- By CNI
- Category: နိုင်ငံရေး
- Hits: 1115
CNI News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၈
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာ၏ ခရီးစဉ်မှာ တိုင်းပြည်အတွက် အကျိုး သက်ရောက်မှု ရှိဦးမှာ မဟုတ်ကြောင်း ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC)ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက CNI သို့ ပြောသည်။
ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် လေးဦးကို ပြစ်ဒဏ်စီရင်ပြီးနောက် ကုလသမဂ္ဂအနေဖြင့် နစကနှင့် တွေ့ဆုံမှုမှာ တိုင်းပြည်အတွက် တိုးတက်မှု ပြောပလောက်အောင် သက်ရောက်မှာ မဟုတ်ကြောင်း ၎င်းက ပြောသည်။
ခွန်မြင့်ထွန်းက “ကျနော်က တစ်ခုပဲ ပြောရမယ်ဆိုရင်တော့ ဘယ်လိုနည်းနဲ့ ဆက်ဆံရေးပဲ ပြောပြော၊ အခု ကိုဂျင်မီတို့၊ ဖြိုးဇေယျာသော်တို့၊ ကိုသူရအောင်တို့ အပါအဝင်ပေါ့နော်၊ လေးဦးကို ဒီလိုမျိုး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာတစ်ခုလုံးက ပြင်းပြင်းထန်ထန် ကန့်ကွက်နေတဲ့ ကြားကနေပြီးတော့မှ ဒီလို ကွပ်မျက်ခဲ့တာ။ ကွပ်မျက် ခဲ့တာဖြစ်တဲ့ အခါကြတော့ ဒီနေ့ ကုလသမဂ္ဂကနေပြီးတော့ ဒီလို စစ်ကောင်စီနဲ့ တွေ့တယ်ဆိုတဲ့ဟာကတော့ ကျနော်တို့ တိုင်းပြည်ရဲ့ လက်ရှိ တိုးတက်မှု ဖြစ်စဉ်အပေါ်မှာတော့ ပြောပလောက်အောင်တော့ သက်ရောက်မှု ရှိဦးမှာ မဟုတ်ဘူးလို့ ကျနော် အဲဒီလိုပဲ မြင်ပါတယ်” ဟု ပြောသည်။
မစ္စနိုလင်းဟေဇာသည် မြန်မာနိုင်ငံသို့ သြဂုတ် ၁၆ ရက်နေ့ နံနက်ပိုင်းက ရောက်ရှိလာခဲ့ပြီး သြဂုတ် ၁၇ ရက်တွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် တွေ့ဆုံဆွေးနွေး ထား ပြီး ဖြစ်သည်။

ဒီမိုကရေစီအရေး တောင်းဆိုကြသူများ (ဖရွန်းတီးယားမြန်မာ)
ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အနေဖြင့် တစ်နှစ်ခွဲအတွင်းမှာ ပထမဆုံးအကြိမ် လာရောက်သည့် ခရီးစဉ်မှာ အပြောင်းအလဲ ကြီးကြီးမားမား မရှိနိုင်သေးကြောင်း၊ သို့သော်လည်း လက်ရှိ တိုင်းပြည်တွင် ဖြစ်ပေါ်နေသည့် အကျပ်အတည်းများကို တစ်ခုချင်းစီ ချဉ်းကပ်သွားရမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) မှ ပြောရေးဆိုခွင့်ရှိသူ နန်းယဉ်ယဉ်စိုးက CNI သို့ ပြောသည်။
နန်းယဉ်ယဉ်စိုးက “လက်ရှိ အခြေအနေတွေပေါ်မှာ ဘယ်လောက်အထိ ဖြေရှင်းနိုင်မလဲဆိုတဲ့ အနေအထားလည်း ရှိသေးတာကို။ ဆိုတဲ့အခါကြတော့ အတိအကျကြီး ပြောဖို့ဆိုတာထက် ဆွေးနွေးတဲ့ ရလဒ်ပေါ်မှာပဲ ပထဦးဆုံး အနေနဲ့ ချဉ်းကပ်မှု အပိုင်းကတော့ ဘယ်လို ပုံစံနဲ့ ဆွေးနွေးကြမလဲဆိုတဲ့ အပေါ်မှာပဲ မူတည်တယ် ပြီးတော့မှ အစ်မတို့ တစ်ဆင့်ချင်းတော့ သွားရမှာပေါ့။ ဒါကလည်း တစ်နှစ်ခွဲအတွင်းမှာ သူ့ကို ပထမဦးဆုံးအကြိမ် SAC ဘက် ကလည်း ပြန်ပြီးတော့မှ ပြည်ဝင်ခွင့်ပေးတဲ့ သဘောအပေါ်မှာ ဘယ်လို တွေ့ဆုံဆွေးနွေးမှုတွေနဲ့ ပြုလုပ်ကြမလဲ ဆိုတာတော့ အစ်မတို့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အဲဒီကနေ တဆင့်ပြီးတော့မှ အစ်မတို့ နောက်တဆင့်ကို ပြန် ပြီး တက်လှမ်းရမှာပေါ့နော်၊ ဥပမာ ပရတ်ဆိုခွန် ခရီးစဉ်လိုပေါ့၊ ပထမတစ်ကြိမ်လာတယ်၊ ဒုတိယတစ်ကြိမ် လာ တယ်၊ အဲဒီလိုမျိုး ပုံစံလေးတွေနဲ့တော့ ချဉ်းကပ် သွားရမယ်လို့ မြင်တယ်၊ Research ကြီးကြီးမားမား၊ တိတိကျကျ နဲ့ သွားဖို့ဆိုတာကတော့ ဆွေးနွေးတဲ့ ရလဒ်ပေါ်မှာပဲ မူတည်ပါတယ်” ဟု ပြောသည်။
လက်ရှိတိုင်းပြည်၏ အရေးကိစ္စကို ကုလသမဂ္ဂအနေဖြင့် အလေးထား ဖြေရှင်းရန် လိုအပ်ကြောင်း PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။

PPST အဖွဲ့၀င်များနဲ့ အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆိုခွန် တွေ့ဆုံစဉ်
