CNI Sport News
၂၀၂၂ ခုနှစ်၊ မတ်လ ၄
ယူကရိန်း ဂန္တဝင်တိုက်စစ်မှူး ရှက်ဗ်ချန်ကိုက ကလေးတွေ သေဆုံးကုန်ကြပြီဖြစ်တဲ့ ရုရှားနဲ့ ယူကရိန်းကြား စစ်ပွဲကို ရပ်တန့်ဖို့ လိုပြီဖြစ်တယ်လို့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
ရှက်ဗ်ချန်ကိုရဲ့ မိသားစုဝင်တွေဟာ ကိယက်ဗ်မှာ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။ ရှက်ဗ်ချန်ကိုဟာ ယူကရိန်းလက်ရွေးစင် အသင်းကို နည်းပြအဖြစ် ၂၀၁၆ ကနေ ၂၀၂၁ အထိ (၅)နှစ်ကြာ ကိုင်တွယ်ခဲ့တာပါ။
ရှက်ဗ်ချန်ကိုက ယူကရိန်းနိုင်ငံသားဖြစ်ရတာ အလွန်ဂုဏ်ယူပေမယ့် အခုအချိန်မှာ နိုင်ငံအတွက် အလွန်ခက်ခဲတဲ့ အခြေအနေ ကို ရောက်နေတယ်လို့ ပြောပါတယ်။
ရှက်ဗ်ချန်ကိုက “ကျနော့်အမေနဲ့ ညီမက ကိယက်ဗ်မှာ ရှိနေပြီး ဆိုးရွားတဲ့ အဖြစ်အပျက်တွေ ဖြစ်ခဲ့ပါတယ်။ လူတွေ သေကြ တယ်။ ကလေးတွေ သေကြတယ်။ ဒုံးကျည်တွေက ကျနော်တို့အိမ်ကို ညွှန်ပြနေပါတယ်။ ဒီစစ်ပွဲကို ရပ်တန့်ဖို့ လိုပါတယ်။ စစ်ပွဲရပ်တန့်မယ့် နည်းလမ်းတွေကို ကျနော်တို့ ရှာဖွေရပါမယ်။ ယူကရိန်းက ပြည်သူတွေ အများစုလိုပဲ ကျနော့်အမေနဲ့ ညီမ တို့က ထွက်ခွာဖို့ ငြင်းဆန်နေကြပါတယ်။ ကျနော်တို့ရဲ့ လွတ်လပ်မှု၊ ကျနော်တို့ရဲ့ စိတ်ဝိညာဉ်အတွက် သူတို့တွေ တိုက်ပွဲဝင် နေကြပါတယ်။ ယူကရိန်းဟာ စည်းလုံးညီညွှတ်တဲ့ နိုင်ငံတစ်ခုပါ”လို့ ပြောပါတယ်။
ဒါ့အပြင် ရှက်ဗ်ချန်ကိုက “ဒါဟာ ယူကရိန်းသမိုင်းမှာ ပိုခက်ခဲတဲ့ အခိုက်အတန့်တွေထဲက တစ်ခုပါ။ ဒါပေမယ့် လူတွေက လွတ်လပ်မှုကို လိုချင်ကြပြီး အိမ်တွေကို ခုခံကာကွယ်လိုတာကြောင့် တကယ့်ကို စည်းစည်းလုံးလုံးနဲ့ ရှိနေကြတာပါ။ ကျနော် တို့မှာ ဒုက္ခသည်တွေရှိတယ်။ လူသားချင်းစာနာတဲ့ အကူအညီတွေ လိုတယ်။ အစားအသောက်၊ ဆေးဝါး ထောက်ပံ့မှုတွေ လိုတယ်။ ဒီမှာ အများကြီး လုပ်နိုင်သလို ခံစားရတဲ့အတွက် ကျနော်လုပ်မှာပါ”လို့ ပြောပါတယ်။
ရှက်ဗ်ချန်ကိုနဲ့ ယူကရိန်းစစ်ဒဏ်(Goal)
လက်ရှိအချိန်မှာ ရုရှားကို ဖီဖာနဲ့ ယူအီးအက်ဖ်အေတို့က သူတို့နဲ့ သက်ဆိုင်တဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်တဲ့ ဆုံးဖြတ်ချက်ချထားတာပါ။ ရုရှားကလည်း ဒီလို ပိတ်ပင်တဲ့အပေါ် အားကစားခုံရုံးကို အယူခံဝင်ပြီး ဖီဖာနဲ့ ယူအီးအက်ဖ်အေ ကိုတောင် တရားစွဲဖို့ စီစဉ်နေတယ်လို့ ပြောထားပါတယ်။
ရှက်ဗ်ချန်ကိုက “စစ်ပွဲမရပ်သေးတဲ့ အချိန်မှာ ရုရှားအားကစားသမားတွေကို အားကစားပွဲတွေမှာ ပါဝင်ခွင့် မပြုတာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ကျနော်ထင်ပါတယ်။ ဘောလုံးဆိုတာ ကျနော့်အတွက် မရှိတော့ပါဘူး။ ကျနော် ဒါကို မစဉ်း စားပါဘူး။ အားကစားနဲ့ ပတ်သက်တာတွေကို ဘာကိုမှ မကြည့်ပါဘူး။ အိပ်ယာက နိုးလာတဲ့အချိန်မှာ ကိုယ့်နိုင်ငံအတွက် ဘာကူညီပေးရမလဲ ဆိုတာကိုပဲ တွေးနေမိတာပါ။ ဒီအတွက်ပဲ ကျနော်အာရုံစူးစိုက် ထားပါတယ်”လို့ ပြောခဲ့ပါတယ်။
Source: Goal