
- By CNI
- Category: စီးပွားရေး
- Hits: 993
CNI International News
ရောမ၊ ဇူလိုင် ၅
အီတလီနိုင်ငံ၊ မြောက်ပိုင်းဒေသ ၅ ခုတွင် မကြာသေးမီ ရက်သတ္တပတ်များအတွင်း ဆိုးရွားစွာ မိုးခေါင်ခဲ့မှုကြောင့် ဝန်ကြီးချုပ် မာရီယိုဒရာဂီ၏ရုံးက အရေးပေါ်အခြေအနေ ကြေညာခဲ့ရကြောင်း အယ်လ်ဂျာဇီးယားသတင်းအရ သိရသည်။
မြောက်ပိုင်းဒေသများဖြစ်သည့် အီမလီယာရိုမဂ္ဂနာ၊ ဖရူလီ-ဗီနီဇီယာ ဂွါလီယာ ၊လွန်ဘာဒီ၊ ပီးမောင့်နှင့် ဗီနီတို တို့တွင် လာမည့် ဒီဇင်ဘာ ၃၁ ရက်အထိ အရေးပေါ်အခြေအနေ ကြေညာထားရန် အီတလီအစိုးရအဖွဲ့က အတည်ပြုခဲ့ပြီး ထိခိုက် နစ်နာသူများအတွက် ထောက်ပံ့ရန် ယူရိုငွေ ၃၆ ဒသမ ၅ သန်း (ဒေါ်လာ ၃၉ ဒသမ ၅ သန်း) ကို ခွဲဝေချထားပေးခဲ့သည်။
အီတလီနိုင်ငံတွင် ပုံမှန်မဟုတ်သော စောစီးစွာ အပူလှိုင်းဒဏ် ခံစားနေရပြီး အထူးသဖြင့် နိုင်ငံ၏မြောက်ပိုင်း စိုက်ပျိုးရေး ဒေသဖြစ်သော ပိုးတောင်ကြား (Po valley) တွင် ဆယ်စုနှစ်များစွာအတွင်း အဆိုးဆုံး မိုးခေါင်မှုနှင့် ရင်ဆိုင်နေရသည်။
ယခု အစိုးရကြေညာခဲ့သော အရေးပေါ် အခြေအနေအရ ထိုဒေသများရှိ ဒေသခံများအတွက် ပုံမှန်နေထိုင်နိုင်ရန် ကြိုးပမ်းသွား မည်ဖြစ်ပြီး အများပြည်သူ ဘေးကင်းလုံခြုံရေး အာမခံချက်၊ ဆုံးရှုံးမှုများအတွက် နစ်နာကြေးနှင့် အထူးနည်းလမ်းများဖြင့် လုပ်ပိုင်ခွင့်ပေးခြင်းတို့ ပါဝင်မည်ဖြစ်သည်။
ယခုနှစ် မိုးခေါင်ရေရှားမှု ပြဿနာသည် နိုင်ငံ၏ စိုက်ပျိုးရေး ထွက်ကုန် ၃၀ ရာခိုင်နှုန်းကျော်နှင့် ပါမာဟမ် (Parma ham) ထုတ်လုပ်သည့် ပိုးတောင်ကြားရှိ လယ်ယာမြေ ထက်ဝက်ကို ခြိမ်းခြောက်လျက်ရှိနေသည်။
အီတလီ ဝန်ကြီးချုပ် မာရီယိုဒရာဂီ(AFP)
ပီးမောင့်နှင့် လွန်ဘာဒီ ဒေသများကြား မီလန်မြို့အနီးရှိ မဂ္ဂလိုနှင့် ဂါဒါ ရေကန်များသည် ယခုနှစ်အတွင်း ပုံမှန် ရေထုထည် အောက် နိမ့်ကျသွားခဲ့ပြီး ရောမမြို့တော်ကို ဖြတ်သန်းစီးဆင်းသော တီဘာမြစ်၏ တောင်ဘက်တွင်လည်း ရေအမှတ် လျော့ လာခဲ့သည်။
အီတလီ ကျွန်းဆွယ်၏ အကြီးဆုံး ရေအရင်းအမြစ်ဖြစ်သည့် ပိုးတောင်ကြားကို လယ်သမားများက စပါးစိုက်ခင်းများ၊ နွား စားကျက်မြေများ စသဖြင့် စိုက်ပျိုးရေးလုပ်ငန်းအတွက် အားထား သုံးစွဲနေရသည်။
မကြာသေးမီ ရက်ပိုင်းက စည်ပင်သာယာအဖွဲ့များက ကန့်သတ်တားမြစ်ချက်များ ထုတ်ပြန်ခဲ့ပြီး လူဦးရေ လေးပုံတစ်ပုံ နေထိုင်သော ဗာရိုနာတွင် သောက်သုံးရေကို ခွဲတမ်းဖြင့် ဖြန့်ဝေခြင်း၊ မီလန်မြို့ရှိ အလှဆင် ရေပန်းများကို ပိတ်ခြင်းများ ပြုလုပ်ခဲ့သည်။
ထို့ပြင် မိုးခေါင်မှုကြောင့် ရေအားလျှပ်စစ် ထုတ်လုပ်နိုင်မှုမှာလည်း သိသာစွာ ကျဆင်းသွားခဲ့သည်။ အီတလီ မြောက်ပိုင်း တောင်တန်းများတွင် တည်ရှိသော ရေအားလျှပ်စစ်စက်ရုံများသည် နိုင်ငံ၏စွမ်းအင် ၂၀ ရာခိုင်နှုန်း နီးပါးအထိ ထုတ်လုပ် ပေးနေသည်။
အဆိုပါ ဖြစ်စဉ်မှာ ကမ္ဘာကြီးပူနွေးလာမှုနှင့် ဆက်စပ်နေကြောင်း ဝန်ကြီးချုပ် ဒရာဂီက ပြောကြားခဲ့သည်။
အီတလီနိုင်ငံ၊ အဲလ်ပ်တောင်တန်းများမှ ရေခဲမြစ် အရည်ပျော်ကျခဲ့ရာ အနည်းဆုံး လူ ၇ ဦးသေဆုံးပြီး တစ်ရက်အကြာတွင် ယခုကဲ့သို့ အီတလီအစိုးရက မိုးခေါင်မှုပြဿနာ အရေးပေါ် ကြေညာခဲ့ခြင်း ဖြစ်သည်။
Source: Aljazeera

- By CNI
- Category: စီးပွားရေး
- Hits: 1069
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၅
မီဒီယာများအနေဖြင့် သတင်းအင်တာဗျူး မေးမြန်းသည့်အခါများတွင် ယင်းမေးမြန်းမှုအတွက် အင်တာဗျူး မေးမြန်းခံရသည့် ပညာရှင်ကို အခကြေးငွေ ပေးဆောင်ရမည်ဟု ပညာရှင်တစ်ချို့၏ ပြောဆိုမှုများနှင့် တောင်းခံမှု များ ရှိကြောင်းကို တွေ့ရသည်။
မီဒီယာနှင့် သတင်းအင်တာဗျူးခြင်းသည် မိမိသိထားသည့် ကိစ္စရပ်ကို အများပြည်သူအကျိုးအတွက် သိရှိအောင် ပြန်လည်မျှဝေခြင်းဖြစ်သည့်အတွက် အခကြေးငွေယူသည့်ကိစ္စသည် မဖြစ်သင့်ကြောင်း မူဆယ်ဆန်စပါး ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သတင်းဌာနသို့ ပြောသည်။
“တောင်သူနဲ့ကုန်သည်ကြားမှာ အချက်အလက် မျှဝေတဲ့ပုံစံမှာ အခကြေးငွေယူပြီးတော့ ပညာရှင်တွေက တောင်းဆိုတယ် ဘာညာဆိုတာက မဖြစ်သင့်တဲ့ ကိစ္စတစ်ခုလို့ အန်ကယ်ကတော့ မြင်ပါတယ်။ အန်ကယ်တို့ ကုန်သည်တွေအနေနဲ့ ဖြစ်နေတဲ့အဖြစ်အပျက်တွေ၊ လက်ရှိမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အန်ကယ်တို့က သိတယ်။ ဒါပေမယ့် အန်ကယ်တို့ တစ်ယောက်တည်း သိနေရုံနဲ့ မပြီးဘူး။ အများသိအောင်ဆိုပြီးတော့ အန်ကယ် တို့က မီဒီယာကတဆင့် အခုလို ပြောကြားရခြင်းဖြင့် အားလုံး အလုံးစုံဖြစ်နေတဲ့ ကိစ္စတွေ၊ စီးပွားရေး အခြေအနေ တွေ၊ သွားလာလှုပ်ရှား လုပ်ကိုင်နေရတဲ့ပုံစံတွေကို အားလုံးကို မျှဝေတဲ့သဘောနဲ့ မီဒီယာကတဆင့် အန်ကယ် တို့က ဖြေကြားရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အန်ကယ်တို့က မီဒီယာနဲ့ ဖြေကြားရခြင်းကို အင်မတန်မှ နှစ်သက် ကျေနပ်ပါတယ်လို့ အန်ကယ်က ပြောချင်ပါတယ်” ဟု ပြောသည်။