၎င်းက “ကုလသမဂ္ဂကတော့ ဒါအခု စစ်ကောင်စီကို တရားဝင်မှု ပေးတာမဟုတ်ဘူးဆိုတာ ကြိုတင်ပြီး ထုတ်ပြန် တာကိုက ကျနော်တို့ တရားရုံးမှာ သမ္မတကြီးဦးဝင်းမြင့်ရဲ့ ထွက်ဆိုချက်ကလည်း အဓိက ကျပါတယ်။ ဘာလို့လဲ ဆိုတော့ စစ်ကောင်စီကို စစ်ကောင်စီက အာဏာလွှဲယူတယ်လို့ ပြောတယ်၊ တကယ့်တကယ်က အာဏာသိမ်း ထားတယ်၊ သမ္မတကြီး ဦးဝင်းမြင့်က သူအာဏာသိမ်း ခံထားရတယ် ဆိုတာကိုလည်း တရားရုံးမှာ ပြောထားတယ် ဆိုတော့ ဒါကြောင့် ကုလသမဂ္ဂကတော့ စစ်ကောင်စီကို အသိအမှတ် ပြုဖို့ကတော့ အခက်အခဲ အများကြီးရှိမှာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာကတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ တိုင်းပြည်ရဲ့ အရေးကိစ္စကို ကုလသမဂ္ဂက အလေးအနက်ထားပြီး ဖြေရှင်းတယ်ဆိုတာ ဖြစ်ဖို့ကတော့ လိုတယ်၊ ဖြစ်ဖို့လိုတော့ ဒီကိုဂျင်မီ အပါအဝင် လေး ယောက်ကို ဒီလို သေဒဏ်ပေး ကွပ်မျက်ခဲ့တဲ့ဟာက နိုင်ငံတကာ အသိုင်းအဝိုင်း တစ်စုံလုံးကနေပြီးတော့ တစ်ခု လုံး ကနေပြီးတော့ ကန့်ကွက်တဲ့ကြားက လုပ်ခဲ့တာဖြစ်တယ်၊ လုပ်ခဲ့တာဖြစ်တဲ့ အခါကြတော့ စစ်ကောင်စီ အနေ နဲ့ကတော့ ဒီအချိန်မှာ ဘယ်သူနဲ့ပဲ တွေ့ရတွေ့ရ အသိအမှတ် ပြုတယ်လို့ပဲ ပြောပြော၊ အသိအမှတ် မပြုဘူးလို့ပဲ ပြောပြော သူ့အတွက်ကတော့ ဒါကတော့ ကောက်ရိုးလေး တစ်မျှင်လို ဖြစ်မှာပေါ့” ဟု ပြောသည်။
ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နှင့် နစကတို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂအကြား ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး စသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်း နစကမှ ထုတ်ပြန်ခဲ့သည်။
မစ္စနိုလင်းဟေဇာ၏ ရုံးကတော့ ဖမ်းဆီးထားသော လူငယ်များကို ပြန်လွှတ်ပေးရန်နှင့် အကြမ်းဖက်မှုများ ရပ်တန့် ရေး ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1209
CNI News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၈
ရခိုင်ပြည်နယ်တွင် မကြာခဏ မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ဒေသခံ ကျေးရွာသားများ အသက်သေဆုံးမှုနှင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးမှုတို့ ကြုံတွေ့နေရသည့်အတွက် မည်သည့် အဖွဲ့အစည်းမဆို ကိုယ်ထောင်သည့်မိုင်း ကိုယ်တာဝန်ယူကြရန် ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။
ဦးဖေသန်းက “ကိုယ်ထောင်တဲ့မိုင်းကို ကိုယ်တာဝန်ယူကြဖို့ပေါ့။ မိုင်းထောင်တယ်ဆိုတာ ရန်သူကို ထောင်တာပါ။ ပြည်သူကို ထောင်တာမဟုတ်ဘူး။ အခု အခြေအနေမျိုးက ရန်သူမထိဘဲ ပြည်သူချည်းပဲ ထိနေတာပေါ့။ အဲဒါ ကြောင့် ဘယ် အဖွဲ့အစည်းကမဆို ကိုယ်ထောင်တဲ့ မိုင်းတွေကို ကိုယ်တာဝန်ယူဖို့ အဲဒါကတော့ လူသားပီသဖို့ လို တယ်ပေါ့။ မြေမြှုပ်မိုင်း လုပ်ထားတာကို ဘယ်သူမှလဲ သိတာမဟုတ်ဘူးလေ။ ဘယ်နေရာမှာ မြှုပ်ထားတယ် ဆို တာ သိနိုင်တာ မဟုတ်ဘူး။ မိုင်းကိုတောင်မှ မြင်ဖူးတဲ့လူတွေ မရှိဘူး။ ဆိုတော့ ဒီလို အခြေအနေ မျိုးမှာလည်း တပ်မတော် အနေနဲ့လည်း မိုင်းတွေ ဆက်ပြီး ထောင်နေမယ်ဆိုရင်တော့ ဒီကိစ္စက ဆက်ဖြစ်နေဦးမှာပဲ။ အဓိက ကတော့ ကိုယ်ထောင်တဲ့ မိုင်းတွေကို ကိုယ်ပြန်ပြီးတော့ စခန်း ပြောင်းရွှေ့သွားတဲ့ အခါပဲဖြစ်ဖြစ်၊ အချိန်တစ်ခု၊ ကာလတစ်ခု၊ အတိုင်းအတာ တစ်ခုမှာပဲ ဖြစ်ဖြစ် အဲဒီမိုင်းတွေကို ဖယ်ရှားပေးဖို့ တာဝန်ရှိပါတယ်။ ဘယ် အဖွဲ့ အစည်း မဆိုပေါ့”ဟု ပြောသည်။

ULA/AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ဗိုလ်မှူးကြီးကျော်ဟန်ကိုတွေ့ရစဉ်
လက်ရှိတွင် မြေမြှုပ်မိုင်းများအား တပ်မတော်၏ စခန်းထိုင် ပတ်ဝန်းကျင်နှင့် ယာယီစခန်းချထားခဲ့သည့် နေရာ အနီးတဝိုက်တို့တွင်သာ တွေ့ရသည့်အတွက် တပ်မတော်တွင် ပို၍တာဝန်ရှိကြောင်း ၎င်းက ဆက်ပြောသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ULA/AA တို့ အပစ်အခတ်ရပ်စဲထားသည့် ကြားကာလ အတွင်း မြေမြှုပ်မိုင်းများကို သေချာ ရှင်းလင်းနိုင်ခဲ့ခြင်း မရှိသည့်အတွက် ယခုကဲ့သို့ ဒေသခံပြည်သူများ ကြုံတွေ့ ခံစားနေရခြင်းဖြစ်ကြောင်း၊ လက်ရှိဖြစ်ပွားနေသည့် နှစ်ဖက် စစ်ရေးအနေအထားကြောင့် မြေမြှုပ်မိုင်းအသစ်များ ထပ်တိုးလာမည် ကို စိုးရိမ်ကြောင်း စာရေးဆရာ ကိုဝေဟင်အောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လက်ရှိကတော့ ဒီဘက်မှာ ပြောရနည်းနည်း ခက်သွားတယ်။ ဘာလို့ဆို စစ်ရေး အခြေအနေက တော် တော်လေး တင်းတင်းမာမာ အခြေအနေမျိုးတွေ မြင်ရတယ်။ အပြန်အလှန် စစ်ပွဲဖြစ်တာတွေလည်း တွေ့လာရ တော့ ဒီအချိန်မှာ ဟိုဘက်က ဖြေရှင်းမှာ၊ ဒီဘက်က ဖြေရှင်းမှာ ပြောဖို့တော့ တော်တော်လေး အခက်အခဲ ဖြစ် သွားတယ်။ ကြားမှာ လုပ်နေရတာက နိုင်ငံတကာ အဖွဲ့အစည်းတွေပေါ့ NGO တွေက၊ အရပ်ဖက် အဖွဲ့အစည်း တွေကပဲ ကိုယ်ထူ ကိုယ်ထနဲ့ပေါ့။ ရွာသားတွေကို အသိပေးတာတို့ ပညာပေးတာတို့ လောက်ပဲ လုပ်ပေးနိုင်တဲ့ အခြေအနေမျိုး ရောက်သွားတယ်။ ဒီမိုင်းကို ပြန်လည်ဖော်ပြီးတော့ ဖျက်ဆီးဖို့ ဆိုတာကတော့ ဒီအဖွဲ့အစည်းတွေ နဲ့တော့ မဖြစ်နိုင်တော့ဘူး။ ဒီပြဿနာရဲ့ ကာယကံရှင် နှစ်ယောက်ဖြစ်တဲ့ ဒီဘက်က နစက ဘက်မှာလည်း တာဝန်ရှိသလို ULA/AA ဘက်မှာလည်း တာဝန်ရှိတယ်။ နှစ်ဖက်လုံးက ဒီဟာတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းရမှာပေါ့။ အခုဖြေရှင်းရမယ့် နှစ်ဖက်စလုံးက စစ်ရေးတင်းမာနေတော့ ဒီအခြေအနေမှာ အရပ်ဖက်အဖွဲ့တွေ အနေနဲ့က ပြော ရ တော်တော်လေး အခက်အခဲ ဖြစ်သွားတယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်က မြေမြှုပ်မိုင်း ထိသွားသူတစ်ဦး ဆေးကုသမှုခံယူနေစဉ်
ဒေသခံပြည်သူများမှာ မြေမြှုပ်မိုင်းများ ရှိသည်ကို သိကြသော်လည်း စားဝတ်နေရေးအတွက် တောထဲ တောင်ထဲ သို့ သွားလာနေကြရခြင်းဖြစ်ကာ အသိပညာပေးခြင်းများသည် တကယ့်မြေပြင်တွင် မြေမြှုပ်မိုင်းရှိသည့် နေရာ အား သိနိုင်ရန်မှာ မလွယ်ကူကြောင်း ဦးဖေသန်းက ပြောသည်။
၎င်းက “ဒါပေမယ့် အဲဒီလောက်နဲ့တော့ မလုံလောက်ဘူး။ မိုင်းရှိတဲ့နေရာကို ဘယ်သူမှ တိတိကျကျ ပြောနိုင်တာမှ မဟုတ်တာ။ မိုင်းရှိတဲ့နေရာမှာ မိုင်းနင်းမိပြီဆိုရင်တော့ ဘယ်လိုမှ ရှေးဦးသူနာပြုတို့ ဘာညာပေါ့နော်။ ကျန်းမာ ရေးအရ ဂရုစိုက်ရမယ့် ဥစ္စာတို့ အဲဒါတွေနဲ့ မရတော့ဘူး။ ဒဏ်ရာရတဲ့ ပုံစံမျိုးမှ မဟုတ်တာ။ ခြေတစ်ချောင်းလုံး ဆိုလည်း ခြေတစ်ချောင်းလုံး မွပြီးတော့ ကြေသွားတာကို။ အဲဒီလိုဟာမျိုး ဖြစ်ပြီဆိုရင်တော့ သေဖို့များပါတယ်။ မဟုတ်ရင်တော့ ပိုင်းလိုက်ရမှာပေါ့။ ဒူးအဆစ်ကဖြစ်ဖြစ် ပေါင်ကဖြစ်ဖြစ် တစ်နေ နေရာကတော့ ပိုင်းလိုက်ရမယ်။ ULA/AA နဲ့ အစိုးရမှာဆိုရင် နှစ်ဖက်စလုံးမှာ တာဝန်ရှိတယ်ဆိုပေမယ့် တကယ့်မြေပြင်ပေါ်မှာ တာဝန်ရှိတဲ့ အစိုးရ က ပိုပြီးတော့ အစစ အရာရာပေါ့။ ဆေးကုသရေးကအစ မိုင်းကို ဖယ်ရှားပေးဖို့က အစ၊ သူတို့ဘဝ ရပ်တည်ရေး၊ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ အစားထိုးရေး အဲဒါတွေအားလုံးဟာ အစိုးရမှာ ပိုပြီးတော့ တာဝန်ရှိတယ်။ ဒါကြောင့် လူပီသဖို့လိုတယ်” ဟု ပြောသည်။

မြန်မာ့တပ်မတော်ကိုတွေ့ရစဉ်
ရခိုင်ပြည်နယ်တွင် ဇူလိုင်လက မြေမြှုပ်မိုင်းပေါက်ကွဲမှု ၇ ကြိမ် ခန့် ဖြစ်ပွားခဲ့ပြီး ယခု ဩဂုတ် ၁၈ ရက်နေ့အထိဆို လျှင် ၂ ကြိမ်ခန့် ဖြစ်ပွားထားကြောင်း၊ မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားရသည့် ဒေသခံ အများအပြားရှိကြောင်း၊ ထိုအထဲတွင် ခြေထောက် ဆုံးရှုံးသွားသူ အများစုဖြစ်ကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1409
CNI News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၇
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာနှင့် တွေ့ဆုံဆွေးနွေးနိုင်ရေး ဖိတ်ကြားလာခြင်း မရှိသေးကြောင်း အပစ်ရပ် (၇) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) မှ ပြောခွင့်ရပုဂ္ဂိုလ် နန်းယဉ်ယဉ်စိုးက CNI သို့ ပြောသည်။
၎င်းက “လောလောဆယ်ဆယ် ဘာမှ မကြားသေးပါဘူး။ ဖိတ်စာဖိတ်လာတာလည်း မရှိသေးပါဘူး။ ဘာမှတော့ အစီအစဉ် မရှိသေးပါဘူး” ဟု ပြောသည်။
မစ္စနိုလင်းဟေဇာသည် မြန်မာနိုင်ငံသို့ သြဂုတ် ၁၆ ရက်နေ့ နံနက်ပိုင်းက ရောက်ရှိလာခဲ့ပြီး သြဂုတ် ၁၇ ရက်တွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

နိုလင်းဟေဇာ မြန်မာနိုင်ငံသို့ ၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၆ ရက်က ရောက်လာစဉ်
မစ္စနိုလင်းဟေဇာသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က မြန်မာ နိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် မြန်မာနိုင်ငံသို့ သြဂုတ် ၁၆ ရက်နေ့က ပထမဆုံးအကြိမ် လာရောက်သည်။
PPST ကို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ် အစည်အရုံး(LDU)၊ မွန်ပြည်သစ်ပါတီ (NMSP)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) တို့ဖြင့် ဖွဲ့စည်းထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1598
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၇
လက်ရှိ မြန်မာနိုင်ငံရေး အကျပ်အတည်းကို ပြည်တွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှာ တွေ့ဆုံ ဆွေးနွေးလိုသူများ ရှိနေသည်ဟု နစက၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
