CNI International News

ပါရီ၊ နိုဝင်ဘာ ၂၁

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးရေး အစိုးရ၏ အရေးယူမှုများ ပိုမိုအရှိန်မြှင့်တင်စေရန်အတွက် ပြင်သစ်နိုင်ငံ တဝန်းတွင် ထောင်နှင့်ချီသော ဆန္ဒပြသူများ လမ်းမပေါ်ထွက်၍ ချီတက်ခဲ့ကြောင်း အေပီသတင်းကို ကိုးကားလျက် အယ်လ်ဂျာဇီးယားက ရေးသားဖော်ပြသည်။

ပါရီမြို့တော်နှင့် အခြားမြို့ကြီးများတွင် နိုဝင်ဘာ ၂၀ ရက် ဆန္ဒပြပွဲများ၌ ပါဝင်သူများက ၎င်းတို့၏ လုပ်ဖော်ကိုင်ဘက် အမျိုး သမီးများ သတ်ဖြတ်ခံရခြင်းနှင့် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု၊ စော်ကားမှုများ များပြားလာခြင်းအပေါ် ဒေါသတကြီးဖြင့် တောင်းဆိုခဲ့ ကြသည်။

ပြင်သစ်နိုင်ငံရှိ လုပ်ငန်းခွင်များအတွင်း လုပ်ဖော်ကိုင်ဘက် အမျိုးသမီး ၁၀၁ ဦး ထက်မနည်း ယခုနှစ်အတွင်း သတ်ဖြတ်ခံခဲ့ ရပြီး သုံးရက်လျှင် အမျိုးသမီးတစ်ဦးခန့် အကြမ်းဖက်မှုနှင့် ရင်ဆိုင်နေရကြောင်း အမျိုးသမီး အကြမ်းဖက်မှု ဆန့်ကျင်ရေး အဖွဲ့များက ပြောကြားခဲ့ကြသည်။

၂၀၁၇ ခုနှစ် နိုင်ငံလုံးဆိုင်ရာ စစ်တမ်းတစ်ခု၏ အဆိုအရ နှစ်စဉ် ပြင်သစ်အမျိုးသမီး ၂၂၀,၀၀၀ ကျော်သည် ၎င်းတို့၏ လုပ်ငန်း ခွင်များတွင် ရုပ်ပိုင်းဆိုင်ရာ (သို့မဟုတ်) လိင်ပိုင်းဆိုင်ရာ စော်ကားမှု ခံစားနေရသည်။

ပုံ-ပြင်သစ် သမ္မတ အီမန်နွယ်မက်ခရွန်ကိုတွေ့ရစဉ်။(AFP)

သမ္မတ အီမန်နွယ်မက်ခရွန် အနေဖြင့် အစိုးရဘတ်ဂျက်၌ အမျိုးသမီးများ အကြမ်းဖက်မှု တားဆီးရေးအတွက် ယခု တစ်စိတ် တစ်ပိုင်း သုံးစွဲနေသော ယူရို သန်း ၃၆၀ (ဒေါ်လာ ၄၀၆ သန်း) အစား  နှစ်စဉ် ယူရို ၁ ဘီလီယံ (ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ) ခွင့်ပြုရန် တက်ကြွလှုပ်ရှားသူများက တောင်းဆိုခဲ့ကြသည်။

“လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ရပ်တန့်ပေး” ဆိုင်းဘုတ်နောက်တွင် ဆန္ဒပြသူများသည် ပါရီမြို့တော်တခွင်သို့ ချီတက်ခဲ့ ကြသည်။

“တစ်ခုခုဖြစ်ရင် ကျမတို့ အမျိုးသမီးတွေပဲ အမြဲတမ်း အပြစ်တင်ခံနေရပါတယ်” ဟု ပါရီမြို့မှ ဆန္ဒပြသူတစ်ဦးဖြစ်သည့် ဂျစ်စလိုင်းဂျီရီယာရာဗီလီယာ (Ghislaine Gireire-Revalier) က ကြမ်းတမ်းသော အိမ်တွင်းရေး အခြေအနေများတွင် ပိတ်မိနေသော အမျိုးသမီးများကို စာနာထောက်ထားဖို့ တိုက်တွန်းပြောကြားခဲ့သည်။

ပုံ-ပြင်သစ်မှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆန့်ကျင်ရေး ဆန္ဒပြနေစဉ်။(AP)

နောက်ထပ် ဆန္ဒပြသူတစ်ဦးဖြစ်သည့် မာရေးလီဂေါ့ဖ်က “အန္တရာယ်များတဲ့ လုပ်ငန်းခွင်က အမျိုးသမီးတွေအတွက် တယ်လီဖုန်းလိုမျိုး အရေးပေါ်ကိုင်တွယ်ဖြေရှင်းဖို့ အားကိုးစရာ လိုပါတယ်” ဟု ရဲများကို လှမ်းခေါ်နိုင်မည့် အရေးပေါ် ဖုန်းခလုတ်စနစ်ကို ရည်ညွှန်းပြောကြားခဲ့သည်။

ထိုကဲ့သို့ စွမ်းဆောင်နိုင်ရည်ရှိသည့် ဖုန်းအလုံးပေါင်း ၂,၅၀၀ ကျော်ကို ပြင်သစ်နိုင်ငံအတွင်း ဖြန့်ဖြူးပေးထားကြောင်း တရားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

“ဒါပေမယ့် ဒီဖုန်းအမျိုးအစားက လူတိုင်းအတွက် မလုံလောက်ပါဘူး။ အတိုင်းအတာ တဝက်လောက်ပဲ ရှိပါသေးတယ်။ မဖွယ်မရာ ကျူးလွန်၍ ယာယီအဖမ်းခံရတဲ့ အမျိုးသားတွေ (ဒါမှမဟုတ်) ထောင်ကျသူတွေ ရှိပေမယ့် တချို့ကျတော့ ဥပဒေ အတိုင်း ထိထိရောက်ရောက် မကိုင်တွယ်ဘဲ ပြန်လွှတ်ပေးတာမျိုးက ပြဿနာပါပဲ” ဟု မာရေးလီဂေါ့ဖ်က ပြောကြားခဲ့သည်။

Source: Aljazeera