CNI International News
ဘာမင်ဂမ်၊ နိုဝင်ဘာ ၁၀
နိုဘယ်ငြိမ်းချမ်းရေးဆုရှင်နှင့် ပါကစ္စတန်လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မာလာလာယူဆပ်ဇိုင်က ၎င်းသည် လက်ထပ်ထိမ်းမြားလိုက်ပြီဟု သူမ၏အင်စတာဂရမ်မှနေ၍ နိုဝင်ဘာ ၉ ရက်၌ အသိပေး ကြေညာခဲ့ကြောင်း စီအင်န်အင်န်သတင်းတစ်ပုဒ်တွင် တွေ့ရသည်။
“ဒီနေ့ဟာ ကျမဘဝရဲ့ အဖိုးတန်နေ့တစ်နေ့ဖြစ်ပါတယ်။ လက်တွဲဖော် အက်ဆာ(Asser)နဲ့ ကျမတို့ဟာ ဘဝမှာ အနီးကပ်ဆုံး နှောင်ဖွဲ့မိပါပြီ။ ဘာမင်ဂမ်မြို့ က အိမ်မှာပဲ ကျမတို့မိသားစုတွေနဲ့ နေကာ (Nikka) လက်ထပ် ထိမ်းမြားပွဲ ကျင်းပခဲ့ပါတယ်” ဟု မာလာလာက အင်စတာဂရမ်တွင် ရေးသားထားသည်။
“ကျေးဇူးပြုပြီး ကျမတို့ကို ဆုတောင်းမေတ္တာပို့သပေးကြပါရှင့်။ ရှေ့ဆက်ခရီးကို အတူလျှောက်လှမ်းဖို့ ကျမတို့ စိတ်လှုပ်ရှားနေပါတယ်” ဟု ၎င်းက ဆက်လက်ရေးသားထားသည်။
၎င်း၏ခင်ပွန်းဖြစ်လာသူ အက်ဆာမာလိတ်သည် ပါကစ္စတန်နိုင်ငံ၊ လာဟိုးမြို့ရှိ ပါကစ္စတန် ခရစ်ကက် အားကစားဘုတ်အဖွဲ့၌ လုပ်ငန်းလည်ပတ်မှုဆိုင်ရာမန်နေဂျာအဖြစ် အမှုထမ်းနေသည်။
အာဖဂန်နစ္စတန်နိုင်ငံ၌ မိန်းကလေးငယ်များ ကျောင်းမတက်ရန် တာလီဘန်တို့၏ဖိနှိပ်မှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုကြောင့် မာလာလာကို နိုင်ငံတကာက အသိအမှတ်ပြုခဲ့ကြသည်။ သူမ အသက် ၁၅ နှစ်အရွယ်၌ ၎င်း၏ဦးခေါင်းကို တာလီဘန်အဖွဲ့ဝင်တစ်ဦးက ပစ်ခတ်ခဲ့ပြီးနောက် အင်္ဂလန်သို့ လာရောက်၍ ဆေးဝါးကုသမှု ခံယူခဲ့ရသည်။
အသက် ၁၇ နှစ်အရွယ် ၂၀၁၄ ခုနှစ်၌ ၎င်းသည် နိုဘယ်ငြိမ်းချမ်းရေးဆု ပေးအပ်ခြင်းခံခဲ့ရပြီး အသက်အငယ်ဆုံး နိုဗယ်ဆုရှင် ဖြစ်လာခဲ့သည်။
ယမန်နှစ်က မာလာလာသည် အောက်စဖို့ဒ်တက္ကသိုလ်မှ ဒဿနိကဗေဒ၊ နိုင်ငံရေးနှင့် စီးပွားရေး ဘာသာရပ် များဖြင့် ဘွဲ့ရခဲ့သည်။