- By CNI
- Category: ဆောင်းပါး
- Hits: 3287
CNI International Article
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၈
အာဖရိကတိုက်နှင့် ပတ်သက်သည့် မဟာဗျူဟာသစ် တစ်ရပ်ကို အခုနှစ် နွေရာသီတွင် ကြေညာခဲ့ပြီးနောက် ဘိုင်ဒန် အစိုးရသည် အာဖရိကခေါင်းဆောင်များဖြင့် ဝါရှင်တန်တွင် ညီလာခံတစ်ခုကို ကျင်းပခဲ့သည်။
၎င်းက ဒေါ်နယ်ထရမ့်လက်ထက် ဆိုးဆိုးရွားရွား ပျက်စီးခဲ့သော ဆက်ဆံရေးကို ပြန်လည် ကောင်းမွန်စေဖို့ ကြိုးစားမှုတစ်ရပ်ပင် ဖြစ်သည်။
အာဖရိကနှင့်ဆက်ဆံရေး ပြန်လည် တည်ဆောက်ခြင်းက ကမ္ဘာ့မျက်နှာစာ အသီးသီးမှာ ကျဆင်းလာသည့် အမေရိကန်၏ လွှမ်းမိုးမှုများကို ပြန်လည် အဖတ်ဆယ်မည့် ဘိုင်ဒန်၏ အစီအစဉ် တစ်စိတ်တစ်ပိုင်း ဖြစ်သည်။
လက်တင်အမေရိက၊ အင်ဒို-ပစိဖိတ်၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်း ဒေသများတွင် အမေရိကန်၏ ပြိုင်ဘက် နိုင်ငံများ အထူးသဖြင့် တရုတ်နိုင်ငံက စီးပွားရေး၊ မဟာဗျူဟာရေး ကဏ္ဍများမှာ များစွာရှေ့သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
အာဖရိကတိုက်တွင် တရုတ် ပါဝင်နေမှုက အမေရိကန်အတွက် စိတ်ရှုပ်ထွေးစရာပင်။ ပြီးခဲ့သည့် နှစ် ၂၀ အတွင်း အာဖရိကတိုက်အပေါ် တရုတ်၏ သြဇာလွှမ်းမိုးမှုသည် ပြင်သစ်၊ ဗြိတိန်တို့လို ယခင်ကိုလိုနီ နိုင်ငံများ အပါအဝင် အနောက် အင်အားကြီး နိုင်ငံများအားလုံးထက် ပို၍ အရှေ့ရောက်ခဲ့သည်။
Francafrique ကဲ့သို့ ခေတ်သစ်ကိုလိုနီ စီမံကိန်းသည်ပင် ရုရှား၏ ပါဝင်မှုကြောင့် မာလီ၊ ဗဟိုအာဖရိကနှင့် ဆာဟာရဒေသ နယ်စပ်များတွင် ကျရှုံးခဲ့ရပြီး ပြင်သစ်ကိုလိုနီ ဖြစ်ခဲ့ဖူးသည့် တိုဂို၊ ဂါဘွန်နှင့် ရဝမ်ဒါတို့လည်း ပြီးခဲ့သည့် နှစ်များအတွင်း ၎င်းတို့၏ အကျိုးစီးပွားအတွက် ဗြိတိန် သို့မဟုတ် တရုတ်ကို ရွေးချယ်သွားခဲ့ကြသည်။
ဘိုင်ဒန်နဲ့ အာဖရိက ခေါင်းဆောင်များကို တွေ့ရစဉ်
ဆိပ်ကမ်းမှသည် ဓာတ်အားပေး စက်ရုံအထိ ပါဝင်သော ငွေချေးမှု၊ အကြီးစား စီမံကိန်းများနှင့် နည်းပညာပိုင်း ဆိုင်ရာ စီမံကိန်းများဖြင့် တရုတ်၏ အာဖရိကဒေသတွင်း ပါဝင်မှုများက အမေရိကန်လို တခြားအင်အားကြီး နိုင်ငံများအတွက် ယှဉ်ပြိုင်ရန် ခက်ခဲစေသည်။
ချေးငွေးများကို ပြန်မဆပ်နိုင်လျှင် နိုင်ငံပိုင် လုပ်ငန်းများအား တရုတ်က သိမ်းယူနိုင်သည့် အန္တရာယ်ရှိသော်ငြား ကိုဗစ်နှင့်အတူ ဖြစ်ပေါ်သော စိန်ခေါ်မှုများစွာ ရှိနေသော အခြေအနေမှာပင် တရုတ်နှင့် အာဖရိကတို့ကြား အပြန်အလှန် ကုန်သွယ်မှုမှာ ၂၀၂၁ ခုနှစ်တွင် ဒေါ်လာ ၂၅၄ ဘီလီယံ၊ ၂၀၂၀ ကထက် ၃၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ကို တွေ့ရသည်။
ထို့အပြင် လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးရာ ကိစ္စများထက် ဖွံ့ဖြိုးတိုးတက်ရေးကိုသာ ပိုပြီး ဇောင်းပေးသည့် တရုတ်၏ ရပ်တည်ချက်ကလည်း ဘိုင်ဒန်အစိုးရ၏ စီမံကိန်းထက် အာဖရိကတိုက်နှင့်ပို၍ ကိုက်ညီမှုရှိသည်။ အာဖရိကသည် လွန်ခဲ့သော ၂ နှစ်အတွင်း၌ပင် အာဏာသိမ်းမှုများစွာ ပေါ်ပေါက်ခဲ့ရာ ဒေသတစ်ခုလည်း ဖြစ် သည်။
၂၀၂၀ တွင် မာလီ၌ အာဏာသိမ်းခဲ့ပြီးနောက် ၂၀၂၁ မတ်လတွင် နိုင်ဂျာ၌ အာဏာသိမ်းရန် ကြံစည်မှု ပေါ်ပေါက်ခဲ့ သော်လည်း မအောင်မြင်ခဲ့ပေ။ တစ်နှစ်ထဲမှာတင် ချက်ဒ်၌ အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီး ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ နှင့် အောက်တိုဘာတို့တွင် ဂီနီယာနှင့် ဆူဒန်တို့၌ အာဏာသိမ်းမှုများ အသီးသီး ပေါ်ပေါက်ခဲ့ ပြန်သည်။
ထို့ကြောင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ကပင် အာဖရိက၌ အာဏာသိမ်းမှုဆိုင်ရာ ကပ်ရောဂါ ဖြစ်ပွားနေပြီဟု ပြောယူခဲ့ရသည်။
ရှီကျင့်ဖျင်နဲ့ အာဖရိကခေါင်းဆောင် တစ်ဦးကို တွေ့ရစဉ်
အမေရိကန်သည် လူ့အခွင့်အရေးအတွက် ပြယုဂ်တစ်ခု မဟုတ်ခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ ထိုအခြေအနက လူ့အခွင့်အရေးထက် ပထဝီနိုင်ငံရေး အခြေအနေများကို ပိုပြီးဦးစားပေးခဲ့ကာ ထုတ်ဖော်ထားသော တန်ဖိုးများ ထက် အကျိုးစီးပွားကိုသာ ပိုပြီး ဦးစားပေး လျက်ရှိသည်ကို တွေ့ရသည်။
