CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၅

အွန်လိုင်းမှတဆင့် သေနတ်အလက် ၃၅၀၀ နှင့် ကျည်ဆန်အတောင့်ရေ ၁ သန်းနီးပါး ရောင်းချသူ ၃ ဦးကို ထိုင်းနိုင်ငံ၊ ခွန်ကန် နှင့် ချင်ရိုင်မြို့တို့ရှိ ရဲတပ်ဖွဲ့များက ဩဂုတ် ၁၁ ရက်တွင် ဖမ်းဆီးအရေးယူလိုက်ကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြထား သည်။

အသက် ၃၈ နှစ်အရွယ်ရှိ ဒန်နျူနိုင်းကို ခွန်ကန်မြို့တွင် လည်းကောင်း၊ အသက် ၄၃ နှစ်စီရှိကြသည့် ဆိုရာဝီးနှင့်ကော်တီရတ် တို့ကို ချင်ရိုင်မြို့တွင်လည်းကောင်း တရားမဝင်သေနတ်များ၊ ကျည်ဆန်များနှင့်အတူ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ဆိုင်ဘာရာဇဝတ်မှုစုံစမ်းရေးဗျူရိုမှ ရဲမင်းကြီး ခွန်ချိုင်းကလိပ်လျောင်က ပြောသည်။ အဆိုပါ လက်နက်အားလုံး၏ တန်ဖိုးမှာ သန်း ၅၀ ခန့်ရှိပြီး ထိုင်းပြည်နယ်နှစ်ခုက နေရာ ၅ နေရာကနေ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ရဲများသည် ခွန်ကန်မြို့နယ်၊ မြောင်ဒေသ၊ စီလာရပ်ကွက် မစ္စတာဒန်နျူနိုင်းပိုင်ဆိုင်သည့် နေအိမ် ၃ လုံးကို ဝင်ရောက် ရှာဖွေခဲ့ကြရာ တရားမဝင် ရိုင်ဖယ