- By CNI
- Category: နိုင်ငံရေး
- Hits: 1463
CNI News
၂၀၂၂ ခုနှစ်၊ မေလ ၂၀
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်တို့ ယနေ့ (မေလ ၂၀ ရက်) နေပြည်တော်မှာ တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးကြကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံမှုတွင် နစကဘက်မှ နစကဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နစကဒုဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နစကအဖွဲ့ဝင်များဖြစ်သည့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် နစကအဖွဲ့ဝင် တစ်ဦးတို့ တက်ရောက်ခဲ့သည်။
အလားတူ RCSS ဘက်မှ ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီးစိုင်းငင်း နှင့် နောက်တစ်ဦး တက်ရောက်ခဲ့သည်။
ထို့နောက် နစကအဖွဲ့ဝင် သုံးဦးပါသည့် ကော်မတီနှင့် RCSSမှ ကိုယ်စားလှယ်များ ထပ်မံ တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1300
CNI News
၂၀၂၂ ခုနှစ်၊ မေ ၁၉
နစကမှ ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မနက်ဖြန် မေလ ၂၀ ရက်တွင် စတင်မည်ဖြစ်ကြောင်း နစက သတင်း ထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
အဆိုပါ ဆွေးနွေးပွဲကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (၁၀) ဖွဲ့ တက်ရောက် မည်ဖြစ်ကြောင်း သိရသည်။
မေလ ၂၀ ရက်နေ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် အရင်ဆုံး တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း၊ ၃ ရက်ခြား တစ်ဖွဲ့နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
PPST ကိုယ်စားလှယ်များနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၁၈ ခုနှစ်၊ ဇူလိုင် ၁၂ ရက် တွေ့ဆုံစဉ်
နစက၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်မည့် လက်နက်ကိုင်အဖွဲ့များမှာ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော်(NDAA-မိုင်းလားအဖွဲ့)၊ ရှမ်းပြည် တိုးတက်ရေးပါတီ(SSPP) တို့ ဖြစ်ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1955
CNI News
၂၀၂၂ ခုနှစ်၊ မေလ ၁၉
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)မှ ကိုယ်စားလှယ်အဖွဲ့နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် တို့ မေလ ၂၀ ရက်(မနက်ဖြန်) တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲကို နေပြည်တော်မှာ ကျင်းပမည်ဖြစ်ကြောင်း ယနေ့ (မေလ ၁၉ ရက်) (၁၄)ကြိမ်မြောက် နစက သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ၎င်းက ပြောသွားခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မနက်ဖြန် စတင် ဆွေးနွေးပါမယ်၊ တစ်ဖွဲ့ချင်း ဆွေးနွေးမှာဖြစ်ပါ တယ်။ မနက်ဖြန် ပထမဦးဆုံး RCSS/SSA နဲ့ စဆွေးနွေးမည် ဖြစ်ပါတယ်။ ဒီနေ့ သူတို့ ရောက်နေပါပြီ။ ပြီးရင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ၃ ဦးပါတဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ဆက်ဆွေးနွေးမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