ယခုလို အင်တာဗျူးမေးမြန်းသည့်အခါ မီဒီယာသမားများအနေဖြင့် အခကြေးငွေများ ပေးဆောင်လေ့ မရှိကြောင်း နှင့် ပညာရှင်အစစ်အမှန်များက တောင်းခံလေ့ မရှိကြောင်း၊ အဖွဲ့အစည်းနှင့် တချို့သော ပညာရှင်များသာ အခကြေးငွေ ယူလေ့ရှိသည်ဟု ဝါရင့်သတင်းသမားတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“အဲဒါတော့ လူတစ်ဦး အဖွဲ့အစည်း တစ်ခုချင်းစီပေါ်မှာပဲ မူတည်တယ်။ ပုံမှန်အားဖြင့်တော့ မီဒီယာသမားတွေက အင်တာဗျူးရဖို့ ငွေပေးကျင့် မရှိဘူးပေါ့လေ။ တချို့ကျတော့လည်း သူတို့က ပညာသင်ထားတယ်။ သူတို့ရဲ့ ပညာ ဂုဏ်၊ ပညာမာန်နဲ့ အဲလိုမျိုး တောင်းတာရှိတယ်။ အရင်တုန်းက တစ်ခါအင်တာဗျူးရင် သူတို့ကို စာမူခ ပေးရမယ် ဆိုတဲ့ စာရေးဆရာလည်း ရှိခဲ့ဖူးတယ်။ စီးပွားရေးသမားတွေ မကဘူး။ အဲ စာရေးဆရာက ဝန်ကြီးတောင်ဖြစ်နေပြီ။ တချို့လည်း ရှိတဲ့လူရှိတယ် ဥပဒေ ပညာရှင်တွေပေါ့လေ။ ဒါပေမယ့် များသောအားဖြင့်တော့ ပညာရှင်တွေပေါ့ လေ၊ ပညာရှင်ဆန်တဲ့ ပုဂ္ဂိုလ်တွေ အများစုတော့ ဒါက ဟောပြောပွဲလည်း မဟုတ်ဘူးပေါ့နော် အများပြည်သူ သိအောင် ပြန်လည်ဝေငှတာဖြစ်တဲ့အတွက် များသောအားဖြင့်တော့ တောင်းလေ့တောင်းထ မရှိကြပါဘူး။ တောင်းတဲ့လူ တကယ်ရှိကောင်း ရှိနိုင်တယ်။ ပညာရှင်စစ်တွေကတော့ အများပြည်သူ အကျိုးစီးပွား အလို့ငှာ တောင်းတာမျိုးတော့ မရှိဘူးပေါ့လေ။ တောင်းတဲ့လူ ရှိတော့ ရှိတယ် အဖွဲ့အစည်းတွေမျိုးပေါ့ ဒါတော့” ဟု ပြောသည်။
သတင်းထောက်များမှ အင်တာဗျူးမေးမြန်းနေစဉ်
ဒါ့အပြင် သတင်းဌာနများအနေဖြင့် အခကြေးငွေဖြင့် ဖြေကြားသည့် ပညာရှင်များနှင့် အလုပ်မလုပ်ဘဲ အကူအညီပေးသည့် ပညာရှင်များနှင့်သာ မေးမြန်းသင့်သည်ဟု အဆိုပါသတင်းစာဆရာက ဆက်ပြောသည်။
“ပညာရှင်ဆိုတာလည်း ဒီတစ်ယောက်တည်း ရှိတာမှ မဟုတ်တာကိုး။ တကယ်တမ်း ပညာရှင် စစ်မှန်တဲ့ ပုဂ္ဂိုလ်တွေက အဲလိုမျိုး အလုပ်လုပ်လေ့ မရှိပါဘူး။ သတင်းဌာနတွေအနေနဲ့ကတော့ ဒီသတင်းတစ်ပုဒ် တည်ဆောက်ဖို့ အဲလိုမျိုး ငွေကြေး မသုံးစွဲနိုင်ဘူးဆိုတာက အမှန်ပေါ့လေ။ ပြည်တွင်းမှာ ဘာမှ ရှိတာမှ မဟုတ်တာကိုး။ ဆိုတော့ ဖိတ်ခေါ်ပြီးတော့မှ စတူဒီယို အခန်းထဲမှာ Debate တို့ စကားပြောတဲ့အခါမျိုးမှာ ဉာဏ်ပူဇော်ခ ပေးတဲ့သဘောမျိုးပေါ့ အဲဒါကလည်း တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ တချို့ကလည်း ကောင်းကောင်းလေးပေးပြီး တချို့ကျလည်း ၂၀၀၀၊ ၃၀၀၀ ပေးတဲ့အဖွဲ့လည်း ရှိတာပဲ။ ဒါပေမယ့် ဒါကတော့ အများစုကတော့ ဘာမှ မပြောကြပါဘူး။ အသွားအပြန် အကြိုအပို့ စီစဉ်ပေးတယ်ဆိုရင် အားလုံးက အဆင်ပြေတဲ့ သဘောမျိုးပဲလေ။ တချို့ကြတော့ ငါ့ကို လာခေါ်ရင် ၁၅ မိနစ်ပြောရင်၊ နာရီဝက်ပြောရင် ဘယ်လောက်ပေးရမယ် ဆိုပြီးတော့ ကြေးသတ်မှတ်ခံရတဲ့သူလည်း ရှိတာပေါ့။ တစ်ခုနဲ့တစ်ခု မတူကြဘူးပေါ့လေ။ ဌာနအနေနဲ့ ငွေကြေး မတတ်နိုင်ကြဘူးဆိုတော့လည်း အဲလိုလူမျိုးတွေနဲ့ အလုပ်မလုပ်ဘဲနဲ့ တကယ့် ကူညီတတ်တဲ့သူတွေကို ရှာဖွေပြီး တော့ မေးသင့်တယ်ထင်တယ်” ဟု CNI သို့ ပြောသည်။
ဒါ့ထက် ပညာရှင်များကို မီဒီယာသမားများက သတင်းအင်တာဗျူး မေးမြန်းခြင်းသည် ယင်းပညာရှင်၏ လေ့လာ ထားသည့် ပညာများကို အခမဲ့ ယူသုံးနေသည့် သဘောဟုလည်းကောင်း၊ ယင်းပညာရှင်၏ပညာကို အသုံးချနေ သည့် သဘောဟူ၍လည်းကောင်း ပြောဆိုသုံးသပ်မှုများလည်း ရှိသည်။
ယင်းပြောဆိုချက်များနှင့် ပတ်သက်ပြီး မြန်မာ့စီးပွားရေး လေ့လာသုံးသပ်သူ ပညာရှင်တစ်ဦးက “အမှန်တော့ မီဒီယာ ကို ဖြေတဲ့ဟာက ပညာရပ်ပိုင်း သိပ်ပြီး ထဲထဲဝင်ဝင် မပါပါဘူး။ အများနားလည်အောင် ပြောပေးရတာပေါ့ နော်။ ဆိုတော့ အမှန်ကတော့ ဒါက ဝန်လေးတဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ တကယ့်ပညာပိုင်းဆိုင်ရာ ပရောဂျက် ကြီး တစ်ခုကို လုပ်ရရင်တော့ တစ်မျိုးပေါ့လေ။ ဒီအင်တာဗျူး ဖြေတာလောက်တော့ ကိုယ့်ပါစင်နယ် အမြင်ပေါ့ နော် ဆိုတော့ ဒါက ဘာမှမလိုပါဘူး။ ဒါက knowledge Sharing ပဲ။ တချို့ဟာတွေကလည်း ကိုယ်က ကောင်းစေ ချင်လို့ ပြောတယ် ဒါပေမယ့် ကိုယ်တိုက်ရိုက် ပြောရတာ သိပ်အဆင်မပြေဘူးဆိုရင် မီဒီယာကို ပြောရတာ ပိုပြီး တော့တောင် အဆင်ပြေသေးတယ် ကိုယ်ကတော့ အဲလိုပဲ ခံယူတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတွင် အခကြေးငွေယူ၍ သတင်းမီဒီယာများကို အင်တာဗျူးဖြေကြားပေးသည့် ပညာရှင်များသည် အနည်းငယ်သာ ရှိကြောင်း၊ သို့သော် တချို့သော စီးပွားရေးပညာရှင်များ၊ ရှေ့နေများ၊ စာရေးဆရာများနှင့် ဘုန်းကြီးများသည် အခကြေးငွေပေးဆောင်မှသာ အင်တာဗျူးဖြေကြသည်ဟု သတင်းမီဒီယာသမားများထံမှ သိရသည်။
- By CNI
- Category: Watch TV
- Hits: 549

- By CNI
- Category: စီးပွားရေး
- Hits: 1524
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၄
တရုတ်နှင့် ထိုင်းနယ်စပ်ကုန်သွယ်ရေးတွင် ယွမ်နှင့် ဘတ်တို့ဖြင့် တိုက်ရိုက်ပေးချေခွင့်ရှိသော်လည်း ဆန်၊ ပဲ၊ ပြောင်းနှင့် ဆီထွက်သီးနှံများကို အမေရိကန်ဒေါ်လာဈေးနှုန်းဖြင့် တွက်ချက်ပြီး ဗဟိုဘဏ်သို့ ပို့ကုန်ရ ငွေ အားလုံးကို ဒေါ်လာဖြင့် ဇူလိုင် ၁ ရက်နေ့မှ စတင်အပ်နှံရမည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ညွှန်ကြားထားကြောင်း ပို့ကုန်လုပ်ငန်းရှင်နှင့် ကုန်သည်များထံမှ သိရသည်။
ပြောင်းတစ်တန်လျှင် ဒေါ်လာ ၃၆၀ ဈေးနှုန်းဖြင့် ဗဟိုဘဏ်သို့ အပ်နှံရမည်ဖြစ်ပြီး ဗဟိုဘဏ်က ကုန်သွယ်ခွန် ၂ ရာခိုင်နှုန်းကို နှုတ်ယူကာ ကျန်ရှိသည့် ငွေကို တစ်ဒေါ်လာ မြန်မာငွေ ၁၈၅၀ နှုန်းဖြင့် ပြန်လည်ထုတ်ပေးမည်ဟုမြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း အတွင်းရေးမှူး ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။
