CNI News
၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၄
ဂျပန်နိုင်ငံ တိုကျိုမြို့တွင် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းနှင့်အတူ ယှဉ်ပြိုင်နေစဉ် အိမ်ပြန်ရန် ငြင်းဆန်ပြီး မိမိနိုင်ငံ အာဏာသိမ်းခံရမှုကို လက်သုံးချောင်းထောင် ဆန္ဒထုတ်ဖော်ခဲ့သည့် မြန်မာ့လက်ရွေးစင် ဘောလုံးသမားတစ်ဦးကို ဂျပန် နိုင်ငံက ခိုလှုံခွင့်ပေးမည်ဖြစ်ကြောင်း တိုကျိုမှ လာသော သတင်းများကို အခြေခံ၍ Channel News Asia ဝက်ဘ်ဆိုက်က ဖော်ပြသည်။
ဂိုးသမား ပြည့်လျှံအောင်သည် ပြီးခဲ့သည့် မေလက ဂျပန်နိုင်ငံ၌ ကမ္ဘာ့ဖလားခြေစစ်ပွဲ မကန်မီ နိုင်ငံတော်သီချင်း သီဆိုရာ၌ လက်သုံးချောင်းထောင်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။ အကယ် ၍ ၎င်းသည် မြန်မာနိုင်ငံသို့ ပြန်လာလျှင် အန္တရာယ်ရှိမည်ဖြစ်၍ ဂျပန်အစိုးရထံ ခိုလှုံခွင့်တောင်းရန် ဆုံးဖြတ်ခဲ့ကြောင်း ပြည့်လျှံအောင်က ပြောသည်။
အရှေ့တောင်အာရှတွင် တည်ရှိသော မြန်မာနိုင်ငံသည် ဖေဖော်ဝါရီလက စစ်တပ်အာဏာသိမ်းပြီးနောက် ကမောက်ကမဖြစ်ကာ လူ ၉၀၀ ကျော်သေဆုံးပြီး ၇၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း၊ သွေးထွက်သံယို နှိမ်နင်းမှုများ ရှိခဲ့ကြောင်း ပြည်တွင်း စောင့်ကြည့်ရေး အဖွဲ့တစ်ခု၏ အဆိုအရ သိရသည်။
လက်သုံးချောင်းထောင်၍ ဆန္ဒထုတ်ဖော်သည့် အလေ့အထကို မြန်မာနိုင်ငံအတွင်း ဆန္ဒပြပွဲများတွင် မကြာခဏ သုံးစွဲခဲ့ကြသည်။
ဒုက္ခသည် ခိုလှုံခွင့် တောင်းခံလာသည့် ဘောလုံးသမားကို လက်ခံရန် ဂျပန်အစိုးရက ဆုံးဖြတ်ခဲ့ပြီးဖြစ်ကြောင်း အမည်မဖော်လိုသော သတင်းရင်းမြစ်များကို ကိုးကားလျက် ဂျပန်ပြည်တွင်း ထင်ရှားသည့် မီဒီယာများက သတင်းဖော်ပြကြသည်။
ခိုလှုံခွင့်တောင်းခံမှု ရလဒ်ကို မိမိမသိရှိသေးကြောင်း၊ ဩဂုတ် ၂၀ ရက်တွင် ၎င်းအနေဖြင့် အိုဆာကာလူဝင်မှုကြီးကြပ်ရေးသို့ သတင်းပို့ရမည်ဖြစ်ကြောင်း ဘောလုံးသမား၏ ရှေ့နေဖြစ်သူက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောသည်။
ဂျပန်လူဝင်မှုကြီးကြပ်ရေးအေဂျင်စီက ယင်းဘောလုံးသမား၏ ဒုက္ခသည်အဆင့် သတ်မှတ်ချက်ကို လာမည့် သီတင်းပတ်တွင် အတည်ပြုပေးရန် စီစဉ်နေကြောင်း NHK ရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့သည်။ သဘောထား မှတ်ချက် တောင်းခံရန်အတွက် အဆိုပါ လူဝင်မှုကြီးကြပ်ရေး အေဂျင်စီထံသို့ ဆက်သွယ်ခဲ့ရာ အဆက်အသွယ်မရခဲ့ပါ။
Source: Channel News Asia
#ဂျပန်အစိုးရ #ပြည့်လျှံအောင် #ဂျပန်လူဝင်မှုကြီးကြပ်ရေးအေဂျင်စီ #မြန်မာ့လက်ရွေးစင် #ဘောလုံးသမား #နိုင်ငံရေးခိုလှုံခွင့် #အာဏာသိမ်း #လက်သုံးချောင်းထောင် #CNImyanmar #cninews #ChannelNewsIndependent