ဘေဂျင်း၊စက်တင်ဘာ ၃၀

ဆေးဘက်ဆိုင်ရာမဟုတ်သော ရည်ရွယ်ချက်များအတွက် ကိုယ်ဝန်ဖျက်ချသည့်အရေအတွက်ကို လျှော့ချ သွားမည်ဖြစ်ကြောင်း တရုတ်အစိုးရက လမ်းညွှန်အသစ် ထုတ်ပြန်ခဲ့ပြီး ၎င်းမှာ အမျိုးသမီးများ မျိုးဆက်ပွား ကျန်းမာရေးတိုးတက်စေရန် ဉီးတည်ထား၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း စီအင်န်အင်န် သတင်း တစ်ပုဒ်တွင် ဖော်ပြထားသည်။

သန္ဓေသားကို ကျား/မရွေးချယ်၍ ကိုယ်ဝန်ဖျက်ချခြင်း ကာကွယ်ရန် တရုတ်အစိုးရက တင်းကျပ်သောအစီအမံများ ပြဋ္ဌာန်းထားပြီး မလိုလားအပ်သောကိုယ်ဝန်ဖျက်ချခြင်းကြောင့် အမျိုးသမီးများခန္ဓာကိုယ်ထိခိုက်စေခြင်းနှင့် မျိုးမပွားနိုင်မှုအန္တရာယ်များကို ကျန်းမာရေးအာဏာပိုင်များက ၂၀၁၈ ခုနှစ်တွင် သတိပေးခဲ့ဖူးသည်။

တရုတ်နိုင်ငံတွင် ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ကြားကာလတွင် တစ်နှစ်လျှင် ကိုယ်ဝန်ဖျက်ချမှု ၉ ဒသမ ၇ သန်းရှိခဲ့ရာ ၂၀၀၉-၂၀၁၃ ခုနှစ်ကာလ ပျမ်းမျှနှုန်းနှင့် နှိုင်းယှဉ်လျှင် ၅၁ ရာခိုင်နှုန်းခန့် တိုးလာကြောင်း၊ ကိုယ်ဝန် ဖျက်ချမှုအများစုမှာ ဆေးဘက်ဆိုင်ရာအကြောင်းများကြောင့်ဟု ဆိုကြောင်း စီအင်န်အင်န်သတင်းက ဆက်လက် ဖော်ပြသည်။

လာမည့်ဆယ်စုနှစ်များတွင် တရုတ်၏အဓိကလူမှုရေးမူဝါဒဆိုင်ရာ စိန်ခေါ်မှုများထဲမှ တစ်ခုဖြစ်သည့် မွေးဖွားနှုန်း ကျဆင်းရေးကို တရုတ်ပညာရှင်များကဖြေရှင်းဖို့အတွက် စက်တင် ဘာ ၂၇ က အစီအမံသစ်များ ရေးဆွဲကြေညာ ခဲ့သလားဆိုသည်ကို ယခုအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် လူဦးရေအများဆုံးဖြစ်သော်လည်း နောက်ဆုံးသန်းခေါင်စာရင်းအရ ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ လူဦးရေးတိုးနှုန်းသည် ၁၉၅၀ ပြည့်လွန်နှစ်များနောက်ပိုင်း အနှေးဆုံးဖြစ်နေပြီး နောက်ထပ် နှစ်အနည်းငယ်အတွင်း ပိုမိုနှေးကွေးလာမည်ဟု မျှော်လင့်ထားသည်။

ဘေဂျင်းသည် လူဦးရေးတိုးပွားမှုကို ကန့်သတ်ရန် နှစ်ပေါင်းများစွာကြိုးပမ်းခဲ့ပြီး မိသားစုများအနေဖြင့် ကလေး ပိုမွေးရန် ရည်ရွယ်သောမူဝါဒများကိုလည်း သတိကြီးကြီးဖြင့် ချမှတ်ခဲ့သည်။ ပြီးခဲ့သည့် ဇွန်လကတော့ ယနေ့ ခေတ်စုံတွဲများအတွက် ကလေးနှစ်ယောက်အစား သုံးယောက်အထိ မွေးဖွားခွင့်ပြုမည်ဟု မူဝါဒအပြောင်းအလဲ ကြေညာလာခဲ့သည်။

ထို့ပြင် ကလေးများ ပြုစုပျိုးထောင်ရန်နှင့် ငွေကြေးဝန်ထုပ်ဝန်ပိုးလျှော့ချရန် မူဝါဒအသစ်များကိုလည်း ဘေဂျင်းက မိတ်ဆက်လျက်ရှိနေသည်။