CNI News
၂၀၂၁ခုနှစ်၊ သြဂုတ် ၁၅ရက်
ရခိုင်ပြည်နယ်ရှိ စစ်ရှောင်စခန်းများသို့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) နှင့် WFP အဖွဲ့တို့သည် ရိက္ခာများ ပြန်လည်ထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အစိုးရမှ စည်းကမ်းများတင်းကျပ်လိုက်သောကြောင့် ICRC အနေဖြင့် စစ်ဘေးရှောင်များကိုထောက်ပံ့ပေးရန် ရိက္ခာများအလုံအလောက်ရှိသော်လည်း ပြည်နယ်အစိုးရထံမှ ခွင့်ပြုချက်မရရှိသည့်အတွက် သြဂုတ်လ ၁၁ရက်မှစတင်ကာ ရိက္ခာထောက်ပံ့မှုများအား ရက်အကန့်အသတ်မရှိ ရပ်တန့်လိုက်ခြင်းဖြစ်သည်။
“ကုန်ခဲ့တဲ့ တစ်ပတ်လောက်ကနေ အစိုးရဘက်ကနေ စည်းကမ်းတွေ တင်းကျပ်လိုက်တာပေ့ါ။ ပြောမယ်ဆိုရင် ကိုဗစ်ကိုအကြောင်းပြတယ်။ တခြားခေါင်းစဉ်အမျိုးမျိုးပြပြီးတော့ သူတို့က NGO တွေဖြစ်တဲ့ WFP တို့ ICRC တို့ကို သွားဖို့လာဖို့ ကိစ္စကို တင်းတင်းကျပ်ကျပ်ပိတ်လိုက်တယ်။ အဲ့ဒါကြောင့် သူတို့ဘက်ကနေ လုပ်ရ ကိုင်ရတာအဆင်မပြေတဲ့အ တွက် အဲ့အချက်တွေကို လျှော့ပေးဖို့ အတွက် အစိုးရဆီမှာ တင်ပြတယ်။ စစ်ကောင်စီဆီမှာပေါ့နော်။ စစ်ကောင်စီကို တင်ပြတဲ့အချိန်မှာ သူက ဘာလုပ်လိုက်လဲဆိုရင် ခင်ဗျားတို့ဆီက ထုတ်ထားတဲ့စည်းကမ်းအတိုင်းဆိုရင် ကျနော်တို့ သွားမပေးနိုင်ဘူးဆိုပြီး ရပ်လိုက်တယ်။ အဲ့ဒါနဲ့ ဒီဘက်က လူမှုအဖွဲ့အစည်းတွေရယ် လူမှုရေးအသိုင်းအဝိုင်းတွေရယ် NGO တွေအပါအဝင်ပေါ့။ ပြန်ပြီးတော့ တိုက်တွန်းတဲ့အချိန်မှာ အစိုးရက ပြန်ပြီးတော့ လျှော့ပေးတယ်လို့သိရတယ်။ အရင်တုန်းကချုပ်ခဲ့တဲ့ MOU အတိုင်းပဲ မင်းတို့သွားကြပါဆိုပြီးတော့ မနေ့ကစပြီး ဖြည်ပေးလိုက်တယ်” ဟု ဝေဟင်အောင်ပရဟိတအဖွဲ့ တည်ထောင်သူ စာရေးဆရာ ကိုဝေဟင်အောင် က ပြောသည်။
လာမည့် အပတ်ထဲတွင် စတင်ပို့ဆောင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အထက်ပါ ကိစ္စနှင့် ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးအား CNI သတင်းဌာနမှ မေးမြန်းသည့်အခါတွင် အသေးစိတ်အား ယခု မပြောနိုင်သေးကြောင်းနှင့် အကောင်းဘက်ဆောင်သည့် လက္ခဏာဖြစ်ကြောင်း ဆိုသည်။
မြောက်ဦးမြို့ရှိ စစ်ရှောင်စခန်းတစ်ခုမှ စခန်းတာဝန်ခံသို့ ထိုကိစ္စနှင့်ပတ်သက်၍မေးမြန်းကြည့်ရာတွင် ၎င်းတို့ထံသို့ ရိက္ခာပြန်လည်ထောက်ပံ့မည်ဆိုသည့် အကြောင်းကြားစာ မရောက်ရှိသေးကြောင်း ဆိုသည်။
မြောက်ဦးမြို့နယ်မှ မြတန်ဆောင်း၊ စင်းဘောကိုင်း၊ တိန်ညို၊ မြို့သစ်၊ စေတီတောင်၊ မြို့ဦးခေါင်း၊ ကျောက်ရာဇ်ကေ၊ ရွှေထီးဆောင်း စသည့်စစ်ဘေးရှောင်စခန်းများမှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC မှ ထောက်ပံ့ပေးသည့် ရိက္ခာများကို အဓိကအားထားနေရခြင်းလည်း ဖြစ်သည်။
WFP သည် လူတစ်ဦးအား တစ်သောင်းခွဲနှုန်းထောက်ပံ့ပြီး ICRC သည် ဆန်၊ လောင်စာဆီ၊ စားဆီ၊ လက်ဖက်ခြောက်၊ ဆား တို့အား ထောက်ပံ့ပေးသည်။
ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများအား ထောက်ပံ့ပေးရာတွင် အစိုးရ၏ အစီအစဉ်ဖြင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနမှ ဆန်ရိက္ခာ သီးသန့်ထောက်ပံ့ပေးခြင်းမျိုး ရှိကြောင်း သိရသည်။
#ICRC
#WFP
#WaiHunAung
#MraukU
#Myatasaung
#Rakhine
#CNINews
#CNIMyanmar
#ChannelNewsIndependent