“ပြောင်းဆို နိုင်ငံတော်က သတ်မှတ်ထားတာ တစ်တန်ကို ဒေါ်လာ ၃၆၀ လို့ သတ်မှတ်ထားတယ်။ ကိုယ့်ဟာကိုယ် ဟိုဘက်ကို ၄၀၀ နဲ့ ရချင်ရ ၅၀၀ ဈေး ရချင်ရ အဲဒါ သူစိတ်မဝင်စားဘူး။ သူကတော့ တစ်တန်ရောင်းတိုင်း ၃၆၀ သတ်မှတ်ထားတယ်။ အဲဒီ ၃၆၀ အောက် ရောက်ပြီးတော့ ၃၃၀ တွေ၊ ၃၄၀ တွေ၊ ၃၅၀ တွေရောက်လည်း သူက ၃၆၀ သတ်မှတ်တယ်။ မင်း တစ်တန် ရောင်းချင်ရင် ငါ့ရဲ့ ဗဟိုဘဏ် ထဲကို ၃၆၀ လာထည့်။ ၁၀ တန်ရောင်းချင်ရင် ဒေါ်လာ ၃၆၀၀၊ တန် ၁၀၀ ရောင်းမယ်ဆိုရင် ဒေါ်လာ ၃၆၀၀၀။ အဲလိုပေါ့နော် သူ့ဟာသူ တန်တစ်ထောင်ရောင်းချင်၊ တန်တစ်သောင်းရောင်းချင်ရင် သူနဲ့ သတ်မှတ်တဲ့ဟာတွေ ဒေါ်လာတွေ မင်း ငါတို့ရဲ့ ဗဟိုဘဏ်ထဲကို လာထည့်လိုက်။ ပြီးတော့မှ ၂ ရာခိုင်နှုန်း သူဖြတ်ယူထားလိုက်မယ်။ တစ်တန်ကို ၂ ရာခိုင်နှုန်းနဲ့ ၇ ဒေါ်လာနဲ့ ဒသမ ၂ ဆင့်ပေါ့ သူက ယူထားမယ်။ ကျန်တဲ့ ဒေါ်လာ ၃၅၂.၈ ဒေါ်လာကို အမြှောက် ၁၈၅၀နဲ့ မြန်မာငွေတွေ ပြန်ပေးမယ်” ဟု ပြောသည်။
ကုန်သည်များက အမေရိကန်ဒေါ်လာဖြင့် ဗဟိုဘဏ်သို့ အပ်နှံရသည့်အတွက် ဗဟိုဘဏ်မှ သတ်မှတ် ထားသည့် ဒေါ်လာဈေးနှုန်းနှင့် အပြင်တွင် ရောင်းချနေသည့် ဒေါ်လာဈေးနှုန်းများသည် ကွာခြားမှု ရှိနေ သည့်အတွက် ကုန်သည်များအနေဖြင့် အရှုံးနှင့်သာ ကြုံတွေ့ရမည့် အခြေအနေရှိသည်ဟု ကုန်သည် များက ပြောသည်။
ထို့ကြောင့် ကုန်သည်များက ယင်းငွေကြေးကွာဟချက်များကိုပါ ထည့်တွက်ပြီး တောင်သူများထံ ကုန်စည်ဝယ်ယူရမည်ဖြစ်ခြင်းကြောင့် တောင်သူများရရှိမည့် ကုန်စည်ဈေးနှုန်းများ လျော့နည်းသွားမည် ဖြစ်သည်ဟု ဦးသန့်ဇင်ထွန်းက ဆက်ပြောသည်။
“ကိုယ်က အပြင်မှာ ၂၂၀၀၊ ၂၁၀၀ နဲ့ဝယ်၊ သူ့ကိုထည့်ပြီး တစ်ဒေါ်လာကို ဘယ်လောက်ကွာသွားလဲ ဆိုတော့ ၂၅၀ နဲ့ ၃၅၀ ကြား ကွာသွားပြီ။ ၃၀၀ နဲ့ တွက်လိုက်လို့ရှိရင် ၃၆၀ သွင်းရမယ်ဆိုကတည်းက ၁ သိန်းနဲ့ ၈ ထောင် ရှုံးသွားပြီ။ ဒေါ်လာဝယ်ပြီးတော့ တစ်တန်ရောင်းလိုက်တိုင်းကို ၁ သိန်းနဲ့ ၈ ထောင် ရှုံးနေပြီ။ အဲတော့ အဲဒီ ၁ သိန်းနဲ့ ၈ ထောင်ကို ဘယ်လို ပြန် Cover လုပ်မလဲဆိုတော့ ထိုင်းကို ရောင်း ရောင်း ဘယ်ကိုရောင်းရောင်း အဲဒီကုန်ကျစရိတ်ကို ထည့်ရပြီ။ ကုန်ကျစရိတ်ကို ထည့်ပေါင်းပြီးတော့မှ အရင်တုန်းက တောင်သူတွေက ပြောင်းတစ်ပိဿာကို ၁၁၀၀ ပေါက်နေတယ်။ အခု ၁၁၀၀ ပေးလို့ မရဘူး။ ၉၅၀ ပဲ ပေးတော့မယ်။ ဘာလို့လဲဆိုတော့ ဒီလို ဒေါ်လာကို အပြင်ကနေ ဝယ်ပြီးတော့ ဘတ်ကနေဒေါ်လာ၊ ကျပ်ကနေ ဒေါ်လာ၊ ဒေါ်လာကနေမှ ဗဟိုဘဏ်ကို ပြန်သွင်း၊ ဗဟိုဘဏ်ကနေ ၁၈၅၀ နဲ့ ပြန်ထွက်လာတဲ့ ကွာဟချက်ကို ကုန်သည်တွေက အရှုံးတွေနဲ့ ကုန်ကျစရိတ်အနေနဲ့ ထည့်တွက်ပြီးတော့မှ တောင်သူတွေဆီကနေ ဝယ်တဲ့အဆင့် ဖြစ်သွားမယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ထို့နောက် တရုတ်နယ်စပ်ကုန်သွယ်ရေးတွင်လည်း ပဲ၊ ပြောင်းနဲ့ ဆီထွက်သီးနှံတွေကို ပြည်ပနိုင်ငံတွေထံ နယ်စပ်ကတစ်ဆင့် တင်ပို့ ရောင်းချမှုနှင့်ပတ်သက်ပြီး အမေရိကန်ဒေါ်လာတစ်မျိုးတည်းဖြင့်သာ တင်ပို့ခွင့်ပြုရေး ဆောင်ရွက်သွားဖို့ ညွှန်ကြားထားကြောင်း မူဆယ် ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သတင်းဌာနသို့ ပြောသည်။
“ပဲမျိုးစုံရယ်၊ ပြောင်းရယ်၊ ဆီထွက်သီးနှံကို အမေရိကန်ဒေါ်လာနဲ့ သွားပြီးတော့ ကျန်တဲ့ ကုန်ပစ္စည်း မှန်သမျှကို ဆန်၊ ဆန်ကွဲ၊ ငရုတ်သီး၊ ကြက်သွန်၊ ရော်ဘာ တွေကို ယခင်အတိုင်း ယွမ်ငွေနဲ့ သွားတာကို ကျနော်တို့ တွေ့ရှိရပါတယ်ခင်ဗျာ”ဟု ပြောသည်။
တရုတ်နယ်စပ်ကုန်သွယ်ရေး၌ ယွမ်နှင့် ကျပ်ငွေ တိုက်ရိုက် ကုန်သွယ်ရေးတွင် ငွေကြေးကွာဟချက် မရှိကြောင်းနှင့် ယခု ဒေါ်လာဈေးနှုန်းဖြင့် သတ်မှတ်၍ ဒေါ်လာဖြင့် ရောင်းဝယ်ရမည်ဆိုပါက ငွေကြေး ကွာဟချက်များစွာ ဖြစ်ပေါ်လာပြီး ကုန်သည်များအတွက် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာမည်ဟု သိရ သည်။
နယ်စပ်ကုန်သွယ်ရေးတွင် ဒေါ်လာဖြင့် ဝယ်ယူရောင်းဝယ်စေခြင်းနှင့် ပို့ကုန်ရငွေ အားလုံးကို ဗဟိုဘဏ် သို့ အပ်နှံစေခြင်းသည် နိုင်ငံတော်က ဒေါ်လာကို စုဆောင်းနေသည့် သဘောသက်ရောက်နေပြီး ကုန်သွယ်ရေးအခြေအနေနှင့် ဈေးနှုန်းများကို ကမောက်ကမဖြစ်သွားစေနိုင်သည်ဟု နယ်စပ် ကုန်သွယ် ရေး လုပ်ငန်းရှင်များက သုံးသပ်သည်။

- By CNI
- Category: စီးပွားရေး
- Hits: 1551
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၄
မြန်မာနိုင်ငံရှိ လူငယ်၊ လူရွယ်များသည် ပြည်ပနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မှုသည် ပိုမိုများပြားလာကာ ထိုထဲတွင် ဂျပန်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မှုသည် ကိုဗစ်မဖြစ်ခင် ကာလများကထက် သိသိသာသာ များလာကြောင်း မြန်မာ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့(MOEAF) မှ သိရသည်။
အဓိကသွားရောက် အလုပ်လုပ်ကိုင်ကြသည့် အလုပ်အမျိုးအစားများမှာ စက်ရုံ၊ အလုပ်ရုံ၊ ဆောက်လုပ်ရေးနှင့် စိုက်ပျိုးရေး တို့ဖြစ်ကြောင်း MOEAF မှ ဒုတိယဥက္ကဋ္ဌ(၁) ဦးပီတာက CNI သတင်းဌာနသို့ ပြောသည်။
MOEAF မှ ဒုတိယဥက္ကဋ္ဌ(၁) ဦးပီတာက “ဂျပန်ကတော့ အဲဒီလောက်ကြီးတော့ မထွက်ပါဘူး။ ဒါပေမယ့် ဂျပန်က အခုနောက် ပိုင်း ပိုများလာတယ်။ ဂျပန်ကတော့ သိသိသာသာ များလာတယ်။
ဂျပန်က သူက ဂျပန်စာသင်ရတယ်။ ပညာအရည်အချင်း ကလည်း ရှိရတယ်။ ဝန်ဆောင်ခကလည်း နည်းနည်း များတာပေါ့။ ဂျပန်ကတော့ သွားနိုင်တဲ့ အရေအတွက် နည်းတာပေါ့။ နောက် ဟိုဘက်ကခေါ်တဲ့ အရေအတွက်ကလည်း အဲဒီလောက်ကြီး အများကြီး မရှိဘူး။ ထိုင်းမှာဆိုတာက မြန်မာတွေက သန်းနဲ့ချီရှိတာကိုး။ အဲဒီလိုတော့ ကွာတာပေါ့။ ဂျပန်ကတော့ ဝေးတာကို။