သြဂုတ် ၁၇ ရက်နေ့က ကျင်းပသည့် နစက၏ ၁၉ ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲမှာ ၎င်းက အထက်ပါ အတိုင်း ပြောသွားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ NLD ပါတီထဲမှာ ရှိနေတဲ့ အခုချိန်ထိ စေ့စပ်ညှိနှိုင်းဆွေးနွေးရေး လမ်းကြောင်းကို သွားလို့တဲ့ သူတွေရှိပါတယ်။ သူတို့ကိုယ်တိုင်ကလည်း တချို့သော ကျန်ရစ်ခဲ့တဲ့ ၈၈ ပေါ့နော်။ ၈၈ မျိုးဆက်က နေ ကျန်ရစ်ခဲ့တဲ့သူတွေဖြစ်ပါတယ်။ သူတို့ရဲ့ ပြောကြားချက်တွေကိုလည်း ကျနော်တို့ သိရပါတယ်။ NLD ပါတီ ဝင် အများစု အရင်ကတည်းက ဒီပြည်တွင်းမှာပဲ ရှိတယ်။ စေ့စပ်ဆွေးနွေးရေး လမ်းကြောင်းကိုပဲ ယခင်က လည်း ယုံကြည်ခဲ့တယ်။ အခုချိန်ထိ ကိုင်ဆွဲနေကြတုန်းဆိုတာလည်း ကျနော်တို့ လည်း သိရပါတယ်”ဟု ပြောသည်။
တွေ့ဆုံ ဆွေးနွေးရေး လုပ်လိုသူများ ရှိသည်ဟု ပြောသော်လည်း မည်သူများ ဖြစ်ကြောင်းကိုတော့ ထုတ်ဖော် ပြောသွားခြင်း မရှိပေ။

ဗိုလ်မှူးကြီးမင်းအောင်လှိုင်နဲ့ NLD ခေါင်းဆောင်များကိုတွေ့ရစဉ်
ထို့နောက် NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ၄ ပုံ ၃ ပုံလောက်သည် ငြိမ်းချမ်းစွာ နေထိုင်လိုကြောင်း လက်မှတ်ရေးထိုး၍ ပြည်တွင်းမှာ ကျန်ခဲ့ကြောင်း၊ တောထဲကို ရောက်ရှိသွားသူများသည် ၂၀၁၂ ခုနှစ်နောက် ပိုင်းမှ NLD ပါတီထဲ ရောက်ရှိလာသူများသာ ဖြစ်ကြောင်း ၎င်းက ပြောသည်။
လက်ရှိတွင် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဒုဥက္ကဋ္ဌများဖြစ်သည့် ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင် တို့ သည် တပ်မတော်က NLD အစိုးရကို ဖြုတ်ချပြီးနောက် ဖမ်းဆီး တရားစွဲဆိုခံထားရသည်။ ထို့နောက် တခြား သော ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များလည်း ဖမ်းဆီး တရားစွဲဆိုခံထားရသည်။

စစ်တပ် ဆန့်ကျင် ဆန္ဒပြမှုများကိုတွေ့ရစဉ် (ဖရွန်းတီးယားမြန်မာ)
နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ ၂၀၁၂ ခုနှစ်နောက်ပိုင်းမှ ရောက်ရောက် မည်သည့် အချိန်ရောက် ပါစေ NLD ပါတီဝင်ထားလျှင် NLD ပါတီဝင်သာဖြစ်ကြောင်း၊ တွေ့ဆုံ ဆွေးနွေးရေးကို လူထုအများစုက လက်ရှိ မှာ လက်မခံနိုင်သေးသည့်အတွက် NLD ထဲက စေ့စပ်ညှိနှိုင်းရေး လုပ်လိုသူများအနေဖြင့် အကောင်အထည် ဖော်ရန် ခက်ခဲမည်ဖြစ်ကြောင်း၊ နစကဘက်ရော စေ့စပ်ဆွေးနွေးရေးကို အကောင်အထည်ဖော်မည့် အလားအ လာ မရှိဘူးဟု မြင်ကြောင်း ပြောသည်။
၎င်းက “ ဖေဖော်ဝါရီ ၁ ရက်နေ့ ရှေ့ပိုင်းကိုကြည့်ရင် စစ်တပ်က ဆွေးနွေးဖို့ တောင်းဆိုတာမှာ NLD ဘက်က သိပ်မသွားလိုတာတွေ့ရတယ်။ ဒီနောက်မှာ အာဏာသိမ်းမှုဆိုတာ ဖြစ်လာတယ်။ အခု အာဏာသိမ်းပြီး စစ်တပ် က သူသွားလိုတဲ့ အခြေအနေကို တည်ဆောက်နေချိန်မှာ သူကရော စေ့စပ်ဆွေးနွေးရေးကို သွားချင်သေးရဲ့ လား မေးစရာရှိတယ်။ သူလည်း သွားမယ် မထင်ပါဘူး။ လူထုကို ကြည့်ရင်လည်း လူထုက သွေးကြွေးမှာ ဆွေး နွေးစရာမရှိဘူး ရပ်တည်နေတော့ NLD ဘက်ကရော သွားနိုင်ပါ့မလား၊ တတိယအဖွဲ့အစည်းက ဒီအခင်း အကျင်း ပေါ်လာအောင် ဘယ်လောက်ထိ စွမ်းဆောင်နိုင်မလဲတော့ စောင့်ကြည့်ရမယ်”ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် နစက နှင့် NUG ကြား တရားဝင် အစိုးရအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုလာရေး အားပြိုင်လျက်ရှိသလို တစ်ဖက်နှင့်တစ်ဖက် အပြုတ်တိုက်ရေး လက်နက်ကိုင်ပဋိပက္ခများလည်း ဖြစ်ပွားလျက်ရှိ နေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1645
CNI News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၇
ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အခြေခံသဘောတူညီချက် ရရှိထားပြီဖြစ်သည့်အတွက် ငြိမ်းချမ်းရေး မရစရာ အကြောင်းမရှိဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
မိမိတို့ အနေဖြင့် နိုင်ငံရေးရည်မှန်းချက် နှစ်ခုထားရှိထားကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ဩဂုတ် ၁၆ ရက်က ပြောသည်။