ထို့ကြောင့် အာဖရိကတိုက်အတွင်းမှ ဒီမိုကရေစီရေးရာ ဆုတ်ယုတ်မှုများက အမေရိကန်အတွက် ထိခိုက်မှု မရှိသော အခြေအနေပင် ဖြစ်သည်။
ခေါင်းဆောင်မှု ကောင်းရှိနေခြင်းက အာဖရိကနိုင်ငံများအတွက် ချမ်းသာသော၊ အင်အားကောင်းသော တခြား နိုင်ငံများနှင့် ညှိနှိုင်းဆွေးနွေးမှု လုပ်ရာတွင် ပို၍ ကောင်းမွန်သော ရလာဒ်များကို ဖြစ်လာစေမည်ဖြစ်သည်။
ထို့အပြင် ဘိုင်ဒန်အစိုးရ အနေဖြင့် ၎င်းတို့ ပြောဆိုခဲ့သလို ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးကိစ္စ ရပ်များတွင် ၎င်းတို့ ပြောဆိုခဲ့သလို အင်အားမြှင့်တင်ရန် အခွင့်အရေး ရရှိခဲ့ပါလျက် မည်သည့် အတွက်ကြောင့် လက်လွှတ် ခံခဲ့ပါသလဲဟု မေးခွန်းထုတ်ရန် ဖြစ်လာသည်။
ဘိုင်ဒန်သည် ယခုနှစ် အစောပိုင်းတွင် ထိုသို့သော အခွင့်အရေး မျိုးရရှိခဲ့သည်။ ရုရှား၏ ယူကရိန်း ကျူးကျော်စစ် ဖြစ်ပွားပြီး အမေရိကန်သည် ကုလသမဂ္ဂတွင် အာဖရိကနိုင်ငံများ၏ ထောက်ခံမှုကို မရရှိခဲ့ပေ။
ကုလလူ့အခွင့်အရေးကောင်စီ၌ ရုရှား၏ အဖွဲ့ဝင် ဖြစ်မှုနှင့်ပတ်သက်၍ ပိတ်ပင်ရန် မူကြမ်းအပေါ် မဲပေးရာတွင် အာဖရိက ၅၄ နိုင်ငံမှ ၁၀ နိုင်ငံကသာလျှင် ထောက်ခံကြောင်း မဲပေးခဲ့သည်။ ၉ နိုင်ငံက ကန့်ကွက်ခဲ့ကာ ကျန်နိုင်ငံ များက ကြားနေ သို့မဟုတ် မဲပေးမှု မလုပ်ခဲ့ကြပေ။ အဆိုးရွားဆုံး အခြေအနေမှာ အမေရိကန်၏ အာဖရိကဒေသ အကြီးဆုံး မိတ်ဖက်ဖြစ်သော တောင်အာဖရိကနိုင်ငံကပါ ကြားနေအဖြစ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ရှီကျင့်ဖျင်၊ ပူတင်နဲ့ အာဖရိက ခေါင်းဆောင်တစ်ဦးကိုတွေ့ရစဉ်
လက်ရှိအချိန်တွင် ဘိုင်ဒန်အစိုးရက ၎င်းတို့အနေဖြင့် အာဖရိကဒေသကို တစ်ဖက်သတ် ဦးဆောင်ခြင်းမျိုး မဟုတ် ဘဲ အပြန်အလှန် အကျိုးစီးပွားနှင့် အပြန်အလှန် လေးစားမှုတို့ကို အခြေခံသည့် အစီအစဉ်ဖြင့် အိုဘားမား အစိုးရ လက်ထက်မှ လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်သွားလိုသည်ဟု ပြောသည်။
အာဖရိကအတွက် အကောင်းဆုံး အကျိုးဖြစ်ထွန်းစေမယ့် မူဝါဒများ ဆောင်ရွက်ခြင်းဖြင့် အာဖရိကမှ မိတ်ဆွေများ အပေါ် အမိန်ပေးခြင်းမျိုး မဟုတ်ဘဲ ဆွေးနွေး နားထောင်ပေးသွားမည်ဟုလည်း ကတိပြုသည်။ အမေရိကန်တို့၏ သဘောထားမှာ အာဖရိကနိုင်ငံများကို တရုတ်နှင့်အမေရိကန် မည်သည့်ဘက်တွင် နေသွားမည်လဲကို ရွေးချယ်ရန် တောင်းဆိုသွားမည် မဟုတ်ဘဲ ရွေးချယ်နိုင်သည့် နိုင်ငံတစ်ခုအဖြစ် ရှိနေပေးမည့် အနေအထားဖြစ်သည်။
ထို အနေအထားမျိုးက အာဖရိကတိုက် ခေါင်းဆောင်များအတွက် တရုတ်ကိုပို၍ အလေးသာ စေမည်မှာ မှန်သော် လည်း ပြုလုပ်ခဲ့သော စစ်တမ်း ကောက်ယူမှုများတွင်တော့ အာဖရိက ဒေသခံများတွင် အမေရိကန်နှင့် ပတ်သက် သည့် အကောင်းမြင်မှု ရှိနေဆဲဆိုသည်ကို ဖော်ပြနေသည်။
အမေရိကန်သည် အာဖရိက နိုင်ငံများအတွက် နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ကောင်းမွန်သော လွှမ်းမိုးမှု ရှိသည်ဟု ယုံကြည်သူ အရေအတွက်မှာ ၆၀ ရာခိုင်နှုန်းအထိ ရှိနေသည်။ ၎င်းက တရုတ်၏ ၆၃ ရာခိုင်နှုန်းထက် အနည်းငယ်သာ ကွာဟသည်။
ထို့နောက် ရုရှားက ၃၅ ရာခိုင်နှုန်းနှင့် ကိုလိုနီ နိုင်ငံဟောင်းများက ၄၆ ရာခိုင်နှုန်းဖြင့် အသီးသီး ရပ်တည်နေသည်။ ၎င်းက အာဖရိကန်များ အနေဖြင့် ၎င်းတို့၏ နိုင်ငံခြားဆက်ဆံရေး အခြေအနေများကို သူသေ-ငါရှင် သဘောမျိုး ရှိမနေသည်ကို ညွှန်းဆိုကာ ၎င်းတို့အနေဖြင့် တခြားအင်အားကြီး နိုင်ငံတစ်ခုခုနှင့် မပတ်သက်ဘဲ မနေလိုသည် ကိုလည်း ဖော်ပြနေသည်။
အာဖရိက ခေါင်းဆောင်များ အနေဖြင့် နိုင်ငံတစ်ခုခုကို အပြီးသတ် ရွေးချယ်လိုက်သည်ထက် ၎င်းတို့ အကျိုးစီးပွား ကို ရှေးရှုကာ ရောနှောနေထိုင်နေကြခြင်း ဖြစ်သည်။
မိတ်ဖက်နိုင်ငံအဖြစ် ရွေးမည်ဆိုလျှင် အမေရိကန်သည် တရုတ်နိုင်ငံက ဆောင်ရွက်ခဲ့သလောက်ကို ဦးစွာ ဆောင် ရွက်ရမည် ဖြစ်သည်။ သို့သော် အိုဘားမား အစိုးရလက်ထက် ညီလာခံ ဆောင်ရွက်ပြီးနောက် နောက်ထပ် ညီလာခံ တစ်ခုကို ကျင်းပရန် ၈ နှစ်ကြာ စောင့်ဆိုင်းခဲ့ခြင်းနှင့် ထိုကာလအတွင်း မည်သည့်ဆက်စပ် ဆောင်ရွက်မှုမှ မလုပ် ဆောင်ခဲ့ခြင်းက ပြောစရာအဖြစ် ရှိနေသည်။