အရင်တုန်းကဆိုရင် ဂျပန်ကို တစ်နှစ်ကို လူ လေး၊ ငါးရာ ပို့ဖို့ တော်တော် ကြိုးစားယူရတာ။ အခုက အေဂျင်စီ တစ်ခုကနေကို လေး၊ ငါးရာလောက် ပို့နေတာ။ အခုဆို ငါးထောင်၊ ခြောက်ထောင် နီးပါးလောက် ရှိသွားပြီ” ဟု ပြောသည်။
ဂျပန်နိုင်ငံသည် ထိုင်းနှင့် မလေးရှားနိုင်ငံတို့ထက် လုပ်ခလစာ ပိုမိုရရှိကြောင်း၊ အနိမ့်ဆုံး အခြေခံ လုပ်ခလစာသည် ယန်း ကိုးသောင်း(မြန်မာငွေ ဆယ်သိန်းကျော်) ရရှိကြောင်း MOEAF မှ သိရသည်။
ဂျပန်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် ပြင်ဆင်နေသည့် ကိုမင်းခန့်က ၎င်းအနေဖြင့် ဂျပန်နိုင်ငံသို့ သွားရောက် အလုပ် လုပ်ကိုင်မည့် အကြောင်းအရင်းအား ယခုကဲ့သို့ ပြောသည်။
ပြည်ပထွက် အလုပ်လုပ်ကြမည့် မြန်မာနိုင်ငံသားများ
ကိုမင်းခန့်က “အဓိကက ကျနော်တို့ ဒီမှာ ကုန်ဈေးနှုန်းတွေ မြင့်မားလာမှုရယ်၊ လူငယ်တွေရဲ့ အလုပ်အကိုင် အခွင့်အလမ်း တွေ ရှားပါးမှု၊ ပြီးတော့ ကျနော်တို့ လုပ်တဲ့ လုပ်နိုင်စွမ်းထက် ရတဲ့လစာတွေက နည်းပါးလာမှုတွေကြောင့် ကျနော်ပြည်ပမှာ ထွက်ပြီး အလုပ်လုပ်ကိုင်ဖို့ ဆုံးဖြတ်ထားတာ။ ဂျပန်နိုင်ငံကို သွားပြီး အလုပ်လုပ်ကိုင်ဖို့ ဆုံးဖြတ်ထားတာကျတော့ ဒီမှာကျ တော့ မိတ်ဆွေ အသိတွေလည်း ရှိတယ်လေ။ မလေးရှားတို့ ထိုင်းတို့မှာထက်စာရင် ဂျပန်က လစာပိုပြီးတော့ ကောင်းလို့။ လုပ်ခလစာ အနိမ့်ဆုံးဆိုပြီး သတ်မှတ်ထားတာရှိတယ်။ မြန်မာနိုင်ငံက သွားမယ့်သူဆိုရင် training visa ဆိုရင် အခြေခံလစာ က ယန်း ၁၄ သောင်း၊ ၁၆ သောင်းလောက်ရတယ်။ ဒါဆိုရင် ကျနော်တို့ အခွန်ဘာညာ ပေးပြီးတော့ ကျနော်တို့အတွက် လက်ထဲမှာ ယန်း ၁၂ သောင်းလောက်၊ ၁၁ သောင်းလောက် ကျန်မယ်ဆိုရင် မြန်မာငွေနဲ့ဆို ၁၅ သိန်း ဝန်းကျင်လောက် ကျန် တယ်။ ဒါကြောင့် ဒီ ၁၅ သိန်း ဝန်းကျင်ဆိုတဲ့ ပမာဏဟာ အိမ်နီးချင်းနိုင်ငံတွေမှာ လုပ်တာထက်စာရင် ပိုရတယ်။ ပိုရတော့ အိမ်ကိုလည်း များများ ထောက်ပံ့နိုင်မယ်ထင်လို့”ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် ပြည်ပနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်သည့် အထဲတွင် ထိုင်းနှင့် ဂျပန်နိုင်ငံသို့ အများဆုံး သွားရောက်နေ ကြောင်း MOEAF မှ သိရသည်။
ပွင့်ဖူးအောင်အေဂျင်စီမှ မန်နေ ဂျင်းဒါရိုက်တာ ဒေါ်မြတ်ဟေမာန်လင်း “တစ်နေ့တစ်နေ့ကတော့ အစ်မကတော့ အဓိကထိုင်းပေါ့။ တစ်နေ့ တစ်နေ့ ဖုန်း call ၂၀၀ လောက် ဖြေရတယ် သိလား။ ဒီလုပ်ငန်း စုံစမ်းတာပေါ့နော်။ အစ်မရဲ့ တယောက်တည်း ဒီဖုန်း တစ်လုံးတည်းကိုပေါ့။ ကျန်တဲ့ အစ်မရဲ့ ရုံးမှာဆိုလည်း ဒီလိုပဲ တောက်လျှောက် ဖြေနေရတာ။ ဒီလိုပဲ ကုမ္ပဏီတိုင်းလိုလိုပေါ့။
သွားဖို့အတွက်ကတော့ အကုန်လုံးက ကြိုးစားနေကြတာပဲ။ တို့နိုင်ငံက အခုစိုက်ပျိုးရေး လုပ်တယ်ပေါ့။ မိုးလေဝသ ဘာညာ အခြေအနေတွေကြောင့်လည်း စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်လည်း ရှုံးကြတယ်ဆိုတဲ့ အခါကျတော့ နောက်လူတွေက ဘာပဲ အားကိုးစရာ ရှိလဲဆိုတော့ ပြည်ပထွက်ပြီး အလုပ်လုပ်ကိုင်ဖို့ပဲ ရှိတာပေါ့။ သူတို့မှာ ငွေရေးကြေးရေးကျတော့ မတိုးတက်လာ တဲ့ အခါကျတော့ ဒီလိုမျိုး တစ်အိမ်ကို တစ်ယောက်၊ နှစ်ယောက်တွေ သွားဖို့တွေပဲ ကြိုးစားနေကြတာပေါ့။ ပုံမှန်လုပ်ငန်းလေး လုပ်နိုင်တဲ့ဆီကိုပဲ သွားဖို့ လုပ်နေတာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။
ကိုဗစ်ကြောင့် ပြည်ပသို့ အလုပ်သမား စေလွှတ်မှုများအား ၂ နှစ်ကျော် ရပ်ထားခဲ့ကြပြီးနောက် ယခုနှစ်မှ စတင်ကာ ပြန်လည် စေလွှတ်နေခြင်း ဖြစ်သည်။
လက်ရှိတွင် ပြည်တွင်းမှ လူငယ်၊ လူရွယ်များသည် နိုင်ငံရေး မတည်ငြိမ်မှု၊ ကုန်ဈေးနှုန်း မြင့်တက်မှု၊ အလုပ်အကိုင် ရှားပါးမှု တို့ကြောင့် ပြည်ပထွက်၍ အလုပ်လုပ်ကိုင်ခြင်း၊ ကျောင်းတက်ခြင်းများ အများအပြား တွေ့ရှိလာရသည်။

- By CNI News
- Category: နိုင်ငံရေး
- Hits: 1029
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃
ကုလသမဂ္ဂနှင့် အာဆီယံတွင် နှစ်နိုင်ငံအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး နစက၏ နိုင်ငံခြားရေးဝန် ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ ယနေ့ (ဇူလိုင် ၃ ရက်)တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုကို ပုဂံမြို့၊ နန်းမြင့်မျှော်စင်၊ ဘုရင့်နောင်ခန်းမမှာ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း၊ နှစ်နိုင်ငံ အကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ပိုမိုမြှင့်တင်သွားရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက် ရှိသည့် စီမံကိန်းများကို ဆက်လက် အကောင်အထည်ဖော်သွားရေး၊ တရုတ်နိုင်ငံမှ ဓာတ်မြေသြဇာများ မြန်မာနိုင်ငံသို့ ပိုမို တင်သွင်းနိုင်ရေး၊ မြန်မာနိုင်ငံမှ လယ်ယာနှင့် ရေထွက်ကုန်များ တရုတ်နိုင်ငံသို့ ပိုမိုတင်ပို့သွားနိုင်ရေး စသည့် အခြေအနေ များကို ဆွေးနွေးခဲ့ကြောင်း နစကဘက်က ထုတ်ပြန်ခဲ့သည်။
နစက-က “မြန်မာပညာသင်များ တရုတ်နိုင်ငံသို့ ပြန်လည် ဝင်ရောက်ခွင့် ရရှိရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ် ဒေသ တစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရေးနှင့် နှစ်နိုင်ငံ နယ်စပ်ဂိတ်များ၌ ကုန်သွယ်မှု ချောမွေ့စေရေး ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များကို ရင်းနှီးစွာ ဆွေးနွေးခဲ့သည်”ဟု ပြောသည်။