၎င်းက “ငြိမ်းချမ်းရေးကို ကျနော်တို့ သွားနေတယ်။ နားလည်တဲ့သူတွေကတော့ ငြိမ်းချမ်းရေးအတွက် လာကြတာ ပေါ့။ နားမလည်တဲ့ သူကတော့ ဘေးကနေ ပြောနေကြတုန်း ရှိပါသေးတယ်။ အခု ၁၀ ဖွဲ့ ကျနော်တို့ ဆွေးနွေးထား ပြီးပြီ။ မနေ့တနေ့ကပဲ ကျနော် SSPP အဖွဲ့နဲ့ ဆွေးနွေးတယ်။ ကျနော်တို့ အားလုံးအောင်မြင်ပါတယ်။ ခုနပြောတဲ့ ပါတီစုံဒီမိုကရေစီနဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေးနဲ့ ဖက်ဒရယ်အာဏာကို ပေးထားတဲ့ ပြည်ထောင်စု တည်ဆောက်ရေး ကို ခင်ဗျားတို့ လက်ခံလားမေးတော့ အကုန်လုံး လက်ခံတယ်ပြောတယ်။ ကျနော် ဒုတိယအကြိမ် ပြန်တွေ့မယ်၊ ဒီလထဲ ပြန်တွေ့ဖို့ ကြိုးစားနေတယ်။ အဖွဲ့ ၁၀ ဖွဲ့လုံးကို အုပ်စုဖွဲ့ပြီး တစ်ခါဆွေးနွေးမယ်၊ စက်တင်ဘာလ ကျလို့ရှိ ရင် တစ်ခါသူတို့နဲ့ အားလုံး ပြန်တွေ့မယ်၊ အဲဒါပြီးရင် လက်မှတ်ထိုးနိုင်ဖို့ ကြိုးစားမယ်၊ ဒီအတွက်တော့ ဘယ် လောက်ကြာမလဲ ကျနော် မပြောနိုင်သေးဘူး။ အခြေခံ သဘောတူညီချက် ရ ရှိပြီးဖြစ်တဲ့ အတွက်ကြောင့် ကျနော်အနေနဲ့ မရစရာ အကြောင်းမရှိဘူးလို့ မြင်တယ်။ ဒါကို ဘာကြောင့် EAO တချို့အဖွဲ့တွေက နားလည်မှု မရှိနိုင်လဲဆိုတာ ကျနော်လည်း မတွေးတတ်ဘူး”ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်
တိုင်းရင်းသားအရေး၊ ပြည်ထောင်စုအရေးကို မျှော်မှန်းပြီး အဆိုပါ အချက်နှစ်ချက်အပေါ် အခြေခံပြီး လုပ်ဆောင် မည်ဆိုပါက မအောင်မြင်နိုင်စရာမရှိကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
နစက အနေဖြင့် လက်ရှိ တိုက်ပွဲဖြစ်နေသည့် အဖွဲ့အစည်းများကို ဖိတ်ကြားခြင်း မရှိသည့်အတွက် တတိုင်းပြည်လုံး ငြိမ်းချမ်းရေး ရရှိရေးမှာ မဖြစ်နိုင်ကြောင်း ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) မှ ပြန်ကြား ရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က CNI သို့ ပြောသည်။
ဗိုလ်မှူး မိုင်းအိုက်ကျော်က “အခုတိုက်ပွဲ သိပ်မရှိတဲ့ EAO အဖွဲ့တွေ တွေ့တာပေါ့နော်။ အဓိက တိုက်ပွဲဖြစ်နေတဲ့ ဒေသကာကွယ်ရေးတပ်တွေ၊ PDF တွေ အဲဒီလိုမျိုး ဖိတ်ကြားတာတော့ မရှိဘူးပေါ့နော်။ သူတို့လည်း လက်မခံတဲ့ ပုံစံမျိုးပေါ့။ တကယ့်တကယ် ငြိမ်းချမ်းရေး လုပ်မယ်ဆိုရင်တော့ တိုက်ပွဲဖြစ်နေတဲ့ဟာကို လျှော့ချပြီးတော့ ဆွေး နွေးရေးအတွက် အားလုံး ပါဝင်ဖို့ လိုတယ်။ အဲဒါကြောင့်မို့ ဘယ်လောက်ပဲ လုပ်လုပ် ဟိုအဖွဲ့ချန်မယ်၊ ဒီအဖွဲ့ ချန် မယ်၊ အားလုံးပါဝင်မှု မရှိဘူးဆိုရင်တော့ ကျနော် ထင်တာကတော့ တတိုင်းပြည်လုံး ငြိမ်းချမ်းရေးက မဖြစ်နိုင်ဘူး လို့ အဲဒီလိုမျိုးတော့ မြင်ပါတယ်” ဟု ပြောသည်။
နစကဥက္ကဋ္ဌ ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၇) ဖွဲ့၊ NCA မထိုးရသေး သည့် လက်နက်ကိုင် အဖွဲ့အစည်း (၃) ဖွဲ့ တက်ရောက် ဆွေးနွေးထားသည်။

UWSA ဒုဥက္ကဋ္ဌ ဦးလော့ယာကုနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
အပစ်ရပ် (၇) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အနေဖြင့် NCA မူအတိုင်း အခြေခံသွားမည်ဖြစ်ကြောင်း PPST မှ ပြောခွင့်ရပုဂ္ဂိုလ် နန်းယဉ်ယဉ်စိုးက CNI သို့ ပြောသည်။
နန်းယဉ်ယဉ်စိုးက “အစ်မတို့ကတော့ ဒီမိတ်ဖက် ပဋိပက္ခရှိတယ်၊ ရန်ဖက် ပဋိပက္ခ ရှိတယ်ပေါ့နော်။ အစ်မတို့က တော့ အခု မိတ်ဖက်ပဋိပက္ခနဲ့ သွားတယ်။ မိတ်ဖက် ပဋိပက္ခဆိုတာက တွေ့ဆုံ ဆွေးနွေးရေး လမ်းကြောင်းကို အစ်မတို့က ရွေးထားတဲ့ အတွက်ကြောင့်မို့လို့ မိတ်ဖက်ပဋိပက္ခနဲ့ သွားတဲ့အခါအပေါ်မှာ ရန်ဖက် ပဋိပက္ခတွေ က တော့ ရန်-ငါ-စည်း ပြတ်ဆိုတဲ့အတိုင်းပဲ စစ်ဘောင်တွေကို ချဲ့လာမယ်ဆိုရင်တော့ အစ်မတို့ အားလုံးက ထိခိုက် ကြမှာ ပြည်သူလူထုတွေပဲ ဖြစ်တယ်။ ဒါကြောင့်မို့ အစ်မတို့က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတဲ့ ဆွေးနွေးရေး လမ်းကြောင်းကို ရွေးတဲ့အခါမှာ အနည်းနဲ့အများ စစ်ဘောင်တွေက ကျဉ်းသွားမယ်၊ နေ့စဉ် ပြည်သူ တွေ နိစ္စဓူဝ ခံစားနေရတဲ့ သေကြေမှုတွေ လျော့လာမှာပေါ့နော်။ ဒါကြောင့် အစ်မတို့က နိုင်ငံရေးဘောင်ကို ကျယ် သထက်ကျယ်၊ ဆွေးနွေးရေးဘောင်ကို ချဲ့ပြီးတော့မှ စစ်ဘောင်ကို ကျဉ်းခြင်းအားဖြင့် လက်တွေ့ ပြည်သူလူထု တွေကတော့ နေ့စဉ် သေကြေနေတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ထိခိုက်ခံစားနေရတဲ့ ဟာတွေကတော့ လက်တွေ့မှာက တော့ အနည်းနဲ့ အများတော့ လျော့ကျသွားမှာ အမှန်ပဲပေါ့” ဟု ပြောသည်။