၂၀၁၈ ခုနှစ်၊ဇူလိုင် ၁၂ ရက်နေ့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ RCSS အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီးစိုင်းငင်း နှုတ်ဆက်နေစဉ်
RCSS နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ တွေ့ဆုံသည့်အခါ နံပါတ်တစ် EAO များ၏ လိုအင်ဆန္ဒ၊ နံပါတ်နှစ် နိုင်ငံ တော်အစိုးရက လိုလားချက်၊ နံပါတ်သုံး EAO များ လိုအင်ဆန္ဒနှင့် နိုင်ငံတော်အစိုးရ လိုလားချက် ညှိနှိုင်းခြင်း၊ နံပါတ် လေး နောင်အနာဂတ်တွင် မည်သည့် ကိစ္စများ လုပ်ကိုင်ဆောင်ရွက်မည်လဲ စသည့် အကြောင်းအရာများကို အခြေခံ ဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
ထို့နောက် ၃ ရက်ခြား တစ်ခါ နောက်ထက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြင့် ဆက်လက် ဆွေးနွေးသွားမည် ဖြစ် ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တွေ့ဆုံ ဆွေးနွေးမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်မည်ဟု RCSS ၊ NMSP၊ PNLO၊ DKBA၊ KNU/KNLA-PC၊ ALP၊ LDU၊ UWSA၊ NDAA၊ SSPP စသည့် လက်နက်ကိုင် အဖွဲ့အစည်းများ တက် ရောက်ကြမည် ဖြစ်သည်။
အဆိုပါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ထဲမှ ၃ ဖွဲ့သာ ဥက္ကဋ္ဌများ တက်ရောက်မည်ဖြစ်ပြီး ကျန်အဖွဲ့များက ဒုဥက္ကဋ္ဌ နှင့် တွဲဖက်အတွင်းရေးမှူးများသာ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1419
CNI News
၂၀၂၂ ခုနှစ်၊ မေလ ၁၉
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် ၉ မြို့နယ်တွင် ဇွန်လ ပထမအပတ်၌ စတင်ပြီး တအာင်းအမျိုးသား ကိုယ်ပိုင်ကျောင်း ဖွင့်လှစ်သွားမည်ဟု ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော် က CNI သတင်းဌာနသို့ ပြောသည်။
အဆိုပါ တအာင်းကိုယ်ပိုင် ကျောင်းများကို တအာင်းအမျိုးသား ပညာရေးကော်မတီ (TNEC) မှ ဦးဆောင် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။
ဗိုလ်မှူးမိုင်းအိုက်ကျော်က “မြို့နယ် အတိအကျတော့ ကျနော်မသိရဘူး။ ဘယ်နှစ်ကျောင်းလဲဆိုတာ၊ အဓိကတော့ ကျနော်တို့ နမ့်ခမ်းရယ်၊ ဒီမူဆယ်ရယ်၊ ကွတ်ခိုင်ရယ်၊ လားရှိုး အချို့တစ်ဝက်ပါမယ်၊ နမ္မတူ၊ မန်တုံ၊ နမ့်ဆန်၊ ကျောက်မဲ၊ မိုင်းမောဖက် အဲဒီ မြို့နယ်တွေ ပါတာပေါ့နော်၊ ကျေးရွာကတော့ ကျောင်းပေါင်းကတော့ ဘယ်လောက်ဆိုတာ မသိရသေးဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။
တအာင်းကိုယ်ပိုင်ကျောင်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ၂၀၂၀ ခုနှစ်မှ စတင်ကာ အခြေခံပညာကျောင်းများ ပိတ်ထားရ သည့်အတွက် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ကျောင်းဖွင့်လှစ်သည့်အခါ တအာင်းစာပေအပြင် အခြားဘာသာရပ်များ၊ အခြား လူမျိုးစုများ၏ ကျေးရွာများတွင် ၎င်းတို့၏ စာပေများကို သင်ကြားသွားမည်ဟု သိရသည်။
အဆိုပါ တအာင်းကိုယ်ပိုင်ကျောင်းကို တအာင်းအမျိုးသားပညာရေးကော်မတီ(TNEC) မှ ပထဆုံးအကြိမ် ဖွင့်လှစ်ရန် ကြိုးပမ်း ခြင်းဖြစ်ကြောင်း၊ ကျောင်းပေါင်း ၅၀၀ ဖွင့်လှစ်ရန် ခန့်မှန်းထားကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) မှ ပြောရေး ဆိုခွင့်ရှိသူ လွေးချီဆငါးက CNI သတင်းဌာနသို့ ပြောသည်။