ထို့နောက် ဒေသတွင်းနှင့် နိုင်ငံတကာ ရေးရာကိစ္စရပ်များ အထူးသဖြင့် ကုလသမဂ္ဂနှင့် အာဆီယံတွင် နှစ်နိုင်ငံအကြား ပိုမို နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးကိုလည်း ဆွေးနွေးကြသည်ဟု နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ နှစ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးများသည် အာဆီယံ၏ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှု မပြုရေးမူဝါဒနှင့် အာဆီယံပဋိညာဉ်၊ အခြေခံမူများကို အခြေခံကာ အာဆီယံ တူညီဆန္ဒ(၅)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် အခြေအနေများကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် နစက ဆွေးနွေးခဲ့ကြသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် မြန်မာနိုင်ငံတွင် ဇူလိုင် ၂ ရက်မှ ၅ ရက်နေ့အထိ ကျင်းပနေသည့် မဲခေါင်-လန်ချန်း ညီလာခံ တက်ရောက်နေသည်။

- By CNI News
- Category: ဆောင်းပါး
- Hits: 1391
CNI Article News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃
ဖွံ့ဖြိုးဆဲကမ္ဘာနှင့် တရုတ်နိုင်ငံ၏ စီးပွားရေးအရ ထိတွေ့ဆက်ဆံမှုတွင် အငြင်းပွားဆုံးအချက်မှာ လွန်ခဲ့သော ၁၅ နှစ်အတွင်း ဆင်းရဲနွမ်းပါးလှသော နိုင်ငံများကို ဒေါ်လာဘီလီယံနှင့်ချီသော ချေးငွေများ ထုတ်ပေးခဲ့သည့် အစီအစဉ်ဖြစ်သည်။
ထိုသို့ ဘေဂျင်းအစိုးရ၏ ပြည်ပချေးငွေ ထုတ်ပေးသည့် အလေ့အထသည် ချေးငွေလက်ခံ မိသူများအဖို့ စီးပွားရေးအရ အပိုင် စီးခံရသော နိုင်ငံများအဖြစ် ပြောင်းလဲသွားစေသည့် ဆိုးရွားသော ကြွေးမြီထောင်ချောက်ပုံစံအဖြစ် ဝေဖန်သုံးသပ်သူများက ရှုတ်ချ ခဲ့ကြသည်။
သို့သော် ယနေ့တွင်တော့ ထိုဇာတ်ထုပ်၏ အခြားတဖက်၌ တရုတ်နိုင်ငံကိုယ်တိုင်က အခြားနိုင်ငံများအတွက် ဆင်ထားသည့် ၎င်း၏ အကြွေးထောင်ချောက်ထဲသို့ ၎င်းကိုယ်တိုင် သက်ဆင်းရချေပြီတည့်။
ယူကရိန်းကို ရုရှားကျူးကျော်ပြီးနောက် အမေရိကန်နှင့်ဥရောပတခွင် ငွေကြေးဖောင်းပွမှု၊ အတိုးနှုန်း မြင့်တက်လာခြင်းနှင့် အတူ စီးပွားရေး ယုတ်လျော့ ကျဆင်းလာခဲ့သဖြင့် ၂၀၀၈ ခုနှစ်ဆီက ကမ္ဘာ့ဘဏ္ဍာရေးစနစ် ပြိုလဲလုနီးကာလ ကဲ့သို့ပင် ယခု အခါ ဆင်းရဲနွမ်းပါးသော နိုင်ငံများသည် အဆိုးဆုံး စီးပွားရေး အကျပ်အတည်းကို ရင်ဆိုင်နေရသည်။
ရေနံနှင့် သဘာဝ ဓာတ်ငွေ့မှလွဲ၍ အရင်းအနှီး လက်မဲ့ဖြစ်ခြင်း၊ စားနပ်ရိက္ခာ ပြတ်လပ်လာခြင်းနှင့် တင်ပို့ကုန် ဈေးကောင်း မရခြင်းတို့ကြောင့် မနည်းရုန်းကန်နေရသော ဝင်ငွေနည်းသည့် နိုင်ငံများဖို့ တရုတ်ချေးငွေကို အကျေအလည် ပြန်ဆပ်နိုင်ရန် (သို့မဟုတ်) အစားထိုးပေးချေရန် အခက်အခဲတွေ့ကုန်သည်။
ဘေဂျင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ တိုးချဲ့ထုတ်ပေးနေသည့် ချေးငွေများနှင့်ပတ်သက်၍ တရားဝင် အချက်အလက်များ မသိရှိ ရသော်လည်း မျက်မှောက်ကာလတွင် တရုတ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အကြီးမားဆုံး တရားဝင် မြီရှင်ဖြစ်လာသည်။
ဖြစ်နိုင်ခြေအားလုံးကို ခန့်မှန်းကြည့်ရသော် တရုတ်ချေးငွေများ၏ အမှန်တကယ် ပမာဏသည် ခန့်မှန်းထားသည်ထက် သိသာ ထင်ရှားစွာ ကြီးမားကောင်း ကြီးမားနိုင်သည်။
ယခု ကမ္ဘာ့ဘဏ်၏ စီးပွားရေးပညာရှင်များထဲမှ အကြီးအကဲဖြစ်သူ ကာမင်းရိန်းဟက် (Carmen Reinhart) နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များ ၂၀၁၈ ခုနှစ်တုန်းက တရုတ်ပြည်ပ ချေးငွေများနှင့်ပတ်သက်၍ အနီးကပ် တွေ့ရှိချက်တစ်ခု ရှိခဲ့သည်။
ထိုတွေ့ရှိချက်မှာ ဖွံ့ဖြိုးဆဲနိုင်ငံ အများစုပါဝင်သည့် ပြည်ပငွေချေးသူများထံ တရားဝင် သတင်းမထုတ်ပြန်ထားသော တရုတ် ချေးငွေများမှာ အဆိုပါနိုင်ငံများ၏ ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ၁၅ ရာခိုင်နှုန်းမျှ ရှိနေသည်ဟူသော တွေ့ရှိချက်ဖြစ်သည်။
ယခုကဲ့သို့ ကမ္ဘာ့စီးပွားရေးတိမ်တိုက် ဆက်လက် မှောင်မည်းနေချိန်ဝယ် ဘေဂျင်းသည် ၎င်းကိုယ်တိုင် ခံစားနေရသည့် ကြွေးမြီ အကျပ်အတည်းအတွက် ထိန်းကျောင်းသင့်သည်။
မကြာသေးမီက သီရိလင်္ကာ၏ စီးပွားရေးပြိုလဲမှုသည် တရုတ်ကို ကိုယ့်ရှူးကိုယ်ပတ်မည်ဟု ရှေ့ပြေးသတိပေး သံချောင်း ခေါက်လိုက်၏။
တောင်အာရှဒေသရှိ ကျွန်းနိုင်ငံငယ်ဖြစ်သော သီရိလင်္ကာတွင် ပြည်ပကြွေးမြီမှာ ဒေါ်လာ ၃၈ ဒသမ ၆ ဘီလီယံအထိ လည်ပင်း နစ်နေပြီး ထိုပမာဏသည် ၎င်းနိုင်ငံ GDP ၏ ၄၇ ရာခိုင်နှုန်း ပမာဏခန့် ဖြစ်နေသည်။ ထိုအထဲမှ ၁၀ ရာခိုင်နှုန်းမှာ တရုတ်ကို တင်ရှိနေသော ကြွေးမြီဖြစ်သည်။
၂၀၂၂ ခုနှစ် အစောပိုင်းသို့ ရောက်ချိန်၌ သီရိလင်္ကာသည် ပေးစရာရှိသည့် ပြည်ပအကြွေး ၇ ဘီလီယံနီးပါးကို ပြန်မဆပ်နိုင် တော့ဘဲ ‘သေချာပြီ … ဒေဝါလီ’ ဖြစ်သွားရသည်။
ထိုအနေအထား၌ ဘေဂျင်းသည် ကြွေးမြီသက်သာခွင့် ကမ်းလှမ်းရန် ပျက်ကွက်ခဲ့သည်။ သီရိလင်္ကာခမျာလည်း မတတ်သာ တော့ဘဲ ပြည်ပကြွေးမြီအချို့ကို မှန်မှန်ဆပ်နိုင်ရေးအတွက် ခေတ္တဆိုင်းငံ့ထားဖို့ နည်းလမ်းကို မျက်နှာငယ်စွာဖြင့် ရွေးချယ် ခဲ့ရတော့သည်။
သိပ်မကြာခင်မှာပင် သီရိလင်္ကာအစိုးရကို ဖြုတ်ချနိုင်ဖို့ ဆန္ဒပြပွဲများ ဆူညံစွာ ထွက်ပေါ်လာကြသည်။
တစ်ချိန်တည်းမှာပင် ကမ္ဘာ့စီးပွားအခြေအနေ ပိုဆိုးလာသဖြင့် သီရိလင်္ကာကဲ့သို့ အခြားဖွံ့ဖြိုးဆဲနိုင်ငံများသည် ၎င်းတို့ အသီးသီး၏ ပြည်ပချေးငွေများကို ဆပ်စရာမရှိ ဖြစ်ကုန်သည်။ ထိုနိုင်ငံအများစုသည် တရုတ်ထံမှ ချေးငွေများ ဒေါ်လာ ဘီလီယံနှင့်ချီ၍ ယူထားကြသည်။
