CNI International News

ကိယက်ဗ်၊ မတ်လ ၄

ရုရှားတပ်ဖွဲ့များသည် ယူကရိန်းရှိ ဥရောပအကြီးဆုံးနျူကလီးယားစက်ရုံကို မတ်လ ၄ ရက်၊ နံနက်အစောပိုင်းတွင် ပစ်ခတ်ခဲ့ခြင်းဖြင့် ယူကရိန်း၏စွမ်းအင်ထုတ်လုပ်မှုကို ဖိအားပေးရန် ရည်ရွယ်ခဲ့ကြောင်း၊ ပင်လယ်လမ်းကြောင်း ဖြတ်တောက်ရန် ကြိုးပမ်းရင်း မြေပြင်၌ အဆက်မပြတ် ထိုးစစ်ဆင်နေကြောင်း အေပီသတင်းအရ သိရသည်။

အဆိုပါနျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံပျက်စီးမည့်အရေးအတွက် နျူကလီးယားဆိုင်ရာ ထိပ်တန်းအာဏာပိုင်များကတော့ စိုးရိမ်ထိတ်လန့်ခြင်း မရှိခဲ့ပေ။

ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇာလန်းစကီးနှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်တို့ အပါအဝင် အခြားကမ္ဘာ့ခေါင်းဆောင်များအချင်းချင်း တယ်လီဖုန်းခေါ်ဆို၍ ဆွေးနွေးမှုများ ရှိခဲ့သည်။ အမေရိကန် စွမ်းအင်ဌာနက ကြိုတင်ကာကွယ်မှုအဖြစ် အဏုမြူတုံ့ပြန်ရေးအဖွဲ့ကို စတင်လုပ်ဆောင်ရန် ပံ့ပိုးပေးခဲ့သည်။

အီနာဟိုဒါမြို့နှင့် ဇေ့ပေါ့ဇေယာနျူကလီးယားစက်ရုံတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမှာ ကျူးကျော်စစ်စတင်ပြီး ရက်သတ္တနှစ်ပတ်အကြာ ယူကရိန်းနှင့်ရုရှား နှစ်နိုင်ငံအစိုးရအကြား ဒုတိယအကြိမ်ဆွေးနွေးမှု ပြုပြီးသည့်အချိန် တွင် ဖြစ်သည်။ ယင်းဆွေးနွေးမှုရလဒ်အဖြစ် ယူကရိန်း အရပ်သားများအတွက် ဘေးကင်းသော စင်္ကြန် လမ်း ကြောင်းများ ထူထောင်ရန်နှင့် လူသားချင်းစာနာမှုအကူအညီပေးအပ်ရန် အကြိုသဘောတူညီချက်တစ်ရပ် ပေါ်ထွက်လာခဲ့သည်။

 

ဇေ့ပေါ့ဇေယာနျူကလီးယားစက်ရုံမှ ပြောခွင့်ရသူ အင်ဒရီတက်ဇ်က စက်ရုံခေါင်မိုးပေါ်သို့ ကျည်ဆန်များ တိုက်ရိုက်ကျခဲ့ကြောင်း၊ ပစ်ခတ်မှုများ ထိမှန်၍ ဓာတ်ပေါင်းဖို ၆ လုံးအနက် ၁ လုံးမှာ မီးထလောင်ကြောင်း၊ အဆိုပါဓာတ်ပေါင်းဖိုသည် ပြုပြင်ဆဲဖြစ်ပြီး မလည်ပတ်နိုင်သေးသော်လည်း ၎င်း၏အတွင်းထဲ၌ နျူကလီးယား လောင်စာများ ရှိနေကြောင်းယူကရိန်းရုပ်သံလွှင့်ဌာနသို့ ပြောကြားခဲ့သည်။

မီးသတ်သမားများ ပစ်သတ်ခံရသဖြင့် မီးငြှိမ်းသတ်ရေး အထမမြောက်ကြောင်း၊ ပစ်ခတ်မှု ရပ်တန့်၍ မီးသတ် တပ်ဖွဲ့ဝင်များ ဓာတ်ပေါင်းဖိုအနီး သွားခွင့်ပေးဖို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူလီဘာက ရုရှားဘက်သို့ တောင်းဆိုခဲ့ကြောင်း တွစ်တာလူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

“သူတို့ဘက်က လက်နက်ကြီး ပစ်နေတာတွေ ရပ်ပေးဖို့ ကျနော်တို့ တောင်းဆိုပါတယ်။ ဥရောပရဲ့အကြီးမားဆုံး အဏုမြူစွမ်းအင်စခန်းထဲမှာ နျူကလီးယားအန္တရာယ်ခြိမ်းခြောက်မှုဟာ အမှန်တကယ်ရှိနေတာပါ” ဟု အင်ဒရီ တက်ဇ်က ဆက်လက်ပြောကြားခဲ့သည်။

ထိုသို့ ရုရှားတို့ တိုက်ခိုက်ချေမှုန်းမှုကြောင့် ယူကရိန်းပိုင်ဆိုင်သည့် နျူကလီးယားဓာတ်ပေါင်းဖို စုစုပေါင်း ၁၅ လုံး အနက် ၁ လုံး ပျက်စီးနိုင်သဖြင့် ၁၉၈၆ ခုနှစ်၊ ချာနိုဘိုင်းဓာတ်ပေါင်းဖို မတော်တဆမှုကဲ့သို့ အရေးပေါ်အခြေအနေ ဖြစ်လာမည်ကို စိုးရိမ်စရာ တိုးပွားလာနေခဲ့သည်။

Source: AP