CNI International News

ကဘူးလ်၊စက်တင်ဘာ ၉

အာဖဂန်တက္ကသိုလ်များသို့ တက်ရောက်သည့်အမျိုးသမီးများသည် ကိုယ်လုံးပြည့်နှင့် မျက်နှာပြည့် ဖုံးအုပ် ထားသည့် ဝတ်စုံများကိုသာ ဝတ်ဆင်ရမည်ဖြစ်ကြောင်း၊ စာသင်ခန်းများကိုလည်း ကျား/မ သီးသန့်စီ ခွဲခြားထားကြောင်း အေအက်ဖ်ပီသတင်းကိုးကား၍ Channel News Asia ဝက်ဘ်ဆိုက်က ဖော်ပြထားသည်။

တာလီဘန်ပညာရေးအာဏာပိုင်အဖွဲ့က ထုတ်သည့်စည်းကမ်းချက်စာတမ်းတစ်စောင်တွင် ကျောင်းသူများကို စာသင်ဖို့ အမျိုးသမီးဆရာမများသာ တာဝန်ယူသင့်ကြောင်း၊ သို့သော် ယင်းသို့ မဖြစ်နိုင်ပါက အကျင့်စာရိတ္တကောင်းမွန်သည့် ‘လူအို’ဆရာမများကို ငှားရမ်းကာ အစားထိုးတာဝန်ယူနိုင်ကြောင်း ဆိုထားသည်။

တာလီဘန်များ၏ ပထမအုပ်ချုပ်ရေးကာလ ၂၀၀၁ ခုနှစ်တွင် အဆုံးသတ်ခဲ့ပြီးနောက် ပုဂ္ဂလိက ကောလိပ်နှင့်တက္ကသိုလ်များအတွက် ယခင်က မှိုတက်ဟောင်းနွမ်းနေပြီဖြစ်သော အမိန့်ကို တဖန် ထုတ်ခဲ့ခြင်းဖြစ်သည်။

၂၀၀၁ ခုနှစ်မတိုင်မီကလည်း မိန်းကလေးများနှင့်အမျိုးသမီးများသည် လိင်တူချင်းသာ စာသင်ခန်းထဲ ဝင်ရောက်ခွင့်ရှိပြီး အိမ်မှ ကျောင်းသို့ထွက်ခွာချိန်တွင် ဆွေမျိုးသားချင်းတစ်ဦးဦး အတူလိုက်ပါရန် အတင်းအကျပ်စေခိုင်းခဲ့သည်။

စက်တင်ဘာ ၄ ရက် ထုတ်ပြန်ခဲ့သော တာလီဘန်စည်းမျဉ်းသစ်တွင် အမျိုးသမီးများအားလုံး တကိုယ်လုံး ဖုံးလွှမ်းသည့် ဝတ်စုံသာဝတ်ရန် မဆိုထားသော်လည်း ၎င်းတို့သတ်မှတ်သည့်မျက်နှာဖုံးမှာ မျက်နှာပြင် ဧရိယာအများစုကို ထိထိရောက်ရောက် ဖုံးလွှမ်းထားရန် ရည်ညွှန်းထားသည်။

စက်တင်ဘာ ၄ ရက် ပုဂ္ဂလိကတက္ကသိုလ်အချို့ အာဖဂန်နစ္စတန်နိုင်ငံတွင် ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေကြစဉ် အဆိုပါဝတ်စားဆင်ယင်မှုအမိန့်ကို တာလီဘန်များက ထုတ်ခဲ့ခြင်းဖြစ်သည်။

ယင်းအမိန့်တွင် “တက္ကသိုလ်များ၌ ကျောင်းသူများအတွက် အမျိုးသမီးနည်းပြများသာ ခေါ်ယူတာဝန်ပေးရမည် ဖြစ်ကြောင်း၊ စာသင်ခန်းများတွင် အမျိုးသားနှင့်အမျိုးသမီး ဝင်ပေါက်၊ထွက်ပေါက်များ သီးခြားစီ ကန့်သတ် ထားရမည်ဖြစ်ကြောင်း” ဆိုထားသည်။

တာလီဘန်အဆင့်မြင့်ပညာရေးဌာနမှ ထုတ်ပြန်သော အမိန့်အရ ကျောင်းသူများသည် အမျိုးသားများ စာသင်ခန်းပတ်ဝန်းကျင်မှ ထွက်ခွာသွားသည်အထိ သီးသန့်စောင့်ဆိုင်ခန်းများတွင် နေထိုင်ရမည်ဖြစ်သည်။

“လက်တွေ့အားဖြင့်တော့ အင်မတန် ခက်ခဲတဲ့အစီအစဉ်ပါ။ ကျနော်တို့ဆီမှာ မိန်းကလေးတွေအတွက် ခွဲခြားသင်ကြားပေးဖို့ အမျိုးသမီးနည်းပြ(ဒါမှမဟုတ်)အတန်းတွေ မရှိဘူး” ဟု အမည်မဖော်လိုသူ အာဖဂန်တက္ကသိုလ်ပါမောက္ခတစ်ဦးက ညည်းညူခဲ့သည်။