ထိုအချိန်တွင် မဖြစ်နိုင်လောက်ဘူးဟု ထင်ထားကြသော စိန်ခေါ်မှုက သမ္မတ ရှီကျင့်ဖျင်ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက် လာတော့သည်။
ရှီကျင့်ဖျင် အစိုးရလက်ထက်တွင် တရုတ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အနောက်အုပ်စုကို ဖယ်ထုတ် စဉ်းစားသည့်အခါ အစားထိုး ရွေးချယ်စရာတစ်ခုအဖြစ် ရေကုန်ရေခမ်း မြှင့်တင်ခဲ့သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အန္တရာယ်များလှသော စီမံကိန်းများ လုပ်နိုင်ကိုင်နိုင်ဖို့ ငွေကြေးကို တရုတ်က ရက်ရောစွာ ထိုးပေးခဲ့သည်။
သို့သော် ယခုအခါ ဆင်းရဲသား များသောနိုင်ငံများသို့ တရုတ်နိုင်ငံက ဒေါ်လာဘီလီယံနှင့်ချီ ချေးငွေ ထုတ်ပေးရေးမှာ စွန့်စား ရဖို့ ဖြစ်လာသည်။ အကြောင်းမူကား ကြွေးမြီနှောင်ကြိုးက စီးပွားရေး ကျဆင်းမှုဒဏ်ကို ခံနိုင်ရည် ရှိစေ၍ ဖြစ်သည်။
ပထမအချက်မှာ အနောက်အုပ်စု အစိုးရများနှင့် နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းမှ ချေးငွေနှင့် ထောက်ပံ့ငွေတို့၏ ၅၅ ရာခိုင်နှုန်းသည် ကမ္ဘာတဝန်း ကျန်းမာရေး၊ ပညာရေးနှင့် လူသားချင်း စာနာမှုဆိုင်ရာ အစီအစဉ်ကဲ့သို့ လူမှုကယ်ဆယ်ရေး လုပ်ပေးနေချိန်တွင် တရုတ်ချေးငွေများ၏ သုံးချိုးနှစ်ချိုးကတော့ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အခြေခံ အဆောက်အအုံ အောက်တွင် ပျောက်သွားခဲ့ပြီ ဖြစ်သည်။
စီးပွားရေး ကျပ်တည်းနေကြချိန်ဖြစ်၍ အခကြေးငွေပေးပြီး ဖြတ်သန်းရသော လမ်းပိုင်းများ၊ ဆိပ်ကမ်းများနှင့် ဓာတ်အားပေး စက်ရုံကဲ့သို့ အခြေခံ အဆောက်အဦများကို လျှော့သုံးကြမည်ဖြစ်သဖြင့် ယာဉ်အသွားအလာ၊ လူအသွားအလာနည်းမည်။ လျှပ်စစ်နှင့် အင်ဂျင်ပါဝါ လျှော့သုံးကြသဖြင့် ယင်းစီမံကိန်းများမှ ပြန်ရမည့် ဝင်ငွေသည်လည်း နည်းသွားမည်ဖြစ်၏။ သို့ဖြစ်၍ ချေးငွေပြန်ဆပ်နိုင်ဖို့ ဝင်ငွေရရှိစေမည့် စီမံကိန်းများအတွက် အခက်အခဲ ကြုံရတော့သည်။
ဒုတိယအချက်မှာ တရုတ်ချေးငွေများသည် အရင်းအမြစ်တစ်ခုခုမှ ထုတ်ပေးသော ဝင်ငွေအပေါ် မူတည်၍ အပေါင်ခံ ထားလေ့ ရှိသောကြောင့် စီးပွားပျက်ကပ်ဆိုက်သည့် ကာလများတွင် ဝယ်လိုအား နည်းပါးမှုသည် ပုံမှန်အားဖြင့် ရေနံမှလွဲ၍ အခြား ကုန်စည်ဈေးများ ကျဆင်းစေသဖြင့် ကြွေးမြီပြန်ရနိုင်ခြေလည်း ပိုလျော့သွားခဲ့သည်။ ယူကရိန်းစစ်ကြောင့် ရုရှားစီးပွားရေး ပိတ်ဆို့ ခံရခြင်းကလည်း ထို့အတွက် အကြောင်းတစ်ခု ဖြစ်သည်။
ဤသို့သော အကြောင်းအချက်များသည် အကြွေး ပြန်ဆပ်နိုင်ရေးအတွက် လိုအပ်သော ဝင်ငွေအပေါ်သို့ နောက်ထပ် ဖိစီးမှု တစ်ခု ဖြစ်စေခဲ့သည်။ တရုတ်နိုင်ငံသည် သူကိုယ်တိုင် တူးထားသော ထောင်ချောက်အတွင်းမှ ရုန်းထွက်နိုင်ဖို့ ရွေးချယ်စရာ နည်းနည်းသာ ရှိသည်။
စီးပွားရေး ကျပ်တည်းနေချိန် သီရိလင်္ကာကဲ့သို့ ဖရိုဖရဲ အစိုးရများထံမှ ချေးငွေများကို ပြန်ဆပ်ဖို့ ဖိအားပေးမိလျှင် အချည်းနှီး သာဖြစ်ပြီး တန်ပြန် သက်ရောက်မှုကလည်း လာလိမ့်ဦးမည် ဖြစ်သည်။ တရုတ်မှာ မြွေပါလည်းဆုံး၊ သားလည်းဆုံး ဆိုသလို ငွေကြေးဆုံးရှုံးရုံမက ၎င်း၏ဂုဏ်သိက္ခာလည်း ကျဆင်းပေလိမ့်ဦးမည်။
သို့နှင့်တိုင် ကြွေးမြီများ လုံးဝလျှော်ပစ်လျှင်လည်း တရုတ်အစိုးရပိုင် ဘဏ်များ၏ လက်ကျန် ရှင်းတမ်းကို ဆွဲဆုတ်ပစ်ရာ ကျ မည်။ ကြွေးမြီများ ထုတ်ပေးမိသည့် နောက်တွင်တော့ ဘေဂျင်းသည် မထူးဇာတ်ခင်း၍ သူ့အတွက် အနည်းဆုံး နစ်နာမည့် ကိစ္စများ ကာမိစေရန် နည်းလမ်းများ ရှာဖွေ၍ အဆုံးသတ်ရမည်ဖြစ်သည်။
တရုတ်နိုင်ငံ၏ အကောင်းဆုံး ရွေးချယ်မှုကတော့ သူ့ပုံရိပ်ကို ပြန်လည် ကောင်းမွန်စေပြီး ဆုံးရှုံးနစ်နာမှုများ ကာမိစေဖို့ ဘက်စုံ ချဉ်းကပ်နည်းကို ကျင့်သုံးဖို့ပဲ ရှိလေသည်။
ပထမအချက်မှာ အဆင်းရဲဆုံး နိုင်ငံများအတွက် ကြွေးမြီ သက်သာခွင့် ပေးသင့်သည်။ ဝင်ငွေနည်းသော အာဖရိကတိုက်၊ ဆာဟာရ သဲကန္တရဒေသနိုင်ငံများ၌ တရုတ်ပြည်ပ ချေးငွေများ၏ ထက်ဝက်ခန့်ရှိနေ၍ ဘေဂျင်းသည် ကြွေးမြီများ သက်သာ ဖယ်ရှားရန် စီစဉ်နေပါက ထိုနိုင်ငံများကို ဦးစားပေးသင့်သည်။
တကမ္ဘာလုံး စားနပ်ရိက္ခာ အကျပ်အတည်းကို အာဖရိကနိုင်ငံများ အများဆုံး ထိခိုက်နိုင်ဖွယ်ရှိသောကြောင့် အဆိုပါ နိုင်ငံများ အတွက် ကြွေးမြီ ကင်းစင်ရေးကိစ္စမှာ အထူးအသင့်လျော်ဆုံး ဖြစ်သည်။
လမ်းတွေပေါ်မှာ ပေါင်မုန့် အဓိကရုဏ်းများ ကြုံလာရသော် ထိုသို့ဆင်းရဲသား နိုင်ငံများထံမှ အကြွေးများ လှိမ့်တောင်းမိနေ လျှင်၊ ပြန်ဆပ်ဖို့ ဆက်လက် ဖိအားပေးမည်ဆိုလျှင် တရုတ်သည် ၎င်း၏ တုနှိုင်းမယှဉ်သာသော ဂုဏ်သိက္ခာပိုင်း ထိခိုက်မှုတွေ ကြုံတွေ့ရလိမ့်မည်။
ဒုတိယအချက်မှာ ကြွေးမြီ ပြန်လည်ဖွဲ့စည်းခြင်း ဖြစ်သင့်သည်။ တရုတ်နိုင်ငံသည် နောက်ထပ် ချေးငွေ ပျက်ကွက်မှုများ၏ ရေတို ခြိမ်းခြောက်မှုကို ရှောင်ရှားရန်အတွက် အတိုးနှုန်းကို ဖြတ်တောက်သင့်ပြီး၊ အကြွေးဝန်ဆောင်မှုများကို ယာယီဆိုင်းငံ့ ထားကာ ချေးငွေသက်တမ်း တိုးပေးသင့်သည်။
တတိယအချက် အနေဖြင့် တရုတ်သည် အခြားသော နိုင်ငံတကာ အလှူရှင်များ၊ ငွေချေးသူများနှင့် လက်တွဲ ဆောင်ရွက်သင့် သည်။ ကမ္ဘာ့အကြီးဆုံး တရားဝင် ငွေချေးသူအဖြစ် ခန့်ခန့်ထည်ထည် ရပ်တည်နေသော တရုတ်သည် အမှန်တကယ်လည်း သြဇာ အာဏာရှိပါသည်။
