုပ်ကိုင်ရချိန်တွင် ပို၍ ဝတ်ရဲလာကြသည်။
“မြို့ကြီးပြကြီးတွေမှာလို အားကစားဘောင်းဘီ၊ ဂျင်းဘောင်းဘီတွေ ရွာမှာ မဝတ်ရတာ ကျမ သိပ်မုန်းတယ်။ ယောက်ျားတွေက ကျမတို့ ဝတ်စားဆင်ယင်မှုကို ဘာကြောင့် အဆုံးအဖြတ်ပေးပိုင်ခွင့် ရှိတာလဲ” ဟု ဘီဟာပြည်နယ်အရှေ့ပိုင်းက တောရွာလေးတစ်ရွာတွင်နေထိုင်သည့် အသက် ၁၇ နှစ်အရွယ် လုံမငယ် ဒီးပတီမီရှာရာက ရင်ဖွင့်ပြောပြသည်။
ဂျင်းဘောင်းဘီကို မူလက အမေရိကန်ပြည်ထောင်စုတွင် လယ်ယာနှင့်သတ္တုတွင်းလုပ်သားများ အကြမ်းခံ ဝတ်ဆင်နိုင်အောင် ဒီဇိုင်းထုတ် ချုပ်လုပ်ခဲ့ကြသည်။ ၁၉၅၀ ပြည့်လွန်နှစ်များတွင် ဂျင်းဘောင်းဘီများသည် ဟောလိဝုဒ်စတားများက “လူဆိုးလေးများ (bad boys)” ဟု အမည်ပေး၍ ယဉ်ကျေးမှုတွန်းလှန်မှုတစ်ခု၏ သင်္ကေတအဖြစ် ဝတ်ဆင်ပြခဲ့ကြသည်။
ယင်းနောက် ၁၉၆၀ ပြည့်လွန်နှစ်များသို့ ရောက်လာချိန်ဝယ် ဂျင်းဘောင်းဘီများကို ကိုယ်ပိုင်ဖန်တီးပုံဖော် ဝတ်ဆင်မှု ခေတ်စားလာခဲ့သည်။ ၁၉၇၀ ပြည့်လွန်နှစ်များတွင်တော့ တင်းကျပ်စွာ ချုပ်လုပ်ထားသော စတိုင်လ်များ လူကြိုက်များလာခဲ့ပြီး အမေရိကားရှိ လိင်ဆွဲဆောင်မှုအသားပေးသော ဖက်ရှင်တစ်ခု ဖြစ်လာခဲ့သည်။
Source: South China Morning Post
#ဂျင်းထည်
#အမျိုးသမီး
#အိန္ဒိယနိုင်ငံ
#မိန်းကလေး
#ဝတ်ဆင်ခြင်း
#ဂျင်းဘောင်းဘီ
#Cninews
#CNIMyanmar
#ChannelNewsIndependent