CNI News

၂၀၂၁ ခုနှစ်၊ဩဂုတ် ၁၄

ဗြိတိန်နိုင်ငံ၊ အင်္ဂလန်အနောက်တောင်ပိုင်း ပလက်မက် (Plymouth) မြို့ရှိ လူနေအိမ်တစ်လုံးကို ဩဂုတ် ၁၂ ရက်၌ သေနတ်သမားတစ်ဦးက ပစ်ခတ်ခဲ့ရာ လူ ၅ ဦးသေဆုံးကြောင်း ရဲတပ်ဖွဲ့၏ပြောကြားချက်ကို ကိုးကား၍ အယ်လ်ဂျာဇီးယားက သတင်းရေးသားသည်။

အခင်းဖြစ်ပွားရာ ပလက်မက်မြို့၊ ကေးဟန်ဒေသသို့ လက်နက်အပြည့်အစုံတပ်ဆင်ထားသော ရဲများနှင့် သူနာပြုများကို ဩဂုတ် ၁၂ ရက်၊ ဂရင်းနစ်စံတော်ချိန် ညနေ ၆ နာရီ ၁၀ မိနစ်တွင် အာဏာပိုင်များက စေလွှတ်ခဲ့သည်။

အခင်းဖြစ်ပွားရာတွင် လူလေးဦးသေဆုံးခဲ့ရာ သေဆုံးသူများမှာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ ဖြစ်ကြောင်း၊ ယင်းတို့အနက် အမျိုးသမီးတစ်ဦးမှာ ဆေးရုံရောက်မှ သေဆုံးသွားခြင်းဖြစ်ကြောင်း ဩဂုတ် ၁၃ ရက်၊ သောကြာနေ့နံနက်ပိုင်းက ဒီဗွန်နှင့်ကွန်ဝဲလ်ရဲတပ်ဖွဲ့က အတည်ပြု သတင်းထုတ်ပြန်သည်။

“ပြောမပြတတ်အောင် ထိတ်လန့်တုန်လှုပ်စရာပါ” ဟု ဒေသခံလွှတ်တော်အမတ် လူကီပိုးလက်က သေဆုံးသူများအနက် မိန်းကလေးငယ်တစ်ဦးကို ရည်ညွှန်း၍ ပြောကြားသည်။

“လူသတ်မှုကျူးလွန်တယ်လို့ ယူဆရတဲ့ နောက်ထပ် အမျိုးသားတစ်ဦးလည်း အခင်းဖြစ်ပွားရာမှာ သေဆုံးနေတာ တွေ့ရပါတယ်။ ၅ ယောက်စလုံးက သေနတ်ဒဏ်ရာကြောင့် သေဆုံးသွားတယ်လို့ ယုံကြည်ရပါတယ်” ဟု ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ယင်းဖြစ်စဉ်သည် အကြမ်းဖက်ဝါဒနှင့် မသက်ဆိုင်ကြောင်း ဒီဗွန်နှင့်ကွန်ဝဲလ်ရဲတပ်ဖွဲ့က ၎င်းတို့ သတင်း ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းကြေညာထားသည်။

ဗြိတိန်နိုင်ငံတွင် သေနတ်ကိုင်ဆောင်မှုနှင့်ပတ်သက်၍ တင်းကျပ်သောစည်းမျဉ်းများရှိပြီး ကမ္ဘာတလွှား သေနတ်ဖြင့် ပစ်ခတ်သေဆုံးမှုအနိမ့်ဆုံးနိုင်ငံများစာရင်းတွင် ပါဝင်သည်။ ယခုကဲ့သို့ လူအစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်ခံရမှုမှာ ကြုံတောင့်ကြုံခဲဖြစ်ပြီး ၁၉၉၆ ခုနှစ်က စကော့တလန်၊ ဒဗ္ဗလင်မြို့ရှိ မူလတန်းကျောင်းတစ်ကျောင်းတွင် သေနတ်ကိုင်ထားသူတစ်ဦးကြောင့် လူ ၁၇ ဦးသေဆုံးခဲ့ဖူးသည်။

Source: Aljazeera

#လူသတ်မှု

#ဗြိတိန်

#ပစ်ခတ်မှု

#အကြမ်းဖက်

#CNINews

#CNIMyanmar

#ChannelNewsIndependent