ဆူဒန်အာဏာသိမ်းမှု ဆန့်ကျင်နေသူများကိုတွေ့ရစဉ်
ထိုသို့ မလုပ်ဆောင်ခဲ့ခြင်းအပြင် ဒေါ်နယ်ထရမ့် လက်ထက် ဝေဖန်မှုများနှင့် အာဖရိကနိုင်ငံများကို “ ချီးထုပ် နိုင်ငံများ” ဟု ပုတ်ခတ်ခဲ့ခြင်းကလည်း အမေရိကန် - အာဖရိက ဆက်ဆံရေး ပြန်လည် ရင်ကြားစေ့စေရန် ခက်ခဲစေလျက်ရှိသည်။
မည်သို့ပင်ဆိုစေကာမူ နှစ်ပေါင်းများစွာ လျစ်လျူရှုခဲ့ပြီးနောက် ဘိုင်ဒန်အစိုးရသည် အာဖရိကတွင် မြင့်တက်လာ သော စိန်ခေါ်မှုများကို အမေရိကန်ဘက်က ကူညီဖြေရှင်းပေးလိုသည်ဟု ယခုပြောလာပြီ ဖြစ်သည်။
ကူညီလိုသော ကဏ္ဍများတွင် “ နိုင်ငံရေး မတည်ငြိမ်မှု၊ လက်နက်ကိုင် အဖွဲ့များ၊ ဒီမိုကရေစီ နောက်ကြောင်း ပြန်မှု၊ ကူးစက်ရောဂါ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနှင့် ရာသီဥတု ပြောင်းလဲမှုများ ပါဝင်သည်ဟု အမေရိကန် ကာကွယ်ရေးဌာနက ထုတ်ပြန်ထားသည်။ အာဖရိကဒေသသည် ဆင်းရဲမွဲတေမှု၊ မလုံခြုံမှု၊ ဦးဆောင်သူ ညံ့ဖျင်းမှု စသည်တို့နှင့် ရုန်းကန်နေရသော ဒေသလည်း ဖြစ်သည်။
ထိုသို့သော စိန်ခေါ်မှုများကို ဖြေရှင်းရန် အမေရိကန် ပြည်ထဲရေးဌာနက ၎င်းတို့၏ အာဖရိက မဟာဗျူဟာသစ် တွင် မလုံခြုံမှု၊ အကြမ်းဖက်မှုများကို ဖြစ်စေသည့် အကြမ်းဖက်ဝါဒကို တွန်းလှန်ရန်၊ လုံခြုံရေးကို မြှင့်တင်ရန် စသည့် အကြောင်းအရာများထက် စီးပွားရေးကို မြှင့်တင်ရန်၊ အစားအစာလုံခြုံမှု၊ ပညာရေးနှင့် လူငယ် ဦးဆောင်မှု တို့ကို မြှင်တင်ရန် စသည်တို့ကိုသာ ဦးစားပေး ထားသည်။
ထိုသို့ ပျော့ပြောင်းပြီး ယေဘူယျ ဆန်သော သံတမန်ရေးရာ အကြောင်းအရာများကို ဦးစားပေးထားခြင်းကြောင့် လည်း ဘိုင်ဒန်အစိုးရ၏ အာဖရိကဒေသနှင့် ပတ်သက်သည့် အလေးအနက်ထားမှုသည် အပြောသက်သက်ပဲလား ဆိုသည့် မေးခွန်းများလည်း ပေါ်ထွက်လာပြန်သည်။
ထို့ကြောင့် အမေရိကန်အနေဖြင့် ခိုင်မာသည့် လုပ်ဆောင်ချက်များ မဖြစ်မနေ ဆောင်ရွက်ဖို့ လိုအပ်ပြီး ပုဂ္ဂလိက နှင့် အများပိုင်ဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း၊ ကောင်းမွန်သော အုပ်ချုပ်မှုပုံစံများကို ချီးမြှင့်ခြင်း၊ G20 တွင် အာဖရိက သမဂ္ဂ၏ပါဝင်မှုကို ထောက်ပံ့အားပေးခြင်းနှင့် လာမည့်နှစ် အနည်းငယ်အတွင်း အမေရိကန်-အာဖရိက ညီလာခံတစ်ခုကို ထပ်မံကျင်းပကာ ယခုနှစ် ညီလာခံမှ ဆုံးဖြတ်ချက်များကို ပြန်လည် သုံးသပ်ရန် လိုအပ်သည်။
ထိုသို့သော အခြေအနေများကြောင့် အမေရိကန်နိုင်ငံ အနေဖြင့် ၎င်းတို့သည် အာဖရိကကို မေ့မထားကြောင်း အာဖရိကတိုက် တစ်ခုလုံးကို သိအောင်ပြရန် မဖြစ်မနေ လိုအပ်နေမည်ဖြစ်ကာ ထိုသို့မဟုတ်ပါက အာဖရိက တိုက်၏ မေ့ထားခြင်းကို ခံရမည်မှာ သေချာသည်။
Source: အယ်ဂျာဇီးယား
အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြထားသော Marwan Bishara ၏ “The US scramble for Africa” ဆောင်းပါး ကို CNI သတင်းဌာနက ဆီလျှော်အောင် ဘာသာပြန်ဆို ထားပါသည်။
- By CNI
- Category: Watch TV
- Hits: 499
- By CNI
- Category: Watch TV
- Hits: 531
- By CNI
- Category: Watch TV
- Hits: 531

- By CNI
- Category: ရုရှား-ယူကရိန်းအရေး
- Hits: 1233
CNI International News
ကိယတ်ဗ်၊ ဒီဇင်ဘာ ၁၇
ယူကရိန်းစစ်ပွဲကာလ ၁၀ လအတွင်းသို့ ရောက်ရှိလာချိန်တွင် နှစ်ဖက်စလုံးသည် အင်အားကျဆင်းလာသော ရှေ့ မတိုးသာ နောက်မဆုတ်သာ အခြေအနေသို့ ရောက်ရှိလာခြင်းကြောင့် တိုက်ပွဲများ ပြန်လည် ပြင်းထန်လာနိုင် ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ခန့်မှန်းသည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။
လက်ရှိ မတင်မကျ အနေအထားမှာ ယူကရိန်းအတွက် ပိုမိုအကျိုးအမြတ် ရှိစေနိုင်သည်ဟု လေ့လာသူများက ပြောသည်။ အနောက်အုပ်စုမှ ထောက်ပံ့သော လက်နက်များကို လက်ခံခြင်းနှင့် တန်ပြန် ထိုးစစ်အသစ်များ အတွက် ကြိုတင်ပြင်ဆင်မှုတို့ကို လုပ်ဆောင်နိုင်ခြင်းတို့ကြောင့် ဖြစ်သည်။
