CNI Sport News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၇

ဘရိုက်တန်အသင်းဟာ ယူနိုက်တက်၊ ချယ်လ်ဆီးနဲ့ စပါးအသင်းတို့ရဲ့ ပစ်မှတ်ဖြစ်နေတဲ့ တိုက်စစ်မှူး အီဗန်ဖာဂူဆန်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ကျော်နဲ့ ကမ်းလှမ်းတဲ့ ကမ်းလှမ်းမှုတွေကိုသာ လက်ခံဖွယ်ရှိတယ်လို့ သိရပါတယ်။

အသက် ၁၉ နှစ်အရွယ်ရှိ အီဗန်ဖာဂူဆန်ဟာ ပရီးမီးယားလိဂ်ရဲ့ အတောက်ပဆုံး လူငယ်ကစားသမားတွေထဲမှာ တစ်ဦး အပါအဝင်အဖြစ် သတ်မှတ်ခံထားရပြီး ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၅ ဂိုး သွင်းယူထားတာပါ။

ဘရိုက်တန်အသင်းအတွက် ပြိုင်ပွဲစုံ ၄၅ ပွဲအထိ ပါဝင်ကစားထားပြီး ၁၅ ဂိုး သွင်းယူထားတဲ့ အီဗန်ဖာဂူဆန်ရဲ့ အလားအလာဟာ စိတ်လှုပ်ရှားဖို့ ကောင်းနေတာကြောင့် အသင်းကြီးတွေရဲ့ စောင့်ကြည့်ခြင်းကို ခံနေရတာ ဖြစ်ပါတယ်။

အီဗန်ဖာဂူဆန်ဟာ အိုင်ယာလန် လက်ရွေးစင်အသင်းအတွက် ၈ ပွဲ ပါဝင်ကစားထားပြီး ၃ ဂိုးသွင်းယူကာ နိုင်ငံ တကာ စင်မြင့်ထက်မှာလည်း အထင်ကြီးမှုတွေကို ရရှိနေတာပါ။

အီဗန်ဖာဂူဆန်ကို တွေ့ရစဉ်

အိုင်ယာလန်တိုက်စစ်မှူးကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေဖြစ်တဲ့ ယူနိုက်တက်၊ စပါးနဲ့ ချယ်လ်ဆီး အသင်းတို့က စိတ်ဝင်စားနေတာကြောင့် ဒီကစားသမားကို ခေါ်ယူမယ်ဆိုရင် ပြောင်းရွှေ့ကြေး ကြီးမားတဲ့ ပမာဏ ကို ပေးချေရဖွယ်ရှိနေတာ ဖြစ်ပါတယ်။

TalkSPORTS က ပြီးခဲ့တဲ့နွေရာသီကမှ ကွင်းလယ်လူ ကိုင်စီဒိုကို ပေါင် ၁၁၅ သန်းနဲ့ ချယ်လ်ဆီးအသင်းထံ ရောင်းချခဲ့တဲ့ ဘရိုက်တန်အသင်းဟာ တိုက်စစ်မှူး အီဗန်ဖာဂူဆန်အတွက် ပေါင်သန်း ၁၀၀ ကျော်နဲ့ ပိုမို ကောင်းမွန်တဲ့ ကမ်းလှမ်းမှုတွေကိုသာ စိတ်ဝင်စားမယ်လို့ ဖော်ပြခဲ့တာပါ။

အီဗန်ဖာဂူဆန်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကမှ ဘရိုက်တန်အသင်းနဲ့ ၂၀၂၉ ခုနှစ်အထိ သက်တမ်းတိုး စာချုပ်ချုပ် ဆိုခဲ့တာဖြစ်ပြီး စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး ထည့်သွင်းထားခြင်း မရှိပါဘူး။

အဲ့ဒါကြောင့် ဘရိုက်တန်အသင်းအနေနဲ့ အိုင်ယာလန် တိုက်စစ်မှူးအတွက် အပြောင်းအရွှေ့ ဆွေးနွေးညှိနှိုင်းတာ မှာ သူတို့စိတ်ကြိုက် ပြောင်းရွှေ့ကြေး တောင်းလို့ရတာ ဖြစ်ပါတယ်။ 

အီဗန်ဖာဂူဆန်ကလည်း ပုံမှန်ပွဲကစားခွင့်ရနေတဲ့ ဘရိုက်တန်အသင်းကနေ ထွက်ခွာဖို့ အလျင်စလို ဆုံးဖြတ်ဖွယ် မရှိတာပါ။ 

အီဗန်ဖာဂူဆန်ဟာ လက်ရှိအချိန်မှာ နောက်ကျောဒဏ်ရာနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

Source: Metro