CNI International News

ကဘူးလ်၊ ဖေဖော်ဝါရီ ၁

အာဖဂန်နစ္စတန်နိုင်ငံရှိ မိန်းကလေးများနှင့် အမျိုးသမီးငယ်များ လာမည့်မတ်လတွင် ကျောင်းပြန်တက်နိုင်ကြမည် ဖြစ်ကြောင်း တာလီဘန်အစိုးရပြောခွင့်ရသူနှင့် ယဉ်ကျေးမှု၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဇာဘီဟူလာ မူဂျာဟစ်က ပြောကြားခဲ့ကြောင်း Deutsche Welle (DW) သတင်းဌာနက ရေးသားဖော်ပြသည်။

သို့သော်လည်း မိန်းကလေးများနှင့် အမျိုးသမီးငယ်များအတွက် ပညာရေးဆိုသည်မှာ စွမ်းဆောင်ရည်ဆိုင်ရာ မေးခွန်းတစ်ခုဖြစ်ကြောင်းလည်း ယခုလအစောပိုင်းက မူဂျာဟစ်က ပြောကြားခဲ့ဖူးသည်။

“ကျောင်းတွေနဲ့တက္ကသိုလ်တွေ လာမယ့်နှစ်မှာ ဖွင့်နိုင်အောင် လတ်တလောပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားနေ ပါတယ်” ၎င်းက ပြောကြားခဲ့သည်။

ကျောင်းများတွင် မိန်းကလေးများနှင့် ယောက်ျားလေးများကို လုံးဝသီးသန့်စီ ခွဲခြားထားမည်ဟု ၎င်းက အတိ အလင်းပြောသည်။ အကြီးမားဆုံး အတားအဆီးတစ်ခုအနေဖြင့် ကျောင်းတက်နေစဉ် မိန်းကလေးများ သီးသန့် နေထိုင်ရန် စာသင်ဆောင်နှင့်အိပ်ဆောင်များ လုံလောက်အောင်ရှာဖွေခြင်း (သို့မဟုတ်) ဆောက်လုပ်ခြင်းများ လုပ်ဆောင်နေကြောင်း ၎င်းက ဆက်ပြောသည်။

လူဦးရေထူထပ်သောဒေသများတွင် ယောက်ျားလေးများနှင့် မိန်းကလေးများ သီးခြားစီ သင်ကြားစေမည့် စာသင် ခန်း မလုံလောက်သေးကြောင်း၊ သီးခြားကျောင်းအဆောက်အအုံများ လိုအပ်ချက်ရှိနေဆဲဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

“တာလီဘန်ခေါင်းဆောင်တွေဟာ အစကတည်းက ပညာရေးနဲ့ ပတ်သက်လာရင် မူအရ ဆန့်ကျင်တာတင် မဟုတ်ဘဲ မိန်းကလေးတွေရဲ့ပညာရေးကိုပါ မလိုလားတာ တွေ့ရမှာပါ” ဟု တာလီဘန်တို့ အာဏာရလာပြီး နောက် ဥဇဘက်ကစ္စတန်နိုင်ငံ၊ တာ့ရှ်ကန့်မြို့သို့ ပြောင်းရွှေ့လာသူ အယ်လီနောဇိုင်နို (Ellinor Zenio) က ပြောသည်။ ၎င်းသည် ယခင်က Konrad Adenauer ဖောင်ဒေးရှင်း၏ ကဘူးလ်ရုံးအကြီးအကဲအဖြစ် တာဝန်ယူ ခဲ့ဖူးသည်။

သို့သော်လည်း တာလီဘန်တို့သည် အခြေခံအနေအထားနှစ်ခုဖြစ်သည့် ကျားမခွဲခြားဆက်ဆံခြင်းကို စာသင် ကျောင်းများတွင်သာမက လူထုဘဝတွင်လည်း အမြဲအလေးပေးလုပ်ဆောင်ကြပြီး ကျောင်းသုံးသင်ရိုးညွှန်းတမ်း မှာလည်း တာလီဘန်တို့ဘာသာရေးယုံကြည်ချက်နှင့် ကိုက်ညီရကြောင်း အယ်လီနောဇိုင်နိုက ဆက်လက် ပြောကြားခဲ့သည်။

ကမ္ဘာတလွှား ပညာရေးလှုံ့ဆော်ပေးသည့် ဂျာမနီနိုင်ငံ၊ ကမ္ဘာ့တက္ကသိုလ်ဝန်ဆောင်မှုကော်မတီ၏ အမှုဆောင် ဥက္ကဋ္ဌ ကမ်ဘစ်ဇ်ဂွာဝါမီ (Kambiz Ghawami) က “တာလီဘန်တို့သည် ပွင့်လင်းသောပညာရေးမူဝါဒများကို သံသယရှိနေကြောင်း၊ ပညာရေးဆိုသည်မှာ မလိုအပ်ဟုပင် ၎င်းတို့က တစ်ကြိမ်ထက်ပို ပြောဆိုခဲ့ဖူးကြောင်း၊ အထူးသဖြင့် မိန်းကလေးများနှင့် အမျိုးသမီးများ ပညာရေးအခြေအနေမှာ ဆိုးရွားလှကြောင်း” DW သို့ ရှင်းပြသည်။

ဆရာမများမှာလည်း လနှင့်ချီ၍ လုပ်ခလစာမရကြသဖြင့် အများစုမှာ အခြားနေရာများတွင် ဝင်ငွေရှာရန်နှင့် အသက်မွေးဝမ်းကျောင်းပြုရန် စာသင်ကျောင်းများကို ကျောခိုင်းနေကြပြီဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုများအပြင် ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံးဖြစ်သော ၂၀၂၁ ခုနှစ် နွေရာသီက မိုးခေါင်မှု‌က တစ်ပူပေါ် နှစ်ပူဆင့်စေခဲ့သည်။ မကြာမီ အငတ်ဘေးကြောင့် အာဖဂန်ပြည်သူ ၂၃ သန်းအထိ ထိခိုက်နိုင်ကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။ လတ်တလော ကျောင်းမတက်ရသည့် ကလေး သူငယ် ၈ သန်းတွင် မိန်းကလေးများရော ယောက်ျားလေးများပါ ပါဝင်ကြောင်း မကြာသေးမီက ပြုစုခဲ့သော ကုလ သမဂ္ဂ၏ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။

ထိုသို့သောအခြေအနေဆိုးများကြောင့် အလှူရှင်များနှင့် နိုင်ငံရေး၊ လူ့အခွင့်အရေးတို့ကြောင့် တာလီဘန်အစိုးရကို ပိတ်ဆို့ထားသော ဖွံ့ဖြိုးရေးအကူအညီ ဒေါ်လာ ၁ ဒသမ၂ ဘီလီယံ (ယူရို ၁ ဒသမ ၀၇ ဘီလီယံ) ကို ကမ္ဘာ့ဘဏ် က ဖြေလျော့ပေးရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အမေရိကန်အစိုးရ အပေါ် တိုက်တွန်းထားသည်။

Source: dw.com