သို့သော် ရုရှားတွင် သမ္မတပူတင်၏ ချီတုံချတုံဖြစ်မှုနှင့် မဟာဗျူဟာအရ ရှင်းလင်းပြတ်သားမှု မရှိခြင်းတို့ အပေါ် စိတ်ပျက်မှုများ ပိုတိုးလာသည်။
စစ်မြေပြင်တွင် အေးခဲမှုများ ရှိလာသည်နှင့်အမျှ တိုက်ပွဲများ ပြန်လည် ပြင်းထန်လာကာ ရုရှားတို့ သိမ်းပိုက်ထား ရာ ယူကရိန်းတောင်ပိုင်း ဧရိယာများသည် ယူကရိန်းတပ်များ၏ နောက်ထပ် စစ်ရေး ပစ်မှတ်များ ဖြစ်လာနိုင်သည် ဟု စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူများက ပြောသည်။
ပူတင်နဲ့ ရုရှားစစ်သားများကိုတွေ့ရစဉ် (AP)
အေးခဲနေသော ရာသီဥတု အခြေအနေတွင် စစ်ဆင်ရေးများ လုပ်ဆောင်ရန် ခက်ခဲသော်လည်း စစ်ရေး လေ့ကျင့်မှု များ ပိုမိုလုပ်ဆောင်နိုင်သည်ဟု လုံခြုံရေးကုမ္ပဏီ အကြီးအကဲဖြစ်သူ ဗြိတိန်တင့်ကား အရာရှိဟောင်း ဂျက်စတင် ခရမ့် (Justin Crump) ကပြောသည်။
ယူကရိန်းတပ်များသည် ဇာပေါ်ရဇ်ဇီယာ (Zaporizhzhia) ဒေသ တောင်ပိုင်းရှိ ဒေသများကို ပြန်လည် သိမ်းပိုက် ရန်နှင့် အဇော့ပင်လယ် (Sea of Azov) ရှိ မာရီပိုလ် (Mariupol) ဆိပ်ကမ်းသို့ ထိုးစစ်ဆင်ရန် ကြိုးပမ်းနိုင်သည်ဟု လည်း ခရမ့်ကပြောသည်။
ထိုသို့ ပြုလုပ်ခြင်းဖြင့် ယူကရိန်းတပ်များသည် ရုရှား၏ ခရိုင်းမီးယားသို့ သွားရာလမ်းကြောင်းများကို ဖြတ်တောက် နိုင်မည်လည်း ဖြစ်သည်။
ဇာပေါ်ရဇ်ဇီယာသည် ယူကရိန်းတပ်များ ထိုးစစ်ဆင်မည့် ဒေသဟုလည်း ယူကရိန်းနိုင်ငံသား လေ့လာ သုံးသပ်သူ အိုလက် ဇာဒါနော့ဗ် (Oleh Zhdanov)က ပြောသည်။
ပြီးခဲ့သည့် နှစ်များအတွင်း ရုရှားသည် စစ်ဘက်ဆိုင်ရာ အရေးနိမ့်မှုများနှင့် ရင်ဆိုင်ခဲ့ရခြင်းကြောင့် စွန့်လွှတ်လိုက်ရ သော ဒေသများကို ပြန်သိမ်းရန် အရန်တပ်ဖွဲ့ဝင် ၃၀၀၀၀၀ ကို ခေါ်ခဲ့ရသည်။
ထိုသူများမှ တစ်ဝက်ခန့်မှာ လေ့ကျင့်ရေး ကာလတွင်သာ ရှိနေဆဲဟု ပူတင်က ပြောသည်။ ၎င်းက ရုရှားသည် ကြုံရာတပ်ဖွဲ့များကို စစ်မြေပြင်သို့ စေလွှတ်ခြင်းကြောင့် စွမ်းရည် ပိုကောင်းသော တပ်ဖွဲ့ဝင်များ ဖြည့်တင်းနိုင်ရန် အားထုတ်မှုဟု ခရမ့်က ပြောသည်။
Source: AP

- By CNI
- Category: နိုင်ငံရေး
- Hits: 1018
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၇
ကုလသမဂ္ဂမှာ အမြဲတမ်း ကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက် ထားရှိသည့်အတွက် သံတမန် ရေးရာတွင် အောင်မြင်မှုဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။
ဦးကျော်မိုးထွန်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ခန့်အပ်သည့် ဝန်ကြီးဖြစ်သည့်အတွက် သက်ရောက်မှု ရှိလာမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဦးကြီးမြင့်က “ဒါကတော့ သံတမန်ရေးအရ အောင်မြင်မှုပေါ့၊ အာဖကန်နစ္စတန်ရယ်၊ ဗမာရယ်ကို ဆက်ထားတယ်၊ သံတမန်ရေးရာ အောင်မြင်မှုလို့ သုံးသပ်လို့ရတယ်၊ ကုလသမဂ္ဂမှာ ဘာဖြစ်ဖြစ် ဗမာရဲ့ အသံကို ပြောခွင့်တော့ ရှိနေသေးတာပဲ၊ အဲဒီသဘောရှိပါတယ်။ ဒါ NUG ရဲ့ ဝန်ကြီးပဲ၊ ဒါ NUG က ခန့်တဲ့ ဝန်ကြီးလေ၊ သက်ရောက်မှု ရှိတာပေါ့၊ NUG က ခန့်တဲ့ သံအမတ်ကြီးပဲ၊ သက်ရောက်မှု ရှိတာပေါ့နော်” ဟု CNI သတင်းဌာနသို့ ပြောသည်။
ဦးကျော်မိုးထွန်းကို ကုလကိုယ်စားလှယ်အဖြစ် လက်ခံပေးရန်တောင်းဆိုနေကြစဉ် (Kyaw Soe Latt)
ဦးကျော်မိုးထွန်းအား ဒီဇင်ဘာ ၁၇ ရက်နေ့ (၇၇)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ကုလမှာ သံအမတ်အဖြစ် အတည်ပြုလိုက်ခြင်းဖြစ်ပြီး လာမည့် ၂၀၂၃ နှစ် ကုလသမဂ္ဂ အထွေထွညီလာခံ ကျင်းပမည့် စက်တင်ဘာလအထိ ဆက်လက် တာဝန်ယူရမှာ ဖြစ်ကြောင်း သိရသည်။
ကုလသမဂ္ဂ အထွေထွေညီလာခံ၏ စည်းမျဉ်း ၂၉ အရ လက်ရှိ ရှိနေသည့်သူကို ဆက်လက် ထားရှိသည့်သဘော သက်ရောက်ကြောင်း သို့သော်လည်း ဘယ်အဖွဲ့ကိုမှ အသိအမှတ်ပြုသည့် သဘောမဟုတ်ဟု သိရကြောင်း နစက ၏ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက VOA သတင်းဌာနသို့ ပြောကြားထားသည်။