NMSP ဒုဥက္ကဋ္ဌ နိုင်အောင်မင်းနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
ထို့ကြောင့် အဖွဲ့အစည်းများ အားလုံး ပြည်သူလူထု၏ ဆုံးရှုံးနစ်နာမှုကို ထည့်သွင်း စဉ်းစားသင့်ကြောင်း ၎င်းက ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် တပ်မတော်က အာဏာရယူပြီးနောက်ပိုင်း ကရင်ပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့တွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့၊ ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွား လျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1371
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၇
လက်ရှိ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော နိုင်ငံရေးနှင့် စီးပွားရေး အကျပ်အတည်းကို ဖက်ဒရယ်ဒီမိုကရေစီဖွဲ့ စည်းပုံအခြေခံဥပဒေ ပြန်လည်ရေးဆွဲကျင့်သုံးနိုင်မှ ဖြေရှင်းနိုင်မည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ် မတော်(SSPP/SSA)က ထုတ်ပြန် ပြောကြားခဲ့သည်။
သြဂုတ် ၁၆ ရက်နေ့က ကျရောက်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) တည်ထောင်ခြင်း ၅၁ နှစ်ပြည့် နှစ် ပတ်လည်နေ့ ထုတ်ပြန်ချက်တွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စုအတွင်း လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရသည့် နိုင်ငံရေးအကျပ်အတည်းများ၊ စီးပွားရေး အကျပ် အတည်းများနှင့် လူမှုပြဿနာများကို ဖြေရှင်းနိုင်သည့် နည်းလမ်းများ ရှာဖွေရန် အထူးပင်လိုအပ်နေကြောင်း၊ ပကတိဖြစ်တည်နေသော နိုင်ငံရေး အကျပ်အတည်းများကို ဝိုင်းဝန်းမဖြေရှင်းနိုင်သေးသရွေ့ ပြည်တွင်းစီးပွား ရေး အကျပ်အတည်းနှင့် လူမှုရေးပြဿနာများကို ဖြေလျှော့ပြေလည်နိုင်မည်မဟုတ်ကြောင်း သတိချပ်စေလိုပါ သည်ဟု SSPP က ပြောသည်။
SSPP က “ဤအကျပ်အတည်းများကို စုပေါင်းဖြေရှင်း ကျော်လွှားနိုင်ရန်အတွက် အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်ရေးဆွဲကျင့်သုံးရေး၊ အကျဉ်းကျခံ နိုင်ငံရေးအကျဉ်းသားများ လွှတ်မြောက်ရေး၊ မတရား ဖိနှိပ်သတ်ဖြတ်မှုများ ရပ်တန့်ရေးနှင့် အားလုံး ပါဝင်သည့် အစစ်အမှန် နိုင်ငံရေး ဖြေရှင်းမှု အဝန်းအဝိုင်း ဖန်တီးရေး စသည့် အခြေအနေများ အထူးလိုအပ်ပါသည်”ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နစက အဖွဲ့၀င်များ
ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေးကို ပြည်သူက ရွေးချယ်ထားသည့်အတွက် မိမိအနေဖြင့် ငြင်းစရာမရှိကြောင်း ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု၊ ဒီမိုကရေစီ အုပ်ချုပ်ရေးနှင့် ဖက်ဒရယ်အာဏာ ကို ပေးထားသည့် ပြည်ထောင်စုကို သွားရမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သြဂုတ် ၁၆ ရက်က ပြောသည်။
၎င်းက “ ကျနော် SSPP အဖွဲ့နဲ့ ဆွေးနွေးတယ်၊ ကျနော်တို့ အားလုံး အောင်မြင်ပါတယ်။ အခုနက ပြောတဲ့ ပါတီ စုံ ဒီမိုကရေစီစနစ်နဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးနဲ့ ဖက်ဒရယ်အာဏာကို ပေးထားတဲ့ ပြည်ထောင်စုတည်ဆောက် ရေးကို ခင်ဗျားတို့ လက်ခံလားမေးတော့၊ အကုန်လက်ခံတယ်ပြောတယ်။ ကျနော် ဒုတိယအကြိမ်ပြန်တွေ့မယ်။ ဒီလထဲမှာ ပြန်တွေ့ဖို့ ကြိုးစားနေတယ်”ဟု ပြောသည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးနှင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် နစကဥက္ကဋ္ဌ သည် မေလ ၂၀ ရက်မှ သြဂုတ် ၄ ရက်အတွင်း တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးထား သည်။ စက်တင်ဘာလတွင် ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း နစကဘက်က ပြောသည်။

SSPP ဒုဥက္ကဋ္ဌ(၁)နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၂ ခုနှစ်၊ သြဂုတ် ၄ ရက်နေ့က တွေ့ဆုံစဉ်
လက်ရှိ မြန်မာနိုင်ငံတွင် တပ်မတော်က NLD ပါတီ ဦးဆောင်သည့် အရပ်သားအစိုးရကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က ဖြုတ်ချ၍ နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာထားခြင်းအပေါ် ပြည်သူလူထုက ဆန့်ကျင် ကန့်ကွက်လျက်ရှိနေသည်။
