CNI Sport News

 ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၇

ဂျပန်အသင်းနည်းပြ မိုရီယာဆုက မြန်မာအသင်းကို ၅ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် အသင်းသား တွေအနေနဲ့ ဒီထက်ပိုပြီးကောင်းမွန်အောင်လုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။

မိုရီယာဆုက “ကျနော်တို့ ဂိုးတွေအများကြီးသွင်းနိုင်ဖို့ အခွင့်အရေးတွေရခဲ့ပါတယ်။ အခွင့်အရေးတွေကို ပိုပြီး ဖန်တီးနိုင်ရမှာဖြစ်သလို ကိုယ့်ကိုကိုယ်အခက်တွေ့စေနိုင်တဲ့ အကြိမ်အရေအတွက်ကိုလည်း လျှော့ချရမှာပါ။ ဘယ်ပြိုင်ပွဲမှာမဆို အဖွင့်ပွဲစဉ်က ခက်ခဲပေမယ့် ကစားသမားတွေက ကောင်းမွန်စွာပြင်ဆင်နိုင်ခဲ့ပါတယ်။ ပွဲတိုင်းက ပြိုင်ဘက်အပေါ်မူတည်ပေမယ့် ကစားသမားတွေက သူတို့ကိုယ်သူတို့ စိန်ခေါ်ချင်ပြီး ဒီလို စိတ်နေသဘောထားကို မြင်တွေ့ရတာကောင်းပါတယ်”လို့ ပြောခဲ့တာပါ။

မြန်မာအသင်းကို အနိုင်ရခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်)ဒုတိယအဆင့် အုပ်စုအဖွင့်ပွဲစဉ်မှာ ဂျပန်အသင်းဟာ ဂိုးပေါက်ကန်သွင်းမှု ၃၁ ကြိမ်ရှိခဲ့ပြီး ဂိုးပေါက်တည့်မှု ၁၅ ကြိမ်ရှိခဲ့တာပါ။ ဒါပေမယ့် ဂျပန်အသင်းဟာ ၅ ဂိုးသာသွင်းယူနိုင်တဲ့အပေါ် နည်းပြ မိုရီယာဆုက ကျေနပ်မှုမရှိတာဖြစ်ပါတယ်။ လာမယ့် ဆီးရီးယားအသင်းနဲ့ ကစားမယ့်ပွဲစဉ်မှာတော့ ပိုပြီးပြင်းထန်တဲ့ ကစားပုံကို မြင်တွေ့ချင်တယ်လို့ နည်းပြ မိုရီယာဆုက ဂျပန်ကစားသမားတွေကို ပြောခဲ့တာပါ။

 

မြန်မာအသင်းနည်းပြ မိုက်ကယ်က သူတို့ဟာ ဒီပွဲမှာ ခံစစ်ကိုဦးစားပေးကစားပြီး ပေးဂိုးအများကြီး မပေးရအောင်စီစဉ်ခဲ့တယ်လို့ ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

မိုက်ကယ်က “ဂျပန်အသင်းလို ကမ္ဘာ့အဆင့်အသင်းတစ်သင်းကိုသူ့အိမ်ကွင်းမှာ အနိုင်ရဖို့၊ အမှတ်ယူဖို့ ဆိုတာတွေကို မျှော်လင့်မထားပါဘူး။ ကျနော်တို့ လက်တွေ့ဆန်ဆန်ပဲ ဆုံးဖြတ်ပါတယ်။ ဒါကြောင့် ခံစစ် ဦးစားပေးပြီး အကောင်းဆုံး ကြိုးစားသွားခဲ့ကြတဲ့ ကစားသမားတွေကို ချီးကျူးပါတယ်”လို့ ပြောခဲ့ပါတယ်။

အုပ်စုဒုတိယပွဲစဉ်တွေအဖြစ် မြန်မာအသင်းက မြောက်ကိုရီးယား၊ ဂျပန်အသင်းက ဆီးရီးယားအသင်းတို့နဲ့ နိုဝင်ဘာ ၂၁ ရက်မှာ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။