တိုကျို၊စက်တင်ဘာ ၂၈

ဂျပန်တော်ဝင်မင်းသမီး မာကိုသည် တက္ကသိုလ်ကျောင်းနေဘက်တစ်ဦးနှင့် လက်ထပ်ရန်အတွက် ၎င်း၏ တော်ဝင်မိသားစု အဆင့်အတန်းကို စွန့်လွှတ်ဖို့ ဒေါ်လာတစ်သန်းပေးရန် စက်တင်ဘာ ၂၅ ရက်က စီစဉ်လိုက်ကြောင်း ရိုက်တာသတင်းကို ကိုးကားလျက် စီအင်န်အင်န်သတင်းဌာနက ရေးသားဖော်ပြသည်။

၎င်း၏ ရည်းစားဟောင်းနှင့်ပတ်သက်၍ အငြင်းပွားမှုများရှိနေတာကြောင့် အိမ်ထောင်ပြုဖို့အရေး နှောင့်နှေး စေသဖြင့် ယခုကဲ့သို့ ငွေကြေးနည်းလမ်းသုံး၍ ဖြေရှင်းခဲ့ရခြင်းဖြစ်ကြောင်း ရိုက်တာသတင်း၌ ဆက်လက် ရေးသား ထားသည်။

ဂျပန်ဧကရာဇ် အကီဟီတို၏မြေးတော် အသက် ၂၉ နှစ်အရွယ်ရှိ မာကိုသည် ၎င်း၏ရည်းစားဟောင်း ခဲအိကိုမူရိုနှင့် ၂၀၀၇ ခုနှစ်က စေ့စပ်ကြောင်းလမ်းခဲ့ ကြောင်း ကြေညာခဲ့သည်။

နောက်တစ်နှစ်အကြာတွင် ၎င်းတို့စုံတွဲက လက်ထပ်ပွဲအတွက် ဒုတိယအကြိမ်စိတ်ကူးခဲ့ပြီး ၎င်းတို့အနာဂတ်ကို အတူတကွအစီအစဉ်ရေးဆွဲဖို့ အချိန်ပိုမိုလိုအပ်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

ထိုစဉ်က လက်ထပ်ဖို့အစီအစဉ်ရွှေ့ဆိုင်းခဲ့ခြင်းသည် ကြိုတင်ပြင်ဆင်မှုမလုပ်ဆောင်နိုင်ခဲ့၍ဖြစ်ကြောင်း ဂျပန် တော်ဝင်မိသားစု၏သတင်းရင်းမြစ်များက စီအင်န်အင်န်သို့ ပြောကြားခဲ့သည်။

 

ရာစုနှစ်ပေါင်းများစွာကတည်းက သတ်မှတ်ခဲ့သော ဂျပန်ဥပဒေအရ တော်ဝင်မိသားစုဝင်တစ်ဦးဦးသည် သာမန် ပြည်သူတစ်ဦးနှင့် အိမ်ထောင်ပြုလျှင် တော်ဝင်အဆင့်အတန်းစွန့်လွှတ်ရမည်ဖြစ်၍ ယခု မင်းသမီးမာကို သည် လည်း ၎င်း၏ တော်ဝင်အဆင့်အတန်းနှင့် အဆောင်အယောင်များကို အပြီးအပိုင်စွန့်လွှတ်ရန် လိုအပ်ကြောင်း သိရသည်။

တော်ဝင်မိသားစုအသိုင်းအဝိုင်းကို ကျောခိုင်းသွားသူအနေဖြင့် တစ်ကြိမ်တည်းသာ ယခုကဲ့သို့ ငွေကြေး ဖြေရှင်းရမည်ဖြစ်သည်။ သို့သော် ဂျပန်အစိုးရအနေဖြင့် မင်းသမီးနှင့်၎င်းချစ်သူတို့အပေါ် ဝေဖန်မှုများ ဆူညံနေသည့်ကြားမှ မင်းသမီး၏ခံစားခွင့်ငွေကြေးကို ပြန်လည်သိမ်းဆည်းရန် သဘောတူလိုက်ကြောင်း ဂျပန်ရုပ်သံလိုင်း NHK က ထုတ်လွှင့်ခဲ့သည်။

တော်ဝင်မိသားစုဝင်အနေဖြင့် သာမန်အရပ်သားနှင့်လက်ထပ်ပါက ၎င်း၏အဆင့်အတန်းကို စွန့်လွှတ်ရန် ဂျပန်ယန်းငွေ သန်း ၁၅၀(အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၅ သန်း)အထိ တန်ကြေးရှိသည်ဟု ဆိုသည်။

၎င်းတို့လက်ထပ်ထိမ်းမြားမည့် ရက်ကိုလည်း လာမည့်အောက်တိုဘာလတွင် တရားဝင်ကြေညာမည်ဖြစ်ကြောင်း NHK က ဆက်လက်ထုတ်လွှင့်ခဲ့သည်။ တော်ဝင်မိသားစု ၏ အေဂျင်စီတာဝန်ရှိသူများထံမှ သဘောထား မှတ်ချက် တော့ လတ်တလော ထွက်ပေါ်လာခြင်း မရှိသေးပေ။

မကြာခင်ကျင်းပတော့မည့် မင်္ဂလာဆောင်သတင်းကို လက်ဦးမှုရယူရန်အတွက် ဂျပန်ရုပ်သံလုပ်ငန်းတစ်ခုက ယခု နယူးယောက်မြို့တွင်ရှိနေသည့် သတို့သားလောင်း ခဲအိကိုမူရိုကို ခြေရာခံလိုက်ခဲ့ပြီး အတန်ငယ်ရှည်နေသော ဆံပင်ကို နောက်တွင်တွဲလောင်းစည်းနှောင်ထားသော သတို့လောင်းပုံအား ထုတ်လွှင့်ပြသခဲ့ရာ တွစ်တာသုံးသည့် ဂျပန်လူမျိုးများကြားတွင် အတော်အတန် ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့သည်။

၎င်းတို့စုံတွဲသည် အမေရိကန်နိုင်ငံတွင် နေထိုင်ရန် အစီအစဉ်ရှိကြောင်း မီဒီယာများက ရေးသားဖော်ပြကြသည်။ ဂျပန်ဓလေ့ထုံးစံဥပဒေအရ ထီးနန်းအရိုက်အရာကို အမွေခံမင်း သားထံသို့သာ လွှဲပြောင်းခွင့်ပြုကြောင်း သိရသည်။

အလားတူ တော်ဝင်မိသားစုဝင်ဖြစ်သည့် လက်ထပ်မရသေးသူ အခြားမင်းသမီးများအနေဖြင့်လည်း သာမန် အရပ်သားနှင့် လက်ထပ်ထိမ်းမြားပါက မာကိုကဲ့သို့ပင် တော်ဝင်အဆင့် အတန်း ခံစားခွင့် ဆုံးရှုံးလိမ့်မည်ဖြစ်သည်။