ထို့နောက် ဖြုတ်ချခံပါတီမှ လွှတ်တော်အမတ်များ ဦးဆောင်၍ ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် လူငယ် များသည် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ကို ဖွဲ့စည်းကာ မြန်မာ့တပ်မတော် ဖြုတ်ချရေး ကြိုးပမ်းလျက်ရှိသည်။
အဆိုပါ အခြေအနေများကြားတွင် မြန်မာနိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် အထွေထွေ အခန်းကဏ္ဍများ အကျပ်အတည်းဖြစ်ကာ အခက်အခဲများဖြင့် ပြည်သူများ ရင်ဆိုင်နေကြ ရသည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 1075
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၆
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာသည် မြန်မာနိုင်ငံသို့ သြဂုတ် ၁၆ ရက် နေ့ နံနက်ပိုင်းက ရောက်ရှိလာခဲ့သည်။
ထို့နောက် သြဂုတ် ၁၇ ရက်နေ့တွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံရေး အခြေအနေများ အပါအဝင် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရေး အခြေအနေများကို ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။
မစ္စနိုလင်းဟေဇာသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် သူမ တာဝန်ယူနေစဉ်အတွင်းမှာ မြန်မာနိုင်ငံသို့ ယခုခရီးစဉ်သည် ပထမဆုံးအကြိမ် လာရောက်သည့် ခရီးစဉ်ဖြစ်သည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 1171
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၆
ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံရေး ရာထူးရရှိခဲ့သူများနှင့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၄၉၁ ဦးကို နိုင်ငံရေးပင်စင်ချီးမြှင့်ငွေ ထုတ်ပေးခဲ့သည်ဟု နစက-က သြဂုတ် ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံရေးရာထူးရရှိခဲ့သူများနှင့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များအတွက် တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေး ပင်စင်ချီးမြှင့်ငွေကို ခံစားခွင့်ပြုနိုင်ရန် တင်ပြလျှောက်ထားလာမှုများအား သက်ဆိုင်ရာဌာနများနှင့် လွှတ်တော်ရုံးများက သတ်မှတ် ချက်များနှင့် ကိုက်ညီသူများကို ထုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ပုဂ္ဂိုလ်များမှာ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်(၉)ဦး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ပုဂ္ဂိုလ် (၅၀)ဦး၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်(၁၅၂)ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၈၈)ဦး၊ တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၉၂)ဦး စုစုပေါင်း ၄၉၁ ဦးအား တစ်လုံးတစ်ခဲတည်း သော နိုင်ငံရေးပင် စင်များကို ခံစားခွင့်ပြုခဲ့ပြီး ဖြစ်သည်ဟု နစက-က ထုတ်ပြန်ခဲ့သည်။
၎င်းတို့အား တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင်ချီးမြှင့်ခဲ့ရာ ယနေ့အထိ ငွေကျပ်သန်းပေါင်း ၄၀၄၀ သန်း ကျော်ရှိကြောင်း သိရသည်။
နစက ထုတ်ပြန်ချက်
ထိုနိုင်ငံရေးပင်စင်ချီးမြှင့်ငွေရရှိခဲ့သူများမှာ အမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ၂၁၇ ဦး၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီမှ ၅ ဦး၊ တအောင်း(ပလောင်)အမျိုးသားပါတီမှ ၆ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၉၈ ဦး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ၄၃ ဦး၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၃ ဦး၊ ရခိုင်အမျိုးသားပါတီမှ ၃၉ ဦး၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီမှ ၄ ဦး၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ၄ ဦး၊ မွန် အမျိုးသားပါတီမှ ၂ ဦး၊ ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီမှ ၂ ဦး၊ ဒီမိုကရေစီပါတီသစ်(ကချင်)မှ ၁ ဦးတို့ ဖြစ်သည်။
ထို့နောက် ကရင်ပြည်သူ့ပါတီမှ ၁ ဦး၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ၁ ဦး၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ၁ ဦး၊ မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ၁ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ၁ ဦး၊ ပြည်သူ့ရှေ့ ဆောင်ပါတီမှ ၁ ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ၁ ဦး၊ “ဝ” ဒီမိုကရက်တစ်ပါတီမှ ၁ ဦး၊ အမျိုးသား ညီညွတ်သော ဒီမိုကရက်တစ်ပါတီမှ ၁ ဦး၊ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၁ ဦး၊ လားဟူ အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၁ ဦး၊ နိုင်ငံရေးပါတီမဟုတ်သူ ၄၃ ဦး၊ တစ်သီး ပုဂ္ဂလ ၁၃ ဦး တို့ဖြစ် သည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 1564