ဦးကျော်မိုးထွန်း အနေဖြင့် မြန်မာနိုင်ငံကို ကိုယ်စား ပြု/မပြုဆိုသည်မှာ အမျိုးမျိုး ဖြစ်နေကြောင်း၊ မည်ကဲ့သို့ အပြောင်းအလဲ ဖြစ်လာမလဲဆိုသည်ကို စောင့်ကြည့်ရုံသာရှိကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြောသည်။
ဒီမိုကရေစီအရေး တောင်းဆိုနေကြစဉ် (GETTY IMAGES)
၎င်းက “ဦးကျော်မိုးထွန်းကလည်း လွန်ခဲ့တဲ့ နှစ်ကလည်း အဲဒီလို တာဝန်ယူထားခဲ့တာတော့ ကျနော်တို့ တွေ့ တယ်၊ အဲဒါက နိုင်ငံကို ကိုယ်စားပြုသလား၊ မပြုသလားတော့ အမျိုးမျိုးပဲ၊ ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံရဲ့ အမြဲတမ်း ကိုယ်စားလှယ်အဖြစ် ဒီအတိုင်း ဆက်ထားမယ်လို့ ပြောတယ်၊ နိုင်ငံကို ကိုယ်စားပြုပြီး သူက မိန့်ခွန်း ပြောခွင့်ရတဲ့ပုဂ္ဂိုလ် မဟုတ်ဘူး။ အဲဒါကြောင့် အပြောင်းအလဲ ဘယ်လောက် ဖြစ်လာမလဲဆိုရင် လွန်ခဲ့တဲ့ တစ်နှစ် မှာလည်း ကျနော်တို့ ကြည့်တယ်၊ ကုလသမဂ္ဂကလည်း ဘာမှ မြန်မာနိုင်ငံကိစ္စမှာ အပြောင်းအလဲ လုပ်ပေးနိုင်တဲ့ အဖွဲ့အစည်းပုံစံမျိုး မဟုတ်တဲ့ ပုံစံမျိုး ဖြစ်နေတယ်၊ အဲဒါကြောင့် အခုချိန်မှာ ဘယ်လောက် အပြောင်းအလဲ ဖြစ်လာမလဲဆိုတော့က စောင့်ကြည့်ရုံပဲရှိတယ်၊ ဖြစ်လာမလား၊ မဖြစ်လာဘူးလားဆိုတာ ကျနော်တို့လည်း အဲဒီလို သုံးသပ်ဖို့ အခက်အခဲရှိတယ်” ဟု ပြောသည်။
နိုင်ငံတကာသံတမန် အသိုင်းအဝိုင်းနှင့် ပြည်တွင်း သံတမန် အသိုင်းအဝိုင်းကြားမှာတော့ နစက နှင့် NUG တို့သည် ၎င်းတို့က တင်သွင်းသည့် ကုလအမြဲတမ်း ကိုယ်စားလှယ်ကို ခန့်အပ်ပေးရေး အပြိုင်ကြိုးပမ်း လျက်ရှိနေသည်။
လက်ရှိ ကုလက ဦးကျော်မိုးထွန်းကို ကိုယ်စားလှယ်အဖြစ် သတ်မှတ်ခြင်းက NUG ၏ ကိုယ်စားလှယ်အဖြစ် သတ်မှတ်ခြင်းမဟုတ်ဘဲ ယခင် အစိုးရများလက်ထက်မှ ကိုယ်စားလှယ် အနေဖြင့်သာ လက်ခံခြင်း ဖြစ်ကြောင်း သိရသည်။
- By CNI
- Category: Watch TV
- Hits: 567
- By CNI
- Category: Watch TV
- Hits: 517
- By CNI
- Category: နိုင်ငံရေး
- Hits: 1487
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၆
ထိုင်းနိုင်ငံတွင် နစ်နာကြေးမပေးဘဲ မြန်မာရွှေ့ပြောင်းအလုပ်သမား အများအပြား အကြောင်းမဲ့ အလုပ်ထုတ်ခံ နေရကြောင်း ထိုင်းရှိ မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။
ယခင်ကလည်း မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ထိုသို့ အကြောင်းမဲ့အလုပ်ထုတ်ပစ်ခြင်းများ ကြုံတွေ့ရသော်လည်း နည်းပါးခဲ့ပြီး လက်ရှိတွင် စက်ရုံ၊ အလုပ်ရုံ အများအပြားမှ အလုပ်ထုတ်ခံရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ အများအပြားဖြစ်လာကြောင်း ထိုင်းရှိ မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။
ထိုသို့ အလုပ်ထုတ်ခံရသည့် မြန်မာများမှာ MOU ဖြင့် လုပ်ကိုင်နေသူများ၊ ယာယီ နေထိုင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ကိုင်ဆောင်ထားသူများ၊ တရားမဝင် အလုပ်လုပ်ကိုင်နေသူများ ဖြစ်ကြောင်း ထိုင်းတွင် မြန်မာ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
“အခုက ထိုင်းနိုင်ငံထဲမှာ တော်တော်များများက အကြောင်းမဲ့ ဘာလို့ အလုပ်ဖြုတ်လဲလို့ မေးရင် ဒီ အလုပ်ဖြုတ် ခြင်းက ရေပန်းစားနေတာက အလုပ်သမားအသစ်တစ်ယောက် လာပြီးတော့လျှောက်ရင် အဲဒီမှာ အလုပ်လျှော က်ခ ပေးရတယ်။ လူတစ်ယောက်ကို ဘတ် ၂၀၀၀ ကနေ ၄၀၀၀ လောက်အထိ ပိုက်ဆံပေးပြီးမှ အဲဒီစက်ရုံ၊ အလုပ်ရုံထဲကို အလုပ်ဝင်ရတယ်။ ဒါကြောင့်မို့လို့ အလုပ်ခွင်ထဲမှာရှိတဲ့ တာဝန်ရှိတဲ့ HR တွေက သူတို့နဲ့ နီးစပ်တဲ့ မြန်မာစကားပြန်တွေ၊ လူပွဲစားတွေပေါ့ အဲဒီလိုလာပြီးတော့ အလုပ်လာသွင်းတယ်။ ၁၀ ယောက်တို့ အယောက် ၂၀၊ ၃၀ တို့ အဲဒီလို လာသွင်းရင် သူတို့ ပိုက်ဆံရတယ်။ ပိုက်ဆံရတော့ အလုပ်သမားအဟောင်းတွေကို အကြောင်းမဲ့ အလုပ်ဖြုတ်လိုက်တယ်။ ဒါတစ်ချက်ပေါ့။ MOU အလုပ်သမားတွေဆိုရင်လည်း စာချုပ်ချုပ်တုန်း က ဒီလိုမဟုတ်ဘူးပေါ့။ စာချုပ်ထဲကအတိုင်း ပေးပါဆိုရင် အဲဒီအလုပ်သမား auto အလုပ်ဖြုတ်ခံရတယ်။ သူတို့က အလုပ်ထုတ်လိုက်ပြီဆိုရင် နေစရာပါ မရှိတော့ဘူးလေ။ အလုပ်ဖြုတ်ခံရပြီဆိုရင် အခန်းပါ မပေးတော့ဘူးလေ။ အခန်းပါမပေးတော့ဘူးဆိုရင် အလုပ်သမားတွေက ဒီအခန်းကနေပါ ထွက်ပေးရတယ်ဆိုတော့ သူတို့ ပိုပြီးတော့မှ ဒုက္ခရောက်တာပေါ့။ ပြန်လည်တရားစွဲဖို့ဆိုတာလည်း သူတို့ မလွယ်ဘူးပေါ့” ဟု ပြောသည်။
အလုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမားများ လျော်ကြေးငွေရရှိခဲ့စဉ်
MOU ဖြင့် လုပ်ကိုင်နေသူများ၊ အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ကိုင်ဆောင်ထားသူများ အကြောင်းမဲ့ အလုပ် ထုတ်ခံရပါက အလုပ်သမားအဖွဲ့အစည်းများမှ တရားဝင်နည်းလမ်းဖြင့် နစ်နာကြေးငွေရရှိရန် ကူညီဆောင်ရွက် ပေးရသည်မှာ လွယ်ကူသည့်အပြင် အမှန်တကယ်လည်း နစ်နာကြေးငွေရရှိကြကြောင်း ထိုင်းရှိ မြန်မာ အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။
သို့သော် တရားမဝင် ဝင်ရောက်၍ လုပ်ကိုင်နေသူများဖြစ်ပါက အလုပ်ရှင်အား အကျိုးအကြောင်းညှိနှိုင်း၍ လျော်ကြေးငွေအဖြစ် လမ်းစရိတ်(သို့မဟုတ်) ရက်အချို့စာအတွက် လုပ်အားခကိုသာ နစ်နာကြေးအဖြစ် ရရှိကြကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် တရားမဝင် အထောက်အထားမဲ့များအား လိုက်လံဖမ်းဆီးနေသည့်အတွက် အလုပ်ရှင်များမှ အရေးယူခံရမည်ကို စိုးရိမ်သည့်အတွက် လုပ်ငန်းခွင်အတွင်းရှိ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား လက်ရှိတွင် အလုပ်ထုတ်နေခြင်းဖြစ်ကြောင်း FED မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က CNI သတင်းဌာနသို့ ပြောသည်။
“ထိုင်းကဖမ်းဆီးမှုတွေ များလာမှာမို့လို့ သူတို့အရင်တုန်းက တရားမဝင်လက်မှတ်မရှိတဲ့လူတွေကို သူတို့ ခန့်ထား တာရှိတယ်။ နောက်တစ်ခုက အလုပ်မတူတဲ့ အလုပ်သမားတွေကို ခန့်ထားတာလည်း ကြုံရတယ်။ MOU နဲ့ လာတယ်။ ဥပမာ ဒီမှာ ပန်းရံလုပ်မယ်ဆိုရင် ပန်းရံပဲ လုပ်ရတာ။ ဒါကို သူတို့က ပန်းရံလာလုပ်မယ်ဆိုပြီးတော့ တခြား ဥပမာ စားသောက်ဆိုင်မှာ လုပ်တယ်။ ဒါဆိုရင်လည်း ထိုင်းဥပဒေအရ ငြိစွန်းတယ်လေ။ ငြိစွန်းတယ် ဆိုတော့ အဲဒါမျိုးတွေကို ပြန်ဖြုတ်လိုက်တာတို့ လက်မှတ်တွေကို ပြန်စိစစ်တာတို့ အဲဒါမျိုးတွေကိုတော့ ကြပ်ကြပ်မတ်မတ်လုပ်တာမျိုးတော့ တွေ့ရတယ်။ ထိုင်းက သတ်မှတ်ထားတဲ့ ဥပဒေနဲ့ ငြိစွန်းတာတို့ဆို ထိုင်း လုပ်ငန်းရှင်တွေက သူတို့လည်း အန္တရာယ်ရှိတယ်လေ။ သူတို့ပါ အပြစ်ပေးအရေးယူမှာပေါ့ ထိုင်း ဥပဒေအရ။ ဆိုတော့ အဲဒီလိုမျိုး အလုပ်မတူတဲ့လူတို့ လက်မှတ်မရှိတဲ့ လူတို့ အဲဒါတွေကို ဖြုတ်တယ်၊ လူလျှော့တာတွေ တွေ့နေရတယ်” ဟု ၎င်းက ပြောသည်။
ဒီဇင်ဘာ ၉ ရက်နေ့က အလုပ်မရသဖြင့် ဆန္ဒပြခဲ့ကြသည့် မြန်မာအလုပ်သမား ၅၀၀၀ ကျော်
ထို့အပြင် ဒီဇင်ဘာ ၉ ရက်နေ့ကလည်း ထိုင်းနှင့် မြန်မာပွဲစားများက ပင်လယ်စာစက်ရုံကြီးတစ်ခုတွင် အလုပ် ဝင်ခွင့်ရမည်ဟုဆို၍ ထောင်နှင့်ချီသော မြန်မာများအား ငွေကြေးလိမ်လည်တောင်းခံခဲ့ပြီး ၆ လခန့် ကြာသည်အထိ အလုပ်မရရှိသေးသည့်အတွက် မြန်မာ ၅၀၀၀ ကျော်သည် ထိုင်းနိုင်ငံအလုပ်သမား ကူညီစောင့်ရှောက်ရေး ရုံးရှေ့တွင် ဆန္ဒပြခဲ့ကြသေးသည်။
ထိုသူများနှင့်ပတ်သက်၍ အလုပ်သမားအရေးဆောင်ရွက်သူများနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီးနောက် ၎င်းတို့ အလုပ်ရရှိရန်နှင့် လိမ်လည်ခံရသည့် ငွေကြေးများအား ပြန်လည်ရရှိရန် ထိုင်းအာဏာပိုင်များက ဆောင်ရွက်ပေးသွားမည်ဟု အဖြေထွက်ပေါ်လာခဲ့ကြောင်းသိရသည်။
လက်ရှိတွင် မြန်မာအလုပ်သမားများအနေဖြင့် လုပ်ခလစာ ခေါင်းပုံဖြတ်ခံရခြင်း၊ အကြောင်းမဲ့ နစ်နာကြေး မပေးဘဲ အလုပ်ထုတ်ခံရခြင်း၊ အလုပ်သမားခံစားခွင့်အပြည့်အဝမရရှိခြင်းတို့နှင့် ကြုံတွေ့ရပါက အလုပ်သမား အရေးဆောင်ရွက်နေသူများအား အကူအညီတောင်းခံနိုင်သကဲ့သို့ မိမိတို့ မြို့နယ်ရှိ အလုပ်သမား ကာကွယ် စောင့်ရှောက်ရေးရုံးတွင်လည်း တိုင်ကြားနိုင်ကြောင်း ထိုင်းရှိ မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက အကြံပြုထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1002
CNI News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၆
