CNI International News

ဘာလင်၊ မတ်လ ၃

ရုရှား၏ ကျူးကျော်စစ်ကို ခုခံနိုင်ရန် ယူကရိန်းနိုင်ငံသို့ ဂျာမနီက လေယာဉ်ပစ် ဒုံးကျည်အလုံး ၂၇၀၀ ထောက်ပံ့ပေးရန် စိတ်ဝင်စားနေကြောင်း ဘာလင်အစိုးရ သတင်းရင်းမြစ်တစ်ခုက မတ်လ ၃ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာ သတင်း အရ သိရသည်။

ယခင် ဂျာမနီဒီမိုကရက်တစ် သမ္မတနိုင်ငံ(အရှေ့ဂျာမနီ)စစ်တပ်၏ သိုလှောင်မှု တစ်စိတ်တစ်ပိုင်းဖြစ်သော ဆိုဗီယက်လုပ် Strela ဒုံးကျည်များကို ထောက်ပံ့ပေးရန် ဂျာမနီစီးပွားရေးဝန်ကြီးဌာနက အတည်ပြုခဲ့ကြောင်း ဂျာမန်သတင်းဌာန DPA က သတင်းဖော်ပြခဲ့သည်။

အဆိုပါ ဒုံးကျည်များသည် မြေပြင်မှ ဝေဟင်သို့ ပစ်ခတ်နိုင်စွမ်းရှိပြီး ပျံသန်းလာသော တိုက်လေယာဉ်များကို အတိအကျ ချိန်ရွယ်နိုင်သည်။

ယူကရိန်းသို့ စစ်ဘက်ဆိုင်ရာ အထောက်အပံ့များပေးပို့ခဲ့စဉ်(AFP)

ဂျာမန်ဖက်ဒရယ် လုံခြုံရေးကောင်စီကတော့ အဆိုပါ အစီအစဉ်ကို အတည်ပြုခြင်း မရှိသေးကြောင်း သတင်းရင်းမြစ်တစ်ခုက ရိုက်တာသို့ အသိပေး ပြောကြားခဲ့သည်။

“ဒါပေမယ့် ဒုံးကျည်သယ်သွားဖို့ အဆင်သင့်ဖြစ်နေပါပြီ”ဟု ၎င်းသတင်းရင်းမြစ်က ဆက်လက် ပြောကြားခဲ့သည်။

အိမ်နီးချင်း ယူကရိန်းကို ရုရှားကျူးကျော်ပြီးနောက် ဖေဖော်ဝါရီ ၂၆ ရက်တွင် ဂျာမနီက ယူကရိန်းအပေါ် ထောက်ပံ့ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းသို့ ထောက်ပံ့မည့် အစီအစဉ်အရ တင့်ကားဖျက် လက်နက်အရေအတွက် ၁၀၀၀ နှင့် မြေပြင်မှ ဝေဟင်ပစ် Stinger ဒုံးကျည် ၅၀၀ တို့လည်း ပါဝင်မည်ဖြစ်သည်။

Source: Reuters