အခြား ငွေချေးသူများကိုလည်း အလားတူ လုပ်ဆောင်ရန် ကြွေးမြီ သက်သာခွင့် အစီအစဉ်ကို အသုံးချစေပါက တရုတ်နိုင်ငံ သည် တုံ့ဆိုင်းနေသော ကမ္ဘာ့စီးပွားရေး မုန်တိုင်းဒဏ်ကို တွန်းလှန်နိုင်ဖို့အရေး ဖွံ့ဖြိုးဆဲ နိုင်ငံများကိုလည်း ကူညီရာရောက်ပြီး နိုင်ငံတကာ အခန်းကဏ္ဍကိုလည်း မှန်ကန်စွာ ဦးဆောင်နိုင်မည်ဖြစ်သည်။
ရလဒ်ကတော့ တရုတ်နိုင်ငံအတွက် ၎င်း၏ နိုင်ငံတကာ ဦးစီးပဲ့ကိုင်နိုင်စွမ်းကို ပြသရန် သမိုင်းဝင် အခွင့်အလမ်းထူးတစ်ခု ဖြစ်လာနိုင်ပါသည်။
ရယ်စရာကောင်းသည်မှာ အထက်ပါ အခင်းအကျင်းများသည် တရုတ်မဟာဗျူဟာမြောက် အမြော်အမြင်ကြောင့် မဟုတ်ဘဲ ယခုကြုံလာမည့် အခွင့်အလမ်းကို ပထမဦးစားပေးနေရာမှာ ထားမိခဲ့၊ ဖန်တီးမိခဲ့တဲ့ ဘဏ္ဍာရေးဆိုင်ရာ မထီမဲ့မြင်ပြုမှုပင် ဖြစ် ပါသတည်း။ ။
Source: Nikkei Asia
(Nikkei Asia ဝက်ဘ်ဆိုက်တွင် ဇွန်လ ၂၄ ရက် ရက်စွဲဖြင့် လွှင့်တင်ထားသော မူရင်းဆောင်းပါးရှင် Minxin Pei ၏အတွေးအမြင် ရေးသားချက်ကို CNI က ဆီလျော်အောင် ဘာသာပြန်ဆို၍ တင်ဆက်ပေးလိုက်ပါသည်။ ဆောင်းပါးရှင်သည် Claremont McKenna ကောလိပ်၌ အစိုးရပါမောက္ခ တာဝန်ထမ်းဆောင်ရင်း အမေရိကန်နိုင်ငံ၊ မာရှယ်ငွေကြေးအဖွဲ့၏ ဝါရင့်ပညာရှင်တစ်ဦးလည်း ဆောင်ရွက်နေသည်)

- By CNI
- Category: စီးပွားရေး
- Hits: 1393
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂
အိန္ဒိယနိုင်ငံသို့ အဓိကထား တင်ပို့နေသည့် မတ်ပဲဈေးနှုန်းသည် ယခုတစ်ပတ်အတွင်း တစ်တန်လျှင် ကျပ် ၁၇ သိန်းအထိ ရရှိလာသည်ဟု ကုန်စည်ဒိုင်နှင့် ပဲပွဲရုံများထံမှ သိရသည်။
အိန္ဒိယနိုင်ငံ၏ မတ်ပဲ လိုအပ်ချက် မြင့်တက်နေခြင်းနှင့် ပြည်တွင်း ပဲလက်ကျန် နည်းပါးနေခြင်းကြောင့် မတ်ပဲဈေးနှုန်းသည် တစ်တန်ကို ၁၇ သိန်းအထိ မြင့်တက်လာခြင်း ဖြစ်သည်ဟု ဧရာကုန်သွယ်မှု ဗဟိုဌာနမှ တာဝန်ခံ ဦးနေဝင်းစိုးက CNI သတင်း ဌာနသို့ ပြောသည်။
ဦးနေဝင်းစိုးက “၁ တင်းကို ၅၆၀၀၀ ပတ်ဝန်းကျင်ရှိတယ်။ ၁ တန်ကို ၁၇ သိန်း နီးပါးလောက် ဖြစ်သွားတယ်။ ၁၇ သိန်းနားကို ကပ်သွားပြီ အခုက။ ပြီးခဲ့တဲ့ရက်ကဆို ၁၇ သိန်း နည်းနည်းလေးတောင် ကျော်သွားသေးတယ်။ မနေ့ကမှ ၁ တင်းကို ၂၀၀ လောက် ကျသွားတာ။ အဲဒါက ဟိုဘက်က ဝယ်လိုအား ကောင်းနေတာ။ အိန္ဒိယဘက်က ဝယ်လိုအား ရှိနေတာ။ နောက် ကျနော်တို့ဆီမှာလည်း ပြီးခဲ့တဲ့ ဆောင်းသီးနှံပေါ့၊ မတ်ပဲကတော့ ဆောင်းသီးနှံပါပဲ မတ်ပဲလည်း လက်ကျန်နည်းလာပြီလေ ကျနော်တို့ဆီမှာလည်း” ဟု ပြောသည်။
ပြီးခဲ့တဲ့ ဇွန်လ တတိယအပတ်က မတ်ပဲ တစ်တန်ကို ကျပ် ၁၅ သိန်းမှ ၁၆ သိန်း ဝန်းကျင်သာ ရှိခဲ့သော်လည်း ယခုရက်ပိုင်း တွင် ကျပ် ၁ သိန်းလောက် မြင့်တက်လာခဲ့သည့်အတွက် မတ်ပဲတစ်တန်လျှင် ကျပ် ၁၇ သိန်း ဖြစ်သွားခြင်း ဖြစ်သည်။
ထို့နောက် ယခုရက်ပိုင်းအတွင်း မန္တလေးပဲဈေးကွက်သို့ မတ်ပဲများ ဝင်ရောက်လာမှု များပြားလျက်ရှိကြောင်း မန္တလေးကုန် စည်ဒိုင်မှ သိရသည်။
မတ်ပဲစိုက် တောင်သူများကိုတွေ့ရစဉ်
မတ်ပဲ ၁ တန်ကို ၂၁ သိန်းအထိ ဈေးနှုန်း ဆက်လက် မြင့်တက်နိုင်သည်ဟု ကုန်သည်တချို့က သုံးသပ်မှုများ ရှိသော်လည်း မတ်ပဲဈေးနှုန်းသည် အိန္ဒိယနိုင်ငံ၏ မူဝါဒနှင့် ဈေးကွက် အခြေအနေများအရ ထိုဈေးနှုန်းအထိ မရောက်နိုင်ကြောင်း၊ မတ်ပဲ ၁ တင်းလျှင် ၆ သောင်း ပတ်ဝန်းကျင်အထိသာ ဆက်လက် မြင့်တက်နိုင်ကြောင်း ကုန်သည်တစ်ဦးက သုံးသပ်သည်။
၎င်းက “မတ်ပဲဈေးနှုန်းက အခုလက်ရှိ အခြေအနေနဲ့ ခန့်မှန်းလို့ မရသေးဘူး။ နောက်ထပ် မတ်ပဲ ပေါ်ဖို့ကလည်း အများကြီး ကျန်ပါသေးတယ်။ ဒီကြားထဲ သူတို့ရဲ့ ပဲတင်သွင်းမှု မူဝါဒ၊ ဘာတွေ အမိန့်ကြော်ငြာစာတွေ ထက်လာအုံးမလဲ မသိဘူး။ အဲဒီ အပေါ်မှာ ပဲဈေးကျတာ ရှိသေးတယ်လေ။ ဒါပေမယ့် ဒီအတိုင်း သွားမယ်ဆိုရင်တော့ အခုက ၁ တင်းကို ၅၆၀၀၀ အဲလောက် ဖြစ်နေတယ်။ ၁ တင်းကို ၆ သောင်း ပတ်ဝန်းကျင်လောက် ဖြစ်လိမ့်မယ်လို့ ထင်တယ်။ တချို့ကတော့ ၇ သောင်း လောက် အထိ မှန်းနေတာမျိုးရှိတယ် ၁ တင်းကို။ ၇ သောင်းဆို ၁ တန်ကို ၂၁ သိန်း ၂၀ ကျော်တာပေါ့နော်။ သိန်း ၂၀ ပတ်ဝန်းကျင် လောက် ဖြစ်သွားမယ်လို့ အဲလိုပြောတယ်။ ဒါပေမယ့် ကျနော့်အမြင်ပေါ့၊ ၇ သောင်း ပတ်ဝန်းကျင်လောက်က မဖြစ်နိုင် သေးဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံမှ မတ်ပဲကို အဓိက ဝယ်ယူတင်သွင်းနေသည့် အိန္ဒိယနိုင်ငံသည် ယခုနှစ် မိုးသီးနှံ စိုက်ပျိုးမှုတွင် စိုက်ပျိုးဧရိယာနှင့် အထွက်နှုန်း ကျဆင်းနေကြောင်း၊ ထို့နောက် မိုးရေရရှိမှု နည်းပါးသည့် ပြဿနာနှင့်လည်း ကြုံတွေ့နေရကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မတ်ပဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် နေပြည်တော် ပြည်ထောင်စု နယ်မြေတို့တွင် စိုက်ပျိုးကြကြောင်း၊ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က အိန္ဒိယနိုင်ငံသို့ မတ်ပဲတန်ချိန် ၆ သိန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း ကုန်သွယ်မှုဦးစီးဌာနထံမှ သိရသည်။
ယခုနှစ် မတ်ပဲစိုက်ပျိုးမှုတွင် ဓာတ်မြေဩဇာနှင့် သွင်းအားစုစရိတ်များ အဆမတန် ကြီးမြင့်ခြင်းကြောင့် အသစ် ပြန်လည် ထွက်ပေါ်လာမည့် မတ်ပဲအသစ်များသည် ယခင်နှစ်များထက် ဈေးနှုန်း ကောင်းမွန်နိုင်ကြောင်း ကုန်သည်များက ပြောသည်။
- By CNI
- Category: Watch TV
- Hits: 470
- By CNI
- Category: Watch TV
- Hits: 453

- By CNI
- Category: စီးပွားရေး
- Hits: 1392
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁
