CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၄

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က မှတ်ပုံတင်ပြီးသော နိုင်ငံရေးပါတီများ၏ ပါတီပိုင် ရန်ပုံငွေ၊ ငွေကြေး၊ ပစ္စည်းများနှင့် စပ်လျဉ်း၍ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျ ဆောင်ရွက်ထားမှုများကို စစ်ဆေးသွားမည်ဖြစ်ကြောင်း ဩဂုတ် ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

၎င်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)က နစက အနေဖြင့် နိုင်ငံရေးပါတီများကို ဖျက်သိမ်းရန် သို့မဟုတ် အရေးယူရန် အထောက်အထား တစ်ရပ်အနေဖြင့် အသုံးပြုရန် လုပ်ဆောင်နေသလိုဖြစ်နေကြောင်း SNLD အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က ဆိုသည်။

SNLD အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က “UEC က သူလုပ်ရမယ့် လုပ်ငန်းတစ်ရပ်ကို သူကြေညာတာပေါ့။ အကယ်၍များ နစက-က နိုင်ငံရေးပါတီတွေကို ပယ်ဖျက်ဖို့ ဒါမှမဟုတ် အရေးယူဖို့ လိုအပ်လာမယ်ဆိုရင် အထောက်အထားတစ်ရပ်အနေနဲ့ အသုံးပြုလို့ရ အောင် စီစဉ်တယ်လို့ပဲ မြင်ပါတယ်ခင်ဗျ” ဟု ပြောသည်။

လက်ရှိ နိုင်ငံရေး ရှုတ်ထွေးနေသည့် ကာလတွင် တစ်ဦးနှင့် တစ်ဦး အဆက်အသွယ်လုပ်ရန်၊ အစည်းအဝေး လုပ်ရန် အဆင်မပြေသည့် ကာလမှာ ငွေးကြေးကိစ္စ စစ်ဆေးခြင်း၊ စာရင်းအင်းများ လုပ်ဆောင်ခိုင်းခြင်းမှာ ဘယ်လိုမှ မအပ်စပ်ကြောင်း ၎င်းက ဆိုသည်။

ရခိုင်အမျိုးသားပါတီ (ANP) မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကို ဖျက်သိမ်းရန် ဥပဒေကြောင်းအရ လေ့လာနေသည့် အနေအထားရှိနေကြောင်းဆိုသည်။

ဦးသာထွန်းလှက “NLD ပါတီကိုတော့ ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေအရှေ့မှာ NLD ပါတီကို ဖျက်သိမ်းဖို့ ဥပဒေ ကြောင်းအရ လေ့လာနေတာလား ဘာလား အဲလို UEC ကလည်း တရားဝင်ပြောဆိုထား တာလည်းရှိတဲ့ အခြေ အနေ ရှိနေတယ်။ အဲတာကြောင့် အဲလိုရည်ရွယ်ချက်မျိုး ပါကောင်းလည်း ပါနိုင်တာပေါ့။ ဒါပေမယ့် သူတို့ ကိုယ် တိုင်လည်း တရားဝင် ထုတ်ပြောပြီးသား အခြေအနေ တစ်ရပ်လည်း ရှိနေတာကိုး” ဟု ပြောသည်။

တစ်နိုင်ငံလုံး ကိုဗစ်ကာလနှင့် အလုပ်အကိုင် အဆင်မပြေသည့် ကာလတွင် UEC အနေဖြင့် ပါတီရန်ပုံငွေ၊ ငွေ ကြေး စစ်ဆေးမည်မှာ မလုပ်သင့်သည့် ကိစ္စရပ်ဟု ၎င်းက ဆိုသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က လက်ရှိ NLD တိုင်းအဆင့် ခေါင်းဆောင်များကို အကြောင်းပြချက် အမျိုးမျိုးဖြင့် ဖမ်းဆီးထားပြီး လာမည့်ရွေးကောက်ပွဲတွင် NLD ထပ်အရွေးမခံရအောင် လုပ်ဆောင်နေသည်ဟု ဆိုသည်။

“အခုက NLD ပါတီရဲ့ တိုင်းအဆင့် ခေါင်းဆောင်တွေ အားလုံးကို အကြောင်းပြချက်အမျိုးမျိုးနဲ့ ဖမ်းဆီးထား တယ်။ နောက်ပြီးတော့ ဒေသဆိုင်ရာ NLD အဖွဲ့အစည်းတွေကိုလည်း ဖျက်ဆီးနေတယ်။ အဲတာတွေရဲ့ ရည်ရွယ် ချက်က ဘာလဲဆိုတော့ NLD ပါတီ ထပ်ပြီးအရွေးမခံရအောင် လုပ်နေတယ်။ သူက NLD ပါတီကို လုံးဝ ဖျက် သိမ်းကြောင်း အဆင့်တစ်ဆင့်ပဲ လိုတော့တာပါ။ သူတို့ လုပ်နေတဲ့အလုပ်ရဲ့ ဦးတည်ရာက NLD ပါတီ ဖျက်သိမ်း ရေးပဲလို့ ကျနော်က ပြောချင်တာပါ” ဟု ၎င်းက ပြောသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မှ ၁၈ နှင့် နည်းဥပဒေ ၂၃ တို့အရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်တို့သည် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများ၏ အကူအညီကို ရယူ၍ နိုင်ငံရေးပါတီများ၏ ပါတီပိုင် ရန်ပုံငွေ၊ ငွေးကြေး၊ ပစ္စည်းစာရင်းများကို မကြာမီ စစ်ဆေးသွားမည်ဟု ထုတ်ပြန်ထားသည်။

ထို့အတွက်ကြောင့် နိုင်ငံရေးပါတီများသည် ပါတီပိုင်ရန်ပုံငွေ၊ ငွေကြေး၊ ပစ္စည်းများနှင့် စပ်လျဉ်း၍ ဆောင်ရွက် ထားရှိမှုများကို စစ်ဆေးခံရေး ပြင်ဆင်ထားရန် UEC က အကြောင်းကြားထားသည်။

#UEC
#ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
#နိုင်ငံရေးပါတီ
#SNLD
#ဉီးစိုင်းလိတ်
#ဉီးသန်းစိုးနိုင်
#ဉီးသာထွန်းလှ
#ANP
#NLD
#စိစစ်မည်
#ပါတီရံပုံငွေ
#CNImyanmar
#cninews
#ChannelNewsIndependent