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက် ၂၀၁၅- ၂၀၂၀ တွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးကေဆိုင်းသည် ယနေ့ (ဒီဇင်ဘာ ၁၆ ရက်)တွင် ခရစ်တော်၌ အိပ်ပျော်သွားကြောင်း သိရသည်။
ဦးကေဆိုင်းသည် ကျန်းမာရေး မကောင်းသည်မှာ ကြာမြင့်ပြီးဖြစ်ကြောင်း၊ ယနေ့ (ဒီဇင်ဘာ ၁၆ ရက်)တွင် ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ၎င်း၏ နေအိမ်မှာ ခရစ်တော်၌ အိပ်ပျော်သွားကြောင်း သိရသည်။
ဦးကေဆိုင်း ရွေးကောက်ပွဲအနိုင်ရသည့် ရလဒ်ကိုတွေ့ရစဉ်
ဦးကေဆိုင်းသည် တနိုင်းမြို့နယ်၊ ရှင်ဗွေယံမြို့မှာ မွေးဖွားခဲ့သူဖြစ်ပြီး သားသမီး လေးဦးရှိသည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကိုယ်စားပြု၍ နန်းယွန်းမြို့နယ်ကနေ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်သည်။

- By CNI
- Category: ရုရှား-ယူကရိန်းအရေး
- Hits: 1769
CNI International News
ကိဗ်ယက်၊ ဒီဇင်ဘာ ၁၆
အမေရိကန်အနေဖြင့် နောက်ဆုံးပေါ် လေကြောင်းကာကွယ်ရေး ဒုံးကျည်များကို ယူကရိန်းသို့ပေးပို့မည်ဆိုပါက ၎င်းမှာ နောက်ထပ်ရန်စမှုတစ်ခုဖြစ်ကာ ရုရှား၏ တုန့်ပြန်မှုများနှင့် ရင်ဆိုင်သွားရမည်ဟု ရုရှား နိုင်ငံခြားရေးဌာန က ကြာသပတေးနေ့တွင် သတိပေးခဲ့ကြောင်း AP သတင်းတွင်ဖော်ပြသည်။
အမေရိကန်သည် မြေပြင်မှ ဝေဟင်ပစ် Patriot ဒုံးကျည်များကို ယူကရိန်းသို့ ထောက်ပံ့ပေးသွားမည်ဟု သတင်း များတွင် ဖော်ပြခဲ့ပြီးနောက် ယင်းသည် ယူကရိန်းစစ်ပွဲတွင် သိသိသာသာပါဝင်လာခဲ့ပြီဟု ရုရှားနိုင်ငံခြားရေးဌာန က ပြောခွင့်ရပုဂ္ဂိုလ် မာရီယာ ဇတ်ဟာရိုဗာ(Maria Zakharova) က ပြောသည်။
အဆိုပါ လက်နက်များအပြင် ယူကရိန်းစစ်ပွဲအတွင်း အမေရိကန်၏စစ်ဘက်ဆိုင်ရာကူညီထောက်ပံ့မှုများ များပြားလာခြင်းသည် ရန်လိုမှုတစ်မျိုးဖြစ်ကာ အကျိုးဆက်များရှိလာနိုင်သည်ဟုလည်း ဇတ်ဟာရိုဗာက ပြောသည်။ သို့သော်မည်သို့သောတုန့်ပြန်မှု အကျိုးဆက်ဖြစ်လာမည်ဆိုသည်ကိုတော့ ရှင်းလင်းခဲ့ခြင်းမရှိပေ။
ဒွန်နက်ဆက်ဒေသ၏ မြို့တော် ဒွန်နက်ဆက်တွင် ကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဘုရားကျောင်း၏ အမိုးတွင် ကျည်ပေါက်ရာကျန်ခဲ့သည်ကို ဒီဇင်ဘာ ၁၅ ရက်နေ့က တွေ့ရစဉ်(ဓါတ်ပုံ-အေပီ)
ယူကရိန်းကို Patriot ဒုံးလက်နက်များ အမှန်တကယ်ပေးပို့သွားရန် အတည်ပြုမှုစောင့်ဆိုင်းနေသည်ဟု အမေရိကန်တာဝန်ရှိသူများက အင်္ဂါနေ့တွင် ပြောခဲ့သည်။ ယင်းက ပိုမိုခေတ်မီသောလက်နက်များ ထောက်ပံ့ ပေးရန် ယူကရိန်းဘက်က တောင်းဆိုမှုကို ဖြည့်ဆည်းခဲ့ခြင်းဖြစ်ကာ မကြာခင်အတွင်း တရားဝင်ထုတ်ပြန် ကြေညာမည်ဟု ယူဆရသည်။
Patriot ဒုံးလက်နက်များကို စီမံရန်နှင့်ထိန်းသိမ်းရန်အတွက် တပ်ဖွဲ့ဝင် ၉၀ ခန့်လိုအပ်သည်။ ထို့ကြောင့် ယူကရိန်းသို့ အဆိုပါလက်နက်များထောက်ပံ့မည်ဆိုပါက တပ်သားများကိုပါ စေလွှတ်ရမည်ဖြစ်သောကြောင့် အမေရိကန်ဘက်က ယင်းသို့ပြုလုပ်ရန် လပေါင်းများစွာ တုံ့ဆိုင်းနေခြင်းဖြစ်သည်။
သမ္မတဂျိုးဘိုင်ဒန်အစိုးရ၏ ယူကရိန်းစစ်ပွဲအတွင်း တပ်သားများ မစေလွှတ်ရေးစနစ်ကြောင့် ဖြစ်သည်။ ဒုံး လက်နက်များနှင့်ပတ်သက်၍ ယူကရိန်းသို့ အမေရိကန်တပ်သားများ မစေလွှတ်သည့်တိုင် အဆိုပါလက်နက်များ ပေးပို့ခြင်းက ရုရှားကို ဆွပေးသလိုဖြစ်ကာ ၎င်းတို့သာ ရုရှားနိုင်ငံတွင်းသို့ ရောက်ရှိသွားပါက ပဋိပက္ခအခြေအနေ များ ပို၍ ဆိုးရွားလာမည်ကို စိုးရိမ်မှုများလည်း ရှိနေသည်။
ဒွန်နက်ဆက်ဒေသရှိ ဒွန်နက်ဆက်တွင် မီးလောင်ပေါက်ကွဲထားသော ကားတစ်စီးကို မီးသတ်သမားတစ်ဦးက ကြည့်နေစဉ်(ဓါတ်ပုံ-အေပီ)
အဆိုပါ သတင်းများမတိုင်ခင်ကတည်းက သမ္မတ ပူတင် ဦးဆောင်သည့် ရုရှားလုံခြုံရေးကောင်စီ ဒုတိယခေါင်း ဆောင် ဒီမီထရီ မက်ဗီဒက်ဗ် (Dmitry Medvedev) က ယူကရိန်းသို့ Patriots လက်နက်များနှင့် နေတိုးတပ် ဖွဲ့ဝင်များရောက်ရှိလာလျှင် ယင်းတို့သည် ရုရှားလက်နက်ကိုင်များအတွက် ပစ်မှတ်များဖြစ်လာလိမ့်မည်ဟု ပြောဆိုခဲ့ဖူးသည်။