တအာင်း အဖွဲ့အစည်းများ စာပေ သင်ကြားနိုင်ရေး ကြိုးပမ်းနေစဉ်
လွေးချီဆငါးက “ဟုတ်ကဲ့ ကျောင်းဖွင့်တာကတော့ ကောင်းတယ်လို့တော့ ကျမတို့မြင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီအတိုင်း ထားနေမယ့်အစား ကျမတို့ကလေး ဒီနေရာမှာ ပြန်ကြည့်မယ်ဆိုရင်တော့ ၂၀၂၀ နဲ့ ဒီနှစ်ဆက်ပြီးမှ ကျောင်းမဖွင့်ရရင် ၃ နှစ် လောက် ရှိတော့မယ်ဆိုတော့ ကလေးတွေလည်း တော်တော်များများက စာမသင်တဲ့ကလေးတွေ အများကြီး တွေ့နေရတာ ပေါ့၊ တချို့ကလေးတွေဆိုလည်း စောစောစီးစီး အိမ်ထောင်ကျ သွားတာတွေ ရှိတယ်၊ တချို့ကလေးတွေဆိုလည်း တခြား ဒေသမှာ အလုပ်သွားလုပ်ရတဲ့ ဟာတွေလည်း ရှိနေတယ်၊ တချို့ကလေးတွေဆိုလည်း လုံးဝကို ဒီစာပိုင်းမှာ မေ့ပျောက်ပြီး တော့ စာမတတ်တဲ့ ကလေးတွေလည်း အများကြီး တွေ့နေရတာပေ့ါနော်၊ ဒီလို ကျောင်းပြန်ဖွင့်တာက တကယ်ဝမ်းသာစရာ သတင်းတစ်ခု ဖြစ်တယ်” ဟု ပြောသည်။
TNEC က ဖွင့်လှစ်ရန် ပြင်ဆင်နေသည့် ကျောင်းများတွင် သင်ကြားမည့် သင်ရိုးညွန်းတန်းမှာ ယခင်အစိုးရ လက်ထက်က သင်ရိုးညွှန်းတမ်းများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ ပြုလုပ်နေသည့် သင်ရိုးညွှန်းတမ်းကို အခြေခံပြီး သင်ကြား သွားမည်ဖြစ်ကြောင်း လွေးချီဆငါးက ပြောသည်။
ပထမဆုံးအကြိမ် ဖွင့်လှစ်ခြင်း ဖြစ်သည့်အတွက် ငွေကြေးပိုင်းဆိုင်ရာတွင် အခက်အခဲများ ရှိနေကြောင်း၊ အခြားသော အဖွဲ့အစည်းများ အနေဖြင့်လည်း ပညာရေးနှင့် ပတ်သက်၍ အကူအညီပေးရန် တောင်းဆိုကြောင်း ၎င်းက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1543
CNI News
၂၀၂၂ ခုနှစ်၊ မေလ ၁၈
နစကဥက္ကဋ္ဌ ကိုယ်တိုင် တွေ့ဆုံ ဆွေးနွေးမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်မည့် လက်နက်ကိုင် အဖွဲ့များတွင် ဥက္ကဋ္ဌများ ကိုယ်တိုင် တက်ရောက်လာရေး ညှိနှိုင်းနေကြသည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း(EAO)များမှ ခေါင်းဆောင်များ ဖြင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း၊ ဥက္ကဋ္ဌနှင့်အတူ ကိုယ်စားလှယ်နှစ်ဦး တက်ရောက်နိုင်ကြောင်း၊ တက်ရောက်မည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ် စာရင်းများကို မေလ ၉ ရက်နေ့ နောက်ဆုံးထား စာရင်းပေးစေလိုကြောင်း ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၂ ရက်က ပြောကြားခဲ့သည်။
PNLO မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ကျနော်တို့ ၁၀ ပေါ့၊ မြောက်ပိုင်းက ၃ ဖွဲ့နဲ့ ကျနော်တို့ လက်မှတ်ထိုး ၇ ဖွဲ့၊ နာမည် စာရင်းတွေတော့ ရောက်သွားပြီလို့ ကြားရပါတယ်။ သို့သော်လည်းပဲ နာမည်စာရင်းတွေထဲမှာ တချို့က ဥက္ကဋ္ဌ အဆင့်ပါတယ်။ တချို့ကတော့ ဥက္ကဋ္ဌအဆင့် မပါဘူး။ အဲဒီအပေါ်မှာ နည်းနည်းပြန်ပြီးတော့ ထိန်းညှိချင်တဲ့ သဘော ထင်တယ်။ စစ်ကောင်စီဘက်က ဥက္ကဋ္ဌ အဆင့်ကြီးပဲ အားလုံးလိုချင်တဲ့ အခါကျတော့ နည်းနည်းလေး စာရင်းက မပြည့်စုံတဲ့ သဘော ဖြစ်နေတယ်လို့ ယူဆရတယ်။ ဒါကြောင့် သူတို့ အနေနဲ့ နည်းနည်း ဆက်လက် ကြိုးပမ်းနေတဲ့သဘောဖြစ်တယ်။ ဒါကြောင့် ရက်တွေ ဘာတွေ ချိန်းဆိုတာတွေ ဘာမှ မကြားသေးဘူးဗျ ”ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (EAO) ၂၀ ဖွဲ့အနက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ထိုးထားသည့် DKBA၊ KNU/KNLA-PC၊ RCSS၊ NMSP၊ PNLO၊ ALP၊ LDU တို့ တက်ရောက်မည် ဖြစ်ပြီး NCA မထိုးရသေးသည့် အဖွဲ့များထဲမှ SSPP၊ UWSA၊ NDAA တို့ တက်ရောက်မည် ဖြစ်သည်။
အဆိုပါ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်မည့် လက်နက်ကိုင် ၁၀ ဖွဲ့ထဲမှ တချို့အဖွဲ့များသည် ဥက္ကဋ္ဌ သို့မဟုတ် ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်မည် မဟုတ်ဘဲ တွဲဘက်အတွင်းရေးမှူး တာဝန်ယူထားသော ကိုယ်စားလှယ်များသာ တက်ရောက်မည် ဖြစ်သည့်အတွက် protocol အရ အခက်အခဲ အနည်းငယ် ဖြစ်နေကြောင်း သိရသည်။
မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “တချို့အဖွဲ့တွေအတွက် ထစ်နေတယ်။ ကျနော် အဲဒီလို ထင်တာ။ ကျနော်တို့ PNLO ကတော့ ဥက္ကဋ္ဌအဆင့် မသွားဘူး။ ဆရာ ခွန်ထွန်းတင် ဆိုတာ တွဲဘက်အတွင်းရေးမှူးကို လွှတ်တယ်ဗျ။ အဲဒီလိုမျိုးပေါ့ဗျာ၊ လားဟူ ကလည်း တွဲဘက် အတွင်းရေးမှူး သွားမယ့်သဘောရှိတယ်။ ဒါကြောင့် အတွင်းရေးမှူးအဖွဲ့လောက်နဲ့ သွားတဲ့အဖွဲ့တွေရှိသလို ဥက္ကဋ္ဌအဆင့် သွားတဲ့အဖွဲ့တွေ ရှိတော့ အဲဒါကို ဘယ်လိုချိန်ကိုက် ထိန်းညှိမလဲဆိုတာတော့ ကျနော်တို့ မသိသေးဘူး၊ နေပြည်တော် ဘက်က အစီအစဉ် ဆွဲနေတုန်းပဲနဲ့တူပါတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့မဆိုင်ဘူး အခုက ပရိုတိုကောအရ အခုပေးတဲ့စာရင်းကို သူတို့လက်ခံနိုင်၊ လက်မခံနိုင်၊ နည်းနည်း ညှိနှိုင်းနေတဲ့သဘောရှိတယ်”ဟု CNI သတင်းဌာနသို့ ပြော သည်။
နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တွေ့ဆုံမည့် နေ့ရက်နှင့်အချိန်ကို EAO များ အဆိုပြုသည့်အတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မိမိတို့ကတော့ အမြန်ဆုံး စတင်သွားရန် ပြင်ဆင်ထားကြောင်း ပြောထားသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ကျနော်တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်မည့် အမည်စာရင်းကို မေလ ၉ ရက်နေ့မှာ တောင်းခဲ့ပါတယ်။ အခုချိန်မှာတော့ NCA လက်မှတ်ထိုးပြီးသား အဖွဲ့ ၇ ဖွဲ့၊ NCA မထိုးရသေးတဲ့ အဖွဲ့ ၃ ဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့ က တက်ရောက်မယ်ဆိုတဲ့ဟာ စာရင်းပေးပို့ရရှိပြီး ဖြစ်ပါတယ်။ ကျန်တဲ့အဖွဲ့တွေကတော့ သိတဲ့အတိုင်းပဲ သူတို့ ကြေညာချက်တွေ ထုတ်ပြီး မတက်ရောက်ဘူးဆိုတာတွေ တွေ့ရပါတယ်။ တချို့အဖွဲ့တွေကတော့ သူတို့အတွင်းမှာ ညှိနှိုင်း တိုင်ပင် နေလို့ စောင့်ကြည့်ချင်တဲ့သဘော ပြောတာရှိပါတယ်။ ဆွေးနွေးပွဲကတော့ ကျနော်တို့ ဆွေးနွေးဖို့ စာရင်းပေးထားတဲ့ EAO အဖွဲ့တွေရဲ့ သူတို့အဆင်ပြေနိုင်မယ့်အချိန်ကို ကျနော်တို့ ဦးစားပေး စဉ်းစားထားတာဖြစ်ပါတယ်။ ကျနော်တို့ကတော့ အမြန်ဆုံး စနိုင်ဖို့ ပြင်ဆင်ထားပါတယ်”ဟု ပြောသည်။
