CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၅

ရက္ခိုင့်တပ်တော် (AA) ထဲကို နောက်ထပ် လူငယ်များ ဝင်ရောက်အမှုထမ်းကြဖို့ အများအပြားရှိနေတယ်လို့ ရက္ခိုင့်တပ်တော် (AA) ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အာရက္ခမီဒီယာနှင့် အင်တာဗျူးတွင် ထည့်သွင်းပြောကြားခဲ့သည်။

“လူအင်အားအနေနဲ့က ကျနော်တို့ ရက္ခိုင့်တပ်တော်အနေနဲ့ ချို့ယွင်းချက်တော့ မရှိပါဘူး။ ကျနော်တို့မှာ ရခိုင်လူငယ်တွေအများကြီးရှိပါတယ်။ တတ်ကျွမ်းပြီးသားလူငယ်တွေ ကျနော်တို့ အများကြီး ပြုစုပျိုးထောင်ထားတယ်။ နောက်ပြီးတော့လည်း ရက္ခိုင့်တပ်တော်ထဲ ဝင်ဖို့ အများကြီးရှိပါတယ်” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။

ရခိုင်အမျိုးသားရေးလှုပ်ရှားမှုမှာ ရခိုင်ပြည်သူများ တာဝန်ကျေပွန်ကြပြီး ရခိုင်ပြည်နယ်ထဲရှိ ရခိုင်ဖြစ်ဖြစ်၊ ပြင်ပသို့ ရောက်ရှိနေသည့် ရခိုင်ဖြစ်ဖြစ် အားလုံးတူစွာ တဝန်ကျေပွန်ခဲ့ကြသည်ဟု ၎င်းက ဆိုသည်။

တိုက်ပွဲကာလအတွင်းမှာလည်း ရခိုင်ပြည်သူများအနေဖြင့် မငြီးမညူဘဲ အတတ်နိုင်ဆုံးပါဝင်ကြသည့် ရခိုင်ပြည်သူ့တော်လှန်ရေးဖြစ်ပြီး ရှေ့ခရီးမှာလည်း စိန်ခေါ်မှုတွေ များစွာရှိနေသေးကြောင်း ဆိုသည်။

ထို့အပြင် ဆုံးရှုံးသွားသည့် ရခိုင့်အချုပ်အခြာအာဏာ ပြန်လည်ရရှိဖို့အတွက် အထက်ဈေး အောက်ဈေးမရှိဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုသည်။

“ရည်မှန်းချက်ကို အကောင်အထည်ဖော်တဲ့နေရာမှာ အလျော့အတင်းမရှိပါ။ လုံးဝပုံသေ သတ်မှတ်ထားပါတယ်။ ကျနော်တို့ ဆုံးရှုံးသွားတဲ့ ရခိုင့်အချုပ်အခြာအာဏာကို ပြန်လည်ရှိရှိဖို့အတွက် ကျနော်တို့မှာ အောက်ဈေး အထက်ဈေးလိုမျိုး တစ်ခါမှလည်း မရှိပါ။ နောက်လည်း ရှိလာမှာ မဟုတ်” ဟု ပြောသည်။

မိမိတို့ ရည်မှန်းချက်ကို အကောင်အထည်ဖော်သည့်နေရာတွင် စစ်ရေး၊ နိုင်ငံရေးကို အပြောင်းအလဲလုပ်ပြီး ကစားရတာမျိုးရှိပြီး Strategy (ဗျူဟာ) ပြောင်းထားသော်လည်း ရည် မှန်းချက်ပြောင်းလဲခြင်း မဟုတ်ဘဲ အခြေအနေနှင့် လိုက်လျောညီထွေ အကောက်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းတို့တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ (၂) သိန်းကျော်ရှိနေသည်ဟု ရခိုင်တိုင်းရင်းသားကွန်ဂရတ်(REC) မှ သိရသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအပြီး ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)နှင့် မြန်မာ့တပ်မတော်တို့အကြား ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝတို့တွင် လက်နက်ကိုင်ပဋိပက္ခများ လုံးဝရပ်တန့်ခဲ့သည်။

တပ်မတော်မှ ULA/AA ကို အကြမ်းဖက်အုပ်စုအဖြစ်မှ ရုပ်သိမ်းကြောင်း ၂၀၂၁ခုနှစ်၊ မတ် ၁၁ ရက်က ထုတ်ပြန်ကြေညာခဲ့ပြီး အကြမ်းဖက်အဖွဲ့အစည်းနှင့် ဆက်သွယ်မှုဖြင့် ဖမ်း ဆီးခံထားရသူ အချို့ကို ပြန်လွှတ်ပေးခဲ့သည်။

ရှမ်းပြည်နယ်အတွင်းက ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် အလားတူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမျိုးအဖြစ် ဆန္ဒရှိကြောင်း ULA/AA က ထုတ်ဖော်ပြောကြားဖူးသည်။

#AA
#ArakanArmy
#TunMyatNaing
#Rakhine
#Strategy
#CNINews
#CNIMyanmar
#ChannelNewsIndependent