CNI International News

ရောမ၊ နိုဝင်ဘာ ၂၆

၁၉၈၅ ခုနှစ်၌ ထုတ်ဝေခဲ့သည့် National Geographic မဂ္ဂဇင်း၏မျက်နှာဖုံးအတင်ခံရပြီးနောက် ကျော်ကြား လာခဲ့သူ အာဖဂန်မိန်းကလေးကို ယခုအခါ အီတလီဝန်ကြီးချုပ် မာရီယိုဒရာဂျီက ဒုက္ခသည်အဆင့် ခွင့်ပြု လိုက်ပြီဖြစ်ကြောင်း အီတလီအစိုးရသတင်းထုတ်ပြန်ချက်ကို ကိုးကားလျက် စီအင်န်အင်န်သတင်းဌာနက ရေးသားဖော်ပြသည်။

အာဖဂန်-ပါကစ္စတန်နယ်စပ်ရှိ ဒုက္ခသည်စခန်းတစ်ခုအတွင်း ပါ့စထန်မျိုးနွယ် မိဘမဲ့ကလေးတစ်ဦးဖြစ်သည့် အသက် ၁၂ နှစ်အရွယ်ရှိ ရှာဘတ်ဂူလာ၏ဓာတ်ပုံကို ၁၉၈၄ ခုနှစ်တွင် ရိုက်ကူးခဲ့ပြီး နောက်တစ်နှစ်တွင် မဂ္ဂဇင်း မျက်နှာဖုံးတင်ခဲ့သည်။

၎င်း၏အမည်ကို နှစ်ပေါင်းများစွာ မည်သူမှ မသိရှိခဲ့ကြဘဲ နောက်ပိုင်းတွင် ပါကစ္စတန်တွင် နေထိုင်ခဲ့သူ ရှာဘတ် ဂူလာကို ဆယ်စုနှစ်များကြာအောင် ခြေရာခံရှာဖွေခဲ့ကြသည်။

ယခု အသက် ၄၀ ကျော်ပြီဖြစ်သည့် ဂူလာသည် ရောမမြို့တော်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း အီတလီ ဝန်ကြီးချုပ် ရုံးထံမှ သိရသည်ဟု စီအင်န်အင်န်က ဆက်လက်ဖော်ပြသည်။

“၁၉၈၅ ခုနှစ်တုန်းက National Geographic မဂ္ဂဇင်းမျက်နှာဖုံးအတွက် ပက်ရှဝါမြို့နားက ဒုက္ခသည်စခန်း တစ်ခုမှာ သူ့ကို ရိုက်ကူးပေးခဲ့တဲ့ စတိဗ်မက်ကာရီရဲ့ကျေးဇူးကြောင့် ရှာဘတ်ဂူလာဟာ အာဖဂန်နစ္စတန် ပြည်သူတွေဖြတ်သန်းခဲ့ရတဲ့ သမိုင်းကြောင်း ပဋိပက္ခတွေကို ကိုယ်စားပြုနိုင်တဲ့အထိ  ကမ္ဘာ့အဆင့် ကျော်ကြားမှု ရရှိခဲ့ပါတယ်” ဟု အီတလီဝန်ကြီး ချုပ်ရုံးထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

“အာဖဂန်နစ္စတန်မှာ လှုပ်ရှားနေတဲ့ အရပ်ဘက်အဖွဲ့တွေနဲ့ အထူးသဖြင့် အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်းတွေရဲ့ တောင်းဆိုချက်တွေကို တုံ့ပြန်တဲ့အနေနဲ့ ပြီးခဲ့သည့်ဩဂုတ်အဖြစ် အပျက်တွေအပြီးမှာ သူတို့နိုင်ငံကနေ ထွက်ခွာ ရာမှာ အကူအညီပေးဖို့ ရှာဘတ်ဂူလာရဲ့ မေတ္တာရပ်ခံချက်ကို ဝန်ကြီးချုပ်ကိုယ်တိုင်လက်ခံခဲ့ပါတယ်။ ရွှေ့ပြောင်းဖို့ နဲ့ အီတလီကို ရောက်ဖို့၊ လက်ခံထားဖို့ အစိုးရက စနစ်တကျစီစဉ်ပေးခဲ့ပါတယ်” ဟု အဆိုပါထုတ်ပြန်ချက်ထဲတွင် ဆက်လက်ရေးသားထားသည်။

ဂူလာ၏မိသားစုကိုလည်း ဒုက္ခသည်အဖြစ် လက်ခံခြင်း ရှိ/မရှိ စီအင်န်အင်န်က မေးမြန်းခဲ့သော်လည်း အကြောင်း ပြန်ကြားခြင်း မရှိပေ။

အာဖဂန်မိန်းကလေးတစ်ဦး၏ ဓါတ်ပုံကို မဂ္ဂဇင်းတွင် ထည့်သွင်းခဲ့ရခြင်းနှင့်ပတ်သက်၍ နောက်ကွယ်မှ အကြောင်းအရာအချို့ကို ရိုက်ကူးခဲ့သူ မက်ကာရီက CNN ကို ယခုကဲ့သို့ ရှင်းပြခဲ့သည်။

“သူ့မှာ မယုံနိုင်စရာအကြည့်စူးစူးရှရှ ရှိမှန်း ကျနော် သိပါတယ်။ ဒါပေမယ့် အဲဒီတုန်းက ပတ်ဝန်းကျင်မှာ လူအုပ်ကြီးရှိနေတယ်။ ဖုန်ကလည်း ထူသလားမမေးနဲ့။ အဲဒီပုံရိုက်တုန်းက ဒစ်ဂျစ်တယ်ကင်မရာတွေ မပေါ်သေးတော့ ဘယ်လိုပုံမျိုး ထွက်လာမယ်ဆိုတာ ကျနော်လည်း ချက်ချင်း ကြိုမသိခဲ့ဘူးပေါ့”

၎င်းတီထွင်ကြံဆပြီး ရိုက်ကူးခဲ့သည့်ဓါတ်ပုံသည် ထူးခြားကြောင်း ကောင်းစွာ သူသိခဲ့သည်။

“ကျနော် အဲဒီတုန်းက ဒီပုံကို National Geographic အယ်ဒီတာကို ပြလိုက်တော့ သူက ဝမ်းသာအားရ ခုန်ပေါက်ပြီး “နောက်တစ်စောင်အတွက် မျက်နှာဖုံးပဲကွာ” လို့ အော်ပြောပါတယ်” ဟု မက်ကာရီက ပြန်ပြောင်းပြောပြခဲ့သည်။

Source: CNN