ပြည်ပမှကုန်ပစ္စည်းများ တင်သွင်းမှုအတွက် သွင်းကုန်လိုင်စင်သက်တမ်းကို ယခင်က ၃ လသတ်မှတ် ပေးထားသော်လည်း ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ လျှော့ချလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။
ယင်းမှာ သွင်းကုန်တင်သွင်းမှုကို ပို၍ ဆိုးရွားသွားစေနိုင်သည်ဟု ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ပြောဆိုကြသည်။
လက်ရှိအချိန်တွင် သွင်းကုန်လုပ်ငန်း လုပ်ကိုင်သူများအတွက် ဒေါ်လာဝယ်ယူရခက်ခဲခြင်း၊ သွင်းကုန် ပါမစ် လျှောက်ထားရာတွင် မရခြင်း စသည့် အခက်အခဲများလည်း ဖြစ်ပေါ်လျက်ရှိနေတာကြောင့် လိုင်စင်သက်တမ်းကို ထပ်မံလျှော့ချလိုက်မည်ဆိုပါက ပို၍ ဆိုးရွားသွားမည်ဟု ဧရာကုန်သွယ်မှု ဗဟို ဌာနမှ တာဝန်ခံ ဦးနေဝင်းစိုးက CNI သတင်းဌာနသို့ ပြောသည်။
“အခုလက်ရှိက ပထမကတည်းက ဒေါ်လာဈေးကြောင့် ပြဿနာဖြစ်နေတာရှိတယ်။ သွင်းကုန်လိုင်စင် အတွက်ကို ၁၀ စောင်လောက်တင်မယ်ဆိုရင် ၁ စောင်လောက်ပဲ ပြန်ချပေးတာမျိုး၊ နောက် သွင်းကုန် သမားတွေအတွက် ဒေါ်လာကို လိုသလောက် ဝယ်လို့မရတဲ့ကိစ္စတွေ အဲဒါတွေကြောင့် သွင်းကုန်က နဂိုကတည်းကိုက ကြန့်ကြာနေတာလေ။ သွင်းချင်တိုင်း သွင်းလို့မရ၊ အခု ဆီကိစ္စ ပြဿနာတက်နေတာ ဒါတွေကလည်း ပါတာပေါ့လေ။ အခု စက်သုံးဆီကိုပဲ နမူနာကြည့်လိုက်ပေါ့။ ဆိုတော့ ရက်ပါ ထပ်ပြီး တော့ လျှော့ချလိုက်မယ်ဆိုလို့ရှိရင် ဒီထက် ပိုဆိုးဖို့ပဲ ရှိတော့မယ်” ဟု ပြောသည်။
ဒါ့အပြင် ပို့ကုန်လုပ်ငန်းအပိုင်းတွင်လည်း ပို့ကုန်လိုင်စင်ကြေး တိုးမြှင့်တာ၊ လိုင်စင်သက်တမ်း လျှော့ချ တာ စသည့် ကန့်သတ်ချက်များ ချမှတ်ထားခြင်းများလည်းရှိကြောင်း သိရသည်။
ထို့သို့ လုပ်ဆောင်ခြင်းသည် ကုန်သွယ်ရေးကို မြှင့်တင်လိုသည့်သဘော သက်ရောက်သော်လည်း လုပ်ငန်းလည်ပတ်မှုကို နှေးကွေးစေနိုင်ကြောင်း လုပ်ငန်းရှင်များက ပြောသည်။
စီးပွားရေးပညာရှင်တစ်ဦးက“အခုက Exporter သမားတွေကိုလည်း သူက မြှင့်လိုက်တယ်။ အရင်တုန်း က ၆ လနဲ့ သွားရမယ့်ဟာကို ၃ လတို့၊ ၁ လတို့နဲ့ ပြန်ပြီးတော့ လုပ်လိုက်တယ် အရှိန်မြှင့်လိုက်တယ်။ အဲလိုပဲ တစ်ဖက်က သွင်းကုန်လိုင်စင်နဲ့ Trade ကို ပိုပြီးတော့ လည်ပတ်၊ မြန်မြန်လည်စေချင်တဲ့ ရည်ရွယ်ချက်တော့ ရှိလိမ့်မယ်။ ဒါပေမယ့် အဲဒီ Impact က မြန်မြန် Expire ဖြစ်တော့ ဒီသွင်းကုန်ကို ၂ ခါ၊ ၃ ခါ ပြန်လျှောက်နေရတာမျိုးတော့ ဖြစ်လာမှာပေါ့” ဟု CNI သို့ ပြောသည်။
ပို့ကုန်လိုင်စင်နှင့် သွင်းကုန်လိုင်စင်များကို ကန့်သတ်ချက်များ၊ သက်တမ်းလျှော့ချမှုများ လုပ်ဆောင် လာခြင်းသည် တရားဝင်လမ်းကြောင်းမှတဆင့် တရားမဝင် တင်သွင်းခြင်း၊ တင်ပို့ခြင်းများကို ပိုမို ဖြစ်ပေါ်စေသည့် အခြေအနေမျိုးတွေ့ရကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။
ယခု ပြင်ဆင်သတ်မှတ်လိုက်သည့် သွင်းကုန်လိုင်စင်သက်တမ်းအပြောင်းအလဲသည် ဇူလိုင်လ ၁ ရက် နေ့မှ စတင်ကာ အသက်ဝင်မည်ဖြစ်ပြီး အာရှနိုင်ငံများမှ တင်သွင်းသည့် ကုန်ပစ္စည်းများဖြစ်ပါက ရက် ၃၀၊ အာရှနိုင်ငံ ပြင်ပမှ တင်သွင်းသည့် ကုန်ပစ္စည်းများ ဖြစ်ပါက ၄၅ ရက်အဖြစ် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

- By CNI
- Category: စီးပွားရေး
- Hits: 1920
CNI News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁
မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးဂိတ်များအား ပြန်လည်ဖွင့်လှစ်ရန်အတွက် အိန္ဒိယဘက်မှ အုပ်ချုပ်ရေး အဖွဲ့အစည်းကနေ မြန်မာဘက်မှ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ထံသို့ အကြောင်းကြားလာကြောင်း ကလေး-တမူး နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းထံမှ သိရသည်။
ထို့ကြောင့် တမူး-မိုရေးနယ်စပ်ကုန်သွယ်ရေး ဂိတ် (၁) ကို ပြန်လည်ဖွင့်လှစ်ရန် လုပ်ဆောင်နေကြောင်း ကလေး-တမူးနယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းမှ ဥက္ကဋ္ဌ ဦးလှမောင်က CNI သတင်းဌာနသို့ ပြောသည်။
“ကျနော်တို့က ပိတ်တာမဟုတ်ဘူး။ သူတို့က ပိတ်တာ။ ပိတ်လို့ ကျနော်တို့က ပိတ်ထားရတာ။ အခု အဲဒါ ပြန်ဖွင့်ဖို့ ကျတော့ ကျနော်တို့လည်း ပြန်လုပ်ရတာပေါ့။ နယ်စပ်ဂိတ် နံပါတ်(၁) ဂိတ်ကို ဖွင့်ဖို့လုပ်ထားတယ် ကျနော်တို့က။ ရက်အတိအကျကတော့ ဘာမှ မသိရသေးဘူးလေ။ ဒါကတော့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေရဲ့ သဘောပေါ့။ ကျနော်တို့သဘောမှ မဟုတ်တာ”ဟု ၎င်းကပြောသည်။
မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးဂိတ်များ ၂၀၂၀ မတ်လမှ စတင်ကာ ကိုဗစ်ကြောင့် ပိတ်ထားခြင်းဖြစ်သည့် အတွက် စီးပွားရေးလုပ်ဆောင်၍မရဘဲ ကုန်သည်များ ထိခိုက်ကြကြောင်း သိရသည်။
အဆိုပါဂိတ်များအား ပြန်လည်ဖွင့်လှစ်မည်ဆိုပါက ကုန်သည်များအတွက် စီးပွားရေးပြန်လည် စတင်လုပ်ကိုင် နိုင်မည်ဖြစ်ကြောင်းနှင့် ဂိတ်များအား ပြန်လည်ဖွင့်လှစ်စေချင်ကြောင်း ဥက္ကဋ္ဌ ဦးလှမောင်က ပြောသည်။
“ဖွင့်စေချင်တာပေါ့။ ကျနော်တို့ကတော့ အေးအေးချမ်းချမ်းနဲ့ အရောင်းအဝယ်လုပ်ငန်းတွေ လုပ်ချင်တာပေါ့။ အဲဒါပါပဲ အဓိကကတော့ ဒါက။ ကျနော်တို့ပြည်သူတွေ အားလုံးကတော့ဖွင့်စေချင်တာပဲ” ဟု ၎င်းကပြောသည်။
ကိုဗစ်ကြောင့် ဂိတ်များ မပိတ်ခင်က မြန်မာဘက်မှ အိန္ဒိယဘက်သို့ ကွမ်းသီးနှင့် ပဲတို့အား နယ်စပ်ဂိတ်မှတဆင့် တင်ပို့ကြောင်းနှင့် အိန္ဒိယဘက်မှ မြန်မာနိုင်ငံသို့ ဂျုံတို့သာ တင်သွင်းကြောင်း သိရသည်။
Page 36 of 46