လက်ရှိတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မည်သည့် ရက်၌ ကျင်းပမည်ကို မသတ်မှတ်ရသေးကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1447
CNI News
၂၀၂၂ ခုနှစ်၊ မေလ ၁၈
နွေဦးတော်လှန်ရေးအင်အားစုများဖြစ်သည့် PDF များကို နိုင်ငံတကာမှ လက်နက်ထောက်ပံ့ပေးရန်မှာ ဖြစ်နိုင်ခြေ နည်းပါး ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
ရုရှားတပ်များကို တိုက်ခိုက်နေသည့် ယူကရိန်း နိုင်ငံသားများအား နိုင်ငံတကာက အထောက်အပံ့များ ပေးအပ်နေသလို တပ်မတော်ကို တိုက်ခိုက်နေသည့် PDF များကိုလည်း လက်နက် တပ်ဆင်ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က နိုင်ငံတကာထံ အကူအညီ တောင်းဆိုခဲ့သည်။
ဦးသန်းစိုးနိုင်က “နိုင်ငံတကာ တရားဝင် လမ်းကြောင်းကနေ ထောက်ပံ့နိုင်တဲ့ အကြောင်းအချက် မရှိပါဘူး။ နိုင်ငံတကာကနေ ပြီးတော့ အခုပြောဆိုနေတာက ငြိမ်းချမ်းစွာ အားလုံး ပါဝင်တက်ရောက် ဆွေးနွေးကြဖို့ သဘောထားက ကုလသမဂ္ဂရော၊ နောက်ပြီးတော့ ကျနော်တို့ အာဆီယံအဖွဲ့ကရော၊ အမေရိကန်နိုင်ငံကရော အဲဒီ သဘောထား ရှိပါတယ်။ ဒါပေမဲ့ ဒီ NUG ကာကွယ်ရေးဌာန အနေနဲ့တော့ ကျနော်တို့ ယူကရိန်းမှာ နိုင်ငံတကာကနေပြီးတော့ ဝိုင်းဝန်းပြီးတော့ လက်နက်တွေ ပံ့ပိုးနေသလို ဗမာပြည်ကိုလည်း ပံ့ပိုးဖို့ ဆိုတာကတော့ သူ့ဘက်က သူ့အခက်အခဲအရ သူက တင်ပြတာ ဖြစ်ပါတယ်၊ တကယ် ဖြစ်နိုင်ခြေ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ အခြေခံပြဿနာက ယူကရိန်းက ပြည်ပနိုင်ငံက ကျူးကျော်မှု ဖြစ်ပါတယ်။ အခု နွေဦးတော်လှန်ရေးဖြစ်ရတဲ့ အကြောင်းက ဗမာပြည်က စစ်ကောင်စီက ပြည်သူလူထုကို အကြမ်းဖက်၊ သတ်ဖြတ်၊ ဖမ်းဆီး၊ ရွာမီးရှို့၊ ဗုံးကြဲ ဒီအလုပ်တွေ လုပ်နေလို့ ဖြစ်နေတဲ့ ပြည်တွင်းရေး ပြဿနာဖြစ်ပါတယ်။ အဲဒါကြောင့် တရားဝင်အရတော့ နိုင်ငံတကာ ကနေပြီးတော့ လက်နက်ထောက်ပံ့ရေးဆိုတာ ဖြစ်နိုင်ခြေ အတော်နည်းပါတယ်။ သို့သော် တရားမဝင်တဲ့ လမ်း ကြောင်းက ပံ့ပိုးနိုင်တာတွေတော့ သူတို့ ဆက်လက် ပံ့ပိုးမယ်လို့တော့ ကျနော်တော့ မျှော်လင့်ရပါတယ်” ဟု ပြောသည်။
ယူကရိန်းကို နိုင်ငံတကာက လက်နက်ထောက်ပံ့(Reuters)
မြန်မာနိုင်ငံအတွက် နိုင်ငံတကာ အသိုက်အဝန်း၏ ရပ်တည်ချက်မှာ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုဖြစ်ပြီး ယင်းအတွက် ကျေးဇူးတင်ကြောင်းနှင့် လက်နက်နှင့် ရန်ပုံငွေကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာ အထောက်အပံ့များ ရရှိပါက ပို၍ကျေးဇူးတင်မိမှာ ဖြစ်ကြောင်း NUG ဝန်ကြီး ဦးရည်မွန်က ရိုက်တာသတင်းဌာနကို ၎င်း၏ လက်ရေးနှင့် မှတ်ချက်ပေးခဲ့သည်။
တော်လှန်ရေး အင်အားစုများကို လက်နက်ထောက်ပံ့ရန်မှာ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပြီးမှ ကူညီနိုင်မည်ဟု ယူဆကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။