ကာကွယ်ရေးဌာနကဘက်က ပြောဆိုခြိမ်းခြောက်မှုများအပေါ် ရုရှားအစိုးရဘက်မှ သဘောတူမှု ရှိမရှိနှင့် ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းမှုကို အစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်က သဘောတူကြောင်း ပြန်လည်ဖြေကြားခဲ့သော်လည်း အမေရိကန်ဘက်မှ ဒုံးလက်နက်များကို အမှန်တကယ်မပို့မချင်း ၎င်းတို့ဘက် မှလည်း ထိုကိစ္စနှင့်ပတ်သက်သည့် ပြောဆိုမှတ်ချက်ပေးမှုများကို ရှောင်ရှားသွားမည်ဟု ဆိုသည်။
Source:AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1119
CNI International News
ဝါရှင်တန်၊ ဒီဇင်ဘာ ၁၆
အာဖရိကတိုက်ကို ထောက်ပံ့ရန်နှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်ရန်အတွက် ဒေါ်လာ ဘီလီယံပေါင်းများစွာ အသုံး ပြုသွားမည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden)က ပြောကြားခဲ့ကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည်။
အာဖရိကခေါင်းဆောင်များနှင့် ညီလာခံတစ်ခုတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဝါရှင်တန်ဒီစီမြို့တွင် ပြုလုပ်ခဲ့သော အာဖရိကခေါင်းဆောင် ၄၉ ဦးနှင့် ညီလာခံ၌ အာဖရိကအနာဂတ်အတွက် အမေရိကန်နိုင်ငံမှ အလုံးစုံပုံအောမြှုပ်နှံထားသည်ဟု ဘိုင်ဒန်က ပြောသည်။
အဆိုပါ ညီလာခံသည် ၈ နှစ်တာကာလအတွင်း ပထမဆုံးသော အမေရိကန်ဘက်မှ လက်ခံကျင်းပသည့် အာဖရိကန်- အမေရိကန် ညီလာခံ ဖြစ်သည်။
၎င်းက တရုတ်၏ ပါဝင်ပတ်သက်မှုများကို တန်ပြန်ရန်အတွက် အမေရိကန်နိုင်ငံ၏ အာဖရိကတိုက်အပေါ် ပြန်လည် သြဇာလွှမ်းမိုးရန် ကြိုးပမ်းမှု တစ်ရပ်ဟုလည်း ရှုမြင်ခြင်း ခံထားရသည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ အာဖရိကခေါင်းဆောင်တစ်ဦးကိုတွေ့ရစဉ် (AP)
ဒေါ်နယ်ထရမ့် အစိုးရလက်ထက်တွင် အာဖရိကနိုင်ငံများနှင့် ဆက်ဆံရေး အခြေအနေ ဆိုးရွားခဲ့သော်လည်း ဘိုင်ဒန်ကမူ အာဖရိကဒေသနှင့် ဆက်ဆံရေးကောင်းတစ်ခု ထူထောင်ရန် ကြိုးပမ်းထားသည်။ အာဖရိက၏ အောင်မြင်မှုသည် အမေရိကန်၏ အောင်မြင်မှုပင်ဖြစ်ကာ တစ်ကမ္ဘာလုံး၏ အောင်မြင်မှုဟုလည်း မှတ်ယူနိုင် ကြောင်း ဘိုင်ဒန်က အခိုင်အမာ ပြောထားသည်။
ဘိုင်ဒန်က လက်ရှိကြုံတွေ့နေရသော ကမ္ဘာ့ရေးရာကိစ္စများတွင် အာဖရိက၏ ခေါင်းဆောင်မှု၊ အတွေး အခေါ်များ နှင့် စွန့်ဦးတီထွင်မှုများ လိုအပ်သည်ဟု ပြောသလို ယခင်အစိုးရ အဆက်ဆက် ပြုလုပ်ခဲ့သော အရေးပါသည့် ရင်းနှီးမြှုပ်နှံမှုများကိုလည်း ဆက်လက် ဆောင်ရွက်သွားမည်ဟု ကတိပေးခဲ့သည်။
၃ ရက်ကြာ အမေရိကန် - အာဖရိက ညီလာခံသည် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း၊ လာမည့် ၃ နှစ်အတွင်း အာဖရိက ဒေသသို့ ဒေါ်လာ ၅၅ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည်ဟု အမေရိကန် အမျိုးသား အကြံပေးအရာရှိ ဂျိတ်ဆူလေဗန် (Jake Sullivan) က ပြောသည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ အာဖရိကခေါင်းဆောင်များကိုတွေ့ရစဉ် (AP)
ညီလာခံတွင် လက်ရှိ ဆောင်ရွက်နေသော ပရိုဂရမ်များနှင့်ပတ်သက်၍ ဦးစားပေး ဆွေးနွေးသွားခဲ့သော်လည်း မြေပြင် အခြေအနေတွင် အဆိုပါ ပရိုဂရမ်များမှာ တိုးတက်မှု နှေးကွေးလွန်းနေသည်။
အာဖရိကသည် အမေရိကန် နိုင်ငံခြားကုန်သွယ်ရေး၏ ၁ ရာခိုင်နှုန်းကိုသာ ပိုင်ဆိုင်ထားပြီး ထိုကုန်သွယ်ကိုလည်း နိုင်ဂျီးရီးယားနှင့် အန်ဂိုလာတို့မှ ရေနံဆီ တင်သွင်းမှုများက ကြီးစိုးထားသည်။
သို့သော် အနောက်အာဖရိက၏ အရေးပါဆုံး ဆိပ်ကမ်း ဖြစ်သော ဘီနင်ဆိပ်ကမ်းတွင် သယ်ယူပို့ဆောင်စရိတ် လျော့ချရေးအတွက် ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှုပ်နှံသွားမည်ဟု ဘိုင်ဒန်က ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ပြောခဲ့ သည်။
ဒစ်ဂျစ်တယ် စီးပွားရေးကို မြှင့်တင်ရန် ဒေါ်လာ သန်း ၃၅၀ အသုံးပြုသွားမည်ဖြစ်ပြီး အမေရိကန်-အာဖရိက စီးပွားရေးဖိုရမ်တွင် ဒေါ်လာ ၁၅ ဘီလီယံတန်ကြေးရှိ သဘောတူညီချက်များကို ရရှိခဲ့သည်ဟု ၎င်းက ပြောသည်။
Source: BBC
- By CNI
- Category: Watch TV
- Hits: 697
Page 28 of 137