CNI International News

ဘိုကိုတာ၊ဖေဖော်ဝါရီ ၂၂

ကိုလံဘီယာနိုင်ငံတွင် ကိုယ်ဝန်သက်တမ်း ၂၄ ပတ်အထိ ဖျက်ချခြင်းကို တရားဝင်ခွင့်ပြုရန် နိုင်ငံ၏ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာတရားရုံးက မဲခွဲဆုံးဖြတ်လိုက်သဖြင့် အဆိုပါနိုင်ငံသည် လက်တင်အမေရိကန်တွင် တရားဝင် ကိုယ်ဝန်ဖျက်ချခွင့်ရှိသည့် နောက်ဆုံးတစ်နိုင်ငံဖြစ်လာခဲ့သည်။

ကိုလံဘီယာနိုင်ငံတွင် ကိုယ်ဝန်ဖျက်ချခြင်းကို လုံးဝခွဲခြားဆက်ဆံရမည့်ကိစ္စအဖြစ် တွန်းအားရှိနေခဲ့သော်လည်း တရားသူကြီး ၉ ဦး၏ ခုံရုံးဖွဲ့ဆုံးဖြတ်ချက်အရ အဆိုပါတွန်းအားမှာ ပျက်ပြားသွားခဲ့ပြီဖြစ်သည်။ သို့သော် ပြည်တွင်း၌ နှစ်စဉ် အမျိုးသမီး ၄ သိန်းကျော် လျှို့ဝှက်ကိုယ်ဝန်ဖျက်ချမှုရှိနေကြောင်း အမျိုးသမီး အခွင့်အရေး အဖွဲ့များက ပြောကြားခဲ့ကြသည်။

အဆိုပါဆုံးဖြတ်ချက် မထွက်ပေါ်မီက ကိုလံဘီယာ၌ အမျိုးသမီးအသက်အန္တရာယ်ကြုံလာချိန်အပါအဝင် သန္ဓေသားပုံပျက်ခြင်း (သို့မဟုတ်) အလိုမတူဘဲ မုဒိမ်းအကျင့်ခံရခြင်းတို့ကြောင့်သာ ကိုယ်ဝန်ဖျက်ချခြင်းကို တရားဝင်ခွင့်ပြုခဲ့သည်။

ယခုအခါ ကိုလံဘီယာနိုင်ငံသူ အမျိုးသမီးများသည် ၎င်းမလိုလားသော ကိုယ်ဝန်ကို ၂၄ ပတ်အထိ ဖျက်ချခြင်းကို အကြောင်းပြချက်တစုံတရာမလိုဘဲ ပြုလုပ်နိုင်ပြီဖြစ်သည်။ သို့သော် ၂၄ ပတ်ထက်ကျော်လွန်၍ ရင့်မာနေပြီ ဖြစ် သော ကိုယ်ဝန်ဖျက်ခြင်းအတွက်တော့ ဥပဒေအရ ကန့်သတ်ချက်များ ဆက်လက်ချမှတ်ထားမည်ဟု သိရသည်။



“ကိုယ်ဝန်ဖျက်ချတဲ့အပေါ် ခွဲခြားဆက်ဆံတာမျိုး အဆုံးသတ်ဖို့ ကြိုးစားနေပါတယ်။ ဒါက သမိုင်းဝင်ခြေလှမ်း တစ်ရပ်ပါ” ဟု နယူးယောက်အခြေစိုက် မျိုးဆက်ပွားအခွင့်အရေးဌာနမှ ရှေ့နေ ခရစ္စတီနာရိုစီရိုက ပြောကြားခဲ့ သည်။ ၎င်းတို့အဖွဲ့သည် ကိုလံဘီယာ၌ ကိုယ်ဝန်ဖျက်ချခြင်းဆိုင်ရာဥပဒေများ ပြန်သုံးသပ်ရန် အထက်တရားရုံး သို့ ၂၀၂၀ ပြည့်နှစ်တွင် ဦးတိုက်လျှောက်ထားခဲ့သည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

ကိုယ်ဝန်ဖျက်ချခြင်းဆိုင်ရာကန့်သတ်ချက်များသည် ဝင်ငွေနည်းသောဒေသများမှ အမျိုးသမီးများကို ခွဲခြား ဆက်ဆံခြင်းဖြစ်ပြီး ၎င်းတို့သည် ဆရာဝန်များ၊ ရှေ့နေများ (သို့မဟုတ်) စိတ်ပညာရှင်များထံ ထိတွေ့ခွင့် နည်းပါး ကြ၍ အကူအညီကင်းမဲ့နေကြောင်း အထက်တရားရုံးသို့ လျှောက်ထားချက်တွင် အကြောင်းပြထားသည်။

ယခု ကိုလံဘီယာဥပဒေပြင်ဆင်ချက်သည် ဝင်ငွေနည်းသည့်သူများအတွက် အန္တရာယ်ကင်းကင်းဖြင့် ကိုယ်ဝန် ဖျက်နိုင်မှု ပိုမိုလွယ်ကူစေလိမ့်မည်ဟု ခရစ္စတီနာရိုစီရိုက ဆက်လက်ပြောကြားခဲ့သည်။

လက်တင်အမေရိက၊ အာဂျင်တီးနား၊ ဥရုဂွေးနှင့်ကျူးဘားနိုင်ငံတို့တွင် ကန့်သတ်ချက်မပါဝင်ဘဲ ကိုယ်ဝန် ဖျက်ချခြင်းကို ခွင့်ပြုထားသော်လည်း မက္ကစီကိုနိုင်ငံမှာတော့ အမျိုးသမီးများ ကိုယ်ဝန်ဖျက်မှုမှာ ဥပဒေအရ တရားမဝင်ကြောင်း တရားရုံးချုပ်က မကြာသေးမီက ထုတ်ပြန်ခဲ့သည်။

Source: AP