CNI News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၆
မြန်မာ့တပ်မတော်ကြား တိုက်ပွဲများ ဖြစ်ပွားလာခဲ့ခြင်းကြောင့် KNU လှုပ်ရှားနယ်မြေအတွင်း တိုက်ပွဲရှောင် ၃ သိန်းကျော် အထိရှိလာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က သြဂုတ် ၁၆ ရက်တွင် ထုတ်ပြန်ခဲ့ သည်။
KNU ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း သထုံခရိုင် တပ်မတော်(၁)၊ တောင်ငူခရိုင် တပ်မတော် (၂)၊ ညောင် လေးပင်ခရိုင် တပ်မတော်(၃)၊ ဘိတ်-ထာဝယ်ခရိုင် တပ်မတော်(၄)၊ မူတြော်ခရိုင် တပ်မတော်(၅)၊ ဒူးပလာယာ ခရိုင် တပ်မတော်(၆) နယ်မြေများအတွင်းမှာ တိုက်ပွဲများ နေ့စဉ် ဖြစ်ပေါ်နေပြီး ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု KNU က ထုတ်ပြန်ခဲ့သည်။
ထို့နောက် သထုံခရိုင်တွင် ၉၄၇၆၈ ဦး၊ တောင်ငူခရိုင်တွင် ၇၅၃၇ ဦး၊ ညောင်လေးပင်ခရိုင်တွင် ၆၁၈၉၈ ဦး၊ ဘိတ်-ထာဝယ်ခရိုင်တွင် ၆၀၀၀ ဦး၊ မူတြော်ခရိုင်တွင် ၉၆၁၈၀ ဦး၊ ဒူးပလာယာခရိုင်တွင် ၉၀၂၉၁ ဦး စုစုပေါင်း ၃၅၆၆၇၄ ဦးအထိ ရှိလာကြောင်း KNU က ပြောသည်။
KNU က “ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအတွက် နေရာထိုင်ခင်း၊ စားဝတ်နေ ရေး၊ ကျန်းမာရေး၊ လုံခြုံရေး လိုအပ်ချက်များကို KNU ၊ KNLA၊ KNDO တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍများ အလိုက် တာဝန်ယူ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်”ဟု ပြောသည်။
KNU ထိန်းချုပ်နယ်မြေအတွင်း တိုက်ပွဲရှောင်နေကြသူများ စာရင်း (KNU-fb)
နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ လေ့လာနေသူ တစ်ဦးကတော့ KNU သည် နွေဦးတော်လှန်ရေး ကနေ ပေါက်ဖွားလာသော လူငယ်များကို စောင့်ရှောက်ရင် စစ်ပွဲအတွင်းသို့ ပါဝင်လာခဲ့ခြင်းကြောင့် KNU ထိန်း ချုပ်နယ်မြေအတွင်းမှာ တိုက်ပွဲရှောင်များ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း၊ တိုက်ပွဲရှောင်များလာသည့်နှင့်အမျှ KNU အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာနိုင်ကြောင်း ပြောသည်။
KNU က “လက်ရှိအခြေအနေအတွင်း ကရင်အမျိုးသားအစည်းအရုံးနှင့် လက်အောက်ခံ တပ်ဖွဲများ ဖြစ်ကြသော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်မျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့မှ အာဏာသိမ်း စစ်ကောင်စီတပ်များနှင့် ရင်ဆိုင်တိုက်ပွဲများကို နေ့စဉ် ရင်ဆိုင် တိုက်ခိုက်နေရပြီး စစ်ရေးကုန်ကျ စာရိတ်များနှင့် စစ်ရေး လိုအပ်ချက်များကို စီစဉ်ဆောင်ရွက်နေရသည့်အပြင် စစ်ဘေးရှောင် ပြည်သူများ၏ လိုအပ်ချက်များအတွက်လည်း တစ်ပြိုင်တည် စီစဉ်ဆောင်ရွက် နေရပါသည်”ဟု ပြောသည်။
ထို့နောက် KNU သည် ကရင့်အမျိုးသားတော်လှန်ရေးကို ဦးဆောင်နေပြီး ကရင်တစ်မျိုးသားလုံး လွတ်လပ်ရေး နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးတို့အတွက် နိုင်ငံရေးတိုက်ပွဲ စစ်ရေးတိုက်ပွဲများကို ကရင့်လက်နက်ကိုင် တော်လှန်ရေး စတင်သည့် အချိန်မှစ၍ ယနေ့ထိတိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု ထုတ်ပြန်ခဲ့ သည်။
KNU တပ်ဖွဲ့ကိုတွေ့ရစဉ် (KNU-fb)
အလားတူ KNU လက်အောက်ခံ KNLA၊ KNDO တို့မှာ ကရင်တစ်မျိုးသားလုံး၏ လုံခြုံရေးကို ကာကွယ် စောင့် ရှောက်ပြီး ကရင်တစ်မျိုးသားလုံး ဖိနှိပ်ခံဘဝမှ လွတ်မြောက်ရန် မိမိတို့၏ အသက်ကိုပင် ပဓာနမထားဘဲ တိုက်ပွဲဝင်လျက်ရှိကြောင်း KNU က ပြောသည်။
လက်ရှိတွင် KNU သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ဖြစ်ပေါ်ခဲ့သည့် နွေဦးတော်လှန်ရေး၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များကို လေ့ကျင့်သင်ကြားပေးခြင်းနှင့် ပူးတွဲ၍ မြန်မာ့တပ်မတော်ကို တိုက် ခိုက်ခြင်းဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်နိုင်ရေး တိုက်ပွဲဝင်လျက်ရှိနေသည်။
