CNI International News

မနီလာ၊ ဇန်နဝါရီ ၇

မိန်းကလေးခြောက်ယောက်အနက် တစ်ယောက်သည် အသက် ၁၈ နှစ်မတိုင်မီ လက်ထပ်ထိမ်းမြားခြင်းရှိနေဆဲဖြစ်သည့်ဖိလစ်ပိုင်နိုင်ငံတွင်အဆိုပါအလေ့အထကို တားမြစ် သော ကလေးသူငယ်အိမ်ထောင်ပြုခြင်းဆိုင်ရာဥပဒေကို ဇန်နဝါရီ ၆ ရက်တွင် အတည်ပြုပြဋ္ဌာန်းလိုက်ခြင်း ကြောင့် တရားမဝင်သည့်အရေးကိစ္စတစ်ရပ်ဖြစ်လာခဲ့ကြောင်း ဘန်ကောက်ပို့စ်အွန်လိုင်းသတင်း၌ ဖော်ပြ ထားသည်။

အရှေ့တောင်အာရှဒေသတွင်း၌ တည်ရှိပြီး ဆင်းရဲနွမ်းပါးလှသည့် ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာပေါ်တွင် ကလေး သူငယ်လက်ထပ်ထိမ်းမြားမှုအများဆုံးနိုင်ငံများစာရင်း၌ နံပါတ် ၁၂ နေရာ ရပ်တည်နေကြောင်း ဗြိတိန်အခြေစိုက် အခွင့်အရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Plan International ၏အဆိုအရ သိရသည်။ သို့သော် ရှေးရိုးအစဉ်အလာ အလေ့အထတစ်ခုအဖြစ် ကြာမြင့်ပြီဖြစ်ခြင်းနှင့် ကျား/မတန်းတူညီမျှမှုကင်းမဲ့ခြင်းတို့က ယခုအပြောင်းအလဲ အပေါ် အဟန့်အတားဖြစ်နေသည်။

သို့သော် သမ္မတ ရိုဒရီဂိုဒူတာတေးက လက်မှတ်ရေးထိုးပြီး ဇန်နဝါရီ ၆ ရက်၌ ထုတ်ပြန်လိုက်သည့် အဆိုပါ ဥပဒေသစ်အရ အသက် ၁၈ နှစ်အောက် မည်သူမဆို လက်ထပ်ခြင်း (သို့မဟုတ်) ပေါင်းသင်းနေထိုင်ခြင်းအတွက် ထောင်ဒဏ် ၁၂ နှစ်အထိ ချမှတ်ခံရမည်ဖြစ်သည်။

အသက်မပြည့်သေးသူကို မင်္ဂလာဆောင်ရန် စီစဉ်ပေးခြင်း (သို့မဟုတ်) အလားတူဆောင်ရွက်ပေးသူများအတွက် လည်း အလားတူပြစ်ဒဏ်ကို ရင်ဆိုင်ရမည်ဖြစ်သည်။

ပုံ-ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးကိုတွေ့ရစဉ်

“ကလေးသူငယ် လက်ထပ်ထိမ်းမြားခြင်းသည် ကလေးသူငယ်များအပေါ် အလွဲသုံးစားပြုသည့်အလေ့အထအဖြစ် နိုင်ငံတော်က မှတ်ယူသည်” ဟု အဆိုပါဥပဒေထဲတွင် ပြဋ္ဌာန်းထားသည်။

ယင်းဥပဒေသည် အမျိုးသမီးများနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီများနှင့် ကိုက်ညီ ကြောင်း ဖိလစ်ပိုင်အစိုးရက ပြောကြားခဲ့သည်။

သို့သော်လည်း ကလေးထိမ်းမြားလက်ထပ်ခြင်း အဖြစ်များကြသည့် မွတ်ဆလင်များနှင့် ဌာနေတိုင်းရင်းသားတို့ အတွက် အသွင်ကူးပြောင်းကာလ ဖြတ်သန်းဖို့ ခွင့်ပြုရန်အလို့ငှာ ဥပဒေပြဋ္ဌာန်းချက်အချို့ကို ဆိုင်းငံ့ထားသည်။

ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF)၏ ယမန်နှစ်အစီရင်ခံစာအရ ကမ္ဘာတလွှား မိန်းကလေးများနှင့် အမျိုးသမီးဦးရေ၏ ဘီလီယံထက်ဝက်ကျော်သည် ငယ်ရွယ်စဉ်ကပင် အိမ်ထောင်ပြုခဲ့ကြောင်း၊ အာဖရိကတိုက်ရှိ ဆာဟာရသဲကန္တာရနှင့် တောင်အာရှတို့တွင် ထိုသို့အလေ့အထကို အမြင့်ဆုံးနှုန်းအနေဖြင့် တွေ့ရကြောင်း သိရသည်။

သို့သော် မကြာသေးမီများက ရရှိသော အချက်အလက်များအရ အဆိုပါအလေ့အထသည် တကမ္ဘာလုံး အတိုင်း အတာ၌ ယေဘုယျအားဖြင့် ကျဆင်းနေကြောင်း ဘန်ကောက်ပို့စ်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

Source: Bangkok Post