ဦးရဲထွန်းက “သူက ကြားထဲမှာ တစ်ဆင့်တော့ ကျန်မှာပေါ့ဗျာ၊ သူက တရားဝင် အစိုးရဆိုတဲ့ဟာကို အသိအမှတ်ပြုပြီ ဆိုရင် တော့ အဲဒီနောက်ပိုင်းမှာ လက်နက်ခဲယမ်း မီးကျောက်တွေ ထောက်ပံ့တာတွေ ဘာတွေ ရှိနိုင်တာပေါ့။ ဥပမာ ကျနော်တို့ ယူကရိန်း လိုပေါ့။ ယူကရိန်းကကြတော့ ရုရှားက ဝင်ပြီးတော့ တိုက်တာ၊ ကျူးကျော်တာ ဆိုတဲ့အခါကြတော့ တရားဝင်အစိုးရ သူက ပြုတ်မကျဘူးလေ၊ တရားဝင် အစိုးရဖြစ်တော့ အဲဒါ လက်နက်ခဲယမ်း မီးကျောက်တွေပါ ကူမယ်ဆိုတော့ ပြောင် သူတို့ တရားဝင် ကူလို့ရတာပေါ့နော်။ ဆိုတော့ အဲဒီသဘောပေါ့၊ ဆိုတော့ လက်နက်ခဲယမ်း မီးကျောက်တွေ၊ ဘာတွေ ကူမယ်ဆိုလို့ ရှိရင် သူက တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုပြီးမှပဲ လာနိုင်မယ်လို့ ယူဆတယ်” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် တပ်မတော်မှ အာဏာရယူပြီးနောက် ဒီမိုကရေစီရေး လှုပ်ရှားမှုနှင့် အတူ လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွှဲလျက်ရှိနေသည်။
လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကယား (ကရင်နီ)ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်၊ ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1673
CNI News
၂၀၂၂ ခုနှစ်၊ မေလ ၁၇
မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကနေ ဖြေရှင်းရေးကို လက်မခံဘဲ လက်နက်ကိုင် တိုက်ခိုက်ခြင်း နည်းလမ်းဖြင့် လတ်တလော ဖြေရှင်းနေကြသော်လည်း တွေ့ဆုံဆွေးနွေးရေးကနေ ပြေးမလွတ်ဘူးဟု တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။
နိုင်ငံကြီးများနှင့် အာဆီယံသည် ဒီမိုကရေစီအရေးအရဖြစ်စေ သံတမန်အရေးအရဖြစ်စေ ထောက်ခံမှု ပြုသော်လည်း လက်နက်ကိုင် နည်းလမ်းဖြင့် ဖြေရှင်းမှုကို လက်မခံကြောင်း၊ ငြိမ်းချမ်းစွာတွေ့ဆုံ ဆွေးနွေးခြင်းကို လက်ခံရပ်တည်ကြောင်း မေလ ၁၆ ရက်နေ့ အမေရိကန်-အာဆီယံ ပူးတွဲထုတ်ပြန်ချက်ကို လေ့လာကြည့်ပါက သိနိုင်ကြောင်း ၎င်းက ပြောသည်။
ဗိုလ်မှူးကြီးခွန်ဥက္ကာ “ပြေးမလွတ်ပါဘူး။ ပြေးမလွတ်ပါဘူး။ ဘယ်ဘက်ကပဲ သာသာ၊ ဘယ်ဘက်ကပဲ နိမ့်နိမ့် အပြတ်ရှင်း အပြတ်ဖြိုတာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးတွေ အနှစ် ၇၀ ၊ အင်မတန် အင်အားကြီးခဲ့တဲ့အချိန် တပ်မတော် က ကျနော်တို့ ကို မဖြိုနိုင်ပါဘူး။ ကျနော်တို့လည်း တပ်ပေါင်းစုတွေ အမျိုးမျိုးဖွဲ့ပြီးတော့ ဗဟိုအစိုးရကို တိုက်ကြတယ်။ ဒါပေမယ့် သူ့ကိုလည်း မဖြိုနိုင်ပါဘူး။ နောက်ဆုံးကျတော့ ကျနော်တို့ ညှိနှိုင်းပြီးတော့မှ တပြည်လုံး အပစ်အခတ် ရပ်စဲရေး စာချုပ် နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်ရမယ်ဆိုတဲ့စာချုပ်က ပေါ်လာတယ်။ ဒါက ကျနော်တို့ရဲ့ သင်ခန်းစာပဲ၊ ဒါကြောင့် အဲဒီ (တွေ့ဆုံ ဆွေးနွေးရေး) လမ်းကြောင်း ပြေးမလွတ်ပါဘူး။ ဒီလက်နက်ကိုင် နည်းနဲ့ တစ်ဖက်ကို တစ်ဖက် ရှင်း တယ်ဆိုတာ ကျနော်တို့ တိုင်းပြည်ရဲ့ သမိုင်းအစဉ်အလာတော့ မရှိခဲ့ပါဘူး။ အဲဒါကြောင့် လက်နက်ကိုင်နည်းနဲ့ ပြဿနာကို လုပ်နေခဲ့တယ် ဆိုတာက အဲဒါက အပေါ်စီးရမလားဆိုပြီးတော့ လုပ်တဲ့ သဘောပဲ ရှိတယ်။ အပြတ်အသတ် အကြွင်းမဲ့ နိုင်သွားတဲ့သဘောကတော့ ကျနော်မတွေ့ဘူး၊ ကျနော်တို့ နှစ် ၇၀ လုပ်ခဲ့တဲ့ အခြေအနေပေါ့။ ဒါကြောင့် နောက်ဆုံးက တော့ ဘယ်ဘက်ကဖြစ်ဖြစ်ပေါ့၊ ဘယ်ဘက်ကပဲ သာသာ၊ ဘယ်ဘက်ကပဲ နာနာ နောက်ဆုံးကျတော့ ငြိမ်းချမ်းတဲ့နည်း နဲ့ တွေ့ဆုံဆွေးနွေး အဖြေ ရှာတာပဲ နိဂုံးချုပ်လိမ့်မယ် ”ဟု CNI သတင်းဌာနသို့ ပြော သည်။
တပ်မတော် ဆန့်ကျင့်ကြောင်း ဆန္ဒပြပွဲများ(EPA)
မြန်မာနိုင်ငံတွင် လက်နက်ကိုင် တော်လှန်ရေးဖြင့် ဖြေရှင်းခြင်းကို ပြည်သူက မလုပ်လိုသော်လည်း တပ်မတော်၏ လက်နက် ကိုင် အကြမ်းဖက်မှုများကြောင့် လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊ အမေရိကန်နှင့် အာဆီယံ၏ ငြိမ်းချမ်းစွာ ဖြေရှင်းရေး ရပ်တည်ချက်ကိုလည်း ပြည်သူနှင့် NUG က ကြိုဆိုသော်လည်း နစကဘက်က မဆောင်ရွက်ခြင်း ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
ဦးသန်းစိုးနိုင် “ တပြည်လုံးမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းပေးဖို့၊ သက်ဆိုင်တဲ့လူတွေအားလုံး စားပွဲဝိုင်း ဆွေးနွေးပွဲ ဝင်ပြီး ပြဿနာ ဖြေရှင်းကြဖို့ဆိုတာ အာဆီယံရဲ့ သဘောထားဖြစ်သလို ကုလသမဂ္ဂရဲ့သဘောထားဖြစ်တယ်။ အမေရိကန်က လည်း ဒီသဘောထားကို ရပ်ခံထားတယ်။ အဲဒီရပ်ခံမှုကနေပြီးတော့ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မယ့် ဘုံ သဘောတူညီချက် ၅ ချက်ကို အာဆီယံက ချခဲ့တာ။ ဒါကြောင့်လည်း အာဆီယံက ဒီရပ်တည်မှုအပေါ်မှာ အခြေခံပြီးတော့ ဒီနေ့ ဗမာပြည် ပြဿနာ ကို ကျနော်တို့ ငြိမ်းချမ်းတဲ့နည်းနဲ့ဖြေရှင်းမယ်ဆို အာဆီယံက ဘက်ပေါင်းစုံကနေ ကူညီဖို့ အသင့် ရှိ တယ်ဆိုတဲ့ သဘော ထားကို ဖော်ပြတယ်။ ဒီဖော်ပြချက်ကို ကုလသမဂ္ဂကရော၊ အမေရိကန်နဲ့ အနောက်ဥရောပကပါ ထောက်ခံ ကြိုဆိုတယ် ဆိုတဲ့အကြောင်း၊ ကျနော်တို့ ပြည်သူတွေကလည်း လိုလားတဲ့အကြောင်း၊ NUG ကလည်း လိုလား တဲ့အကြောင်း ကျနော်တို့ တင်ပြလိုတဲ့ သဘောထားပါ။ ဒါပေမယ့် အကြမ်းဖက်တဲ့နည်းလမ်းဆိုတာ ပြည်သူတွေရဲ့ ရွေးချယ် မှု၊ NUG ရဲ့ ရွေးချယ်မှု မဟုတ်ပါဘူး၊ စစ်ကောင်စီရဲ့ ရွေးချယ်မှုဖြစ်ပါတယ် ”ဟု ပြောသည်။
ကယားပြည်နယ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့
အမေရိကန်-အာဆီယံက မြန်မာပြည်သူများ၏ သဘောထားနှင့်အညီ ငြိမ်းချမ်းစွာ အဖြေရှာခြင်းအတွက် အာဆီယံ အဖွဲ့အစည်း၏ ကြိုးပမ်းအားထုတ်မှုများကို မိမိတို့ ဆက်လက် အားပေးထောက်ခံပါသည်ဟု မေလ ၁၆ ရက်က ပူးတွဲ ထုတ်ပြန်ခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရကို တပ်မတော်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှု မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရန် ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် ကြေညာခဲ့သည်။
ထို့နောက် လူထု ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သလို လက်နက်ကိုင် တော်လှန်ရေး လှုပ်ရှားမှုများလည်း အားကောင်းလာနေပြီး တွေ့ဆုံ ဆွေးနွေးရေးကို လက်မခံကြောင်း ရပ်တည်မှုများလည်း ရှိနေခဲ့သည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 1040
CNI News
၂၀၂၂ ခုနှစ်၊ မေလ ၁၆
မွန်ပြည်နယ် ဝန်ကြီးချုပ်ဖြစ်ခဲ့သူ ဒေါက်တာအေးဇံ ရာထူးနှင့် လုပ်ပိုင်ခွင့်ကိုအသုံးပြု၍ စီးပွားရေးလုပ်ငန်းရှင်များထံမှ ငွေကြေးများ ရယူသုံးစွဲခဲ့မှုဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ အမှု ၉ မှုအတွက် ထောင်ဒဏ် ၂၁ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
ဝန်ကြီးချုပ်ဖြစ်ခဲ့သူ ဒေါက်တာအေးဇံသည် ၂၀၁၈ ခုနှစ်မှ စတင်၍ သံလွင်မြစ်အတွင်း သဲများစုပ်ယူထုတ်လုပ်ခဲ့ရာတွင် လုပ်ငန်းရှင်များထံမှ စုစုပေါင်း ငွေကျပ် သိန်း ၅၆၉၀ ကျော်ကို လက်ခံရယူခဲ့ခြင်း၊ သဲသောင်တူးဖော်ရေးလုပ်ငန်းတွင် နိုင်ငံ တော် ဘဏ္ဍာရန်ပုံငွေ စာရင်းသို့ အမှန်တကယ် ပေးသွင်းရမည့် ဓာတ်သတ္တုခွန်အား လုပ်ပိုင်ခွင့်မရှိဘဲ လျော့နည်းပေးသွင်း ရန် ခွင့်ပြုခဲ့ခြင်းကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်မှရရှိမည့် ဘဏ္ဍာငွေ ကျပ်သိန်း ၁၃၂၀ ကျော် နစ်နာ ဆုံးရှုံးခဲ့ကြောင်း နစက-က ထုတ်ပြန်သွားသည်။
ထို့နောက် ကိုဗစ်-၁၉ ရန်ပုံငွေများမှ ငွေကျပ်သိန်း ၂၀၀ ကို ပုဂ္ဂိုလ်ရေးအရ အခြားသူတစ်ဦးသို့ ခေတ္တထုတ်ပေးခဲ့ပြီး ပြန်လည်ပေး ဆပ်မှုမရှိခြင်း၊ အခြားပုဂ္ဂိုလ်နှစ်ဦးသို့ ငွေကျပ် သိန်း ၆၅၀ ထုတ်ပေးခဲ့ပြီး ပြန်လည်ပေးဆပ်မှုမရှိခြင်းတို့သည် နိုင်ငံတော်၏ ငွေကြေးပိုင်ဆိုင်မှုကို နစ်နာဆုံးရှုံးစေခဲ့ခြင်း အပါအဝင် အဂတိလိုက်စားမှုများကို ကျူးလွန်ခဲ့ခြင်းကြောင့် ပုဒ်မ ၅၅ အရ မွန်ပြည်နယ်တရားလွှတ်တော်မှာ ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၇ ရက်တွင် ရာဇဝတ်ကြီးမှု အမှတ် ၁/၂၀၂၁ မှ ၉/၂၀၂၁ အထိ အမှု ၉ မှုဖြင့် တရားစွဲဆို စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ အမှု ၉ မှုအတွက် ပြစ်မှုထင်ရှားခြင်းကြောင့် ထောင်ဒဏ် ၂၁ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း နစက-က သတင်း ထုတ်ပြန်သွားခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 3018
CNI News
၂၀၂၂ ခုနှစ်၊ မေလ ၁၆
ရက္ခိုင့်တပ်တော် (AA) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ယနေ့ (မေလ ၁၆ ရက်) နံနက်ပိုင်းက အွန်လိုင်းမှတဆင့် ၂ နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း NUG မှ ထုတ်ပြန်ခဲ့သည်။
AA မှ တပ်မှူးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာ ညိုထွန်းအောင် ဦးဆောင်သည့် ကိုယ်စား လှယ် အဖွဲ့နှင့် NUG မှ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒေါ်ဇင်မာအောင်၊ ဦးမင်းကိုနိုင်တို့ ပါသည့် ကိုယ်စားလှယ်အဖွဲ့တို့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် မြန်မာနိုင်ငံ၌ ဖြစ်ပျက်နေသည့် နိုင်ငံရေး အခြေအနေများ၊ တိုင်းပြည်၏ အခြေအနေများကို နှစ်ဖက် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း၊ ထို့အတူ NUG မှ လက်ရှိ လုပ်ဆောင်လျက်ရှိသော အခြေအနေများ၊ အခင်းအကျင်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ဆွေးနွေးခဲ့ကြကြောင်း NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့ကလည်း ရက္ခိုင့်တပ်တော် (AA)မှ ဗိုလ်ချုပ် ထွန်းမြတ်နိုင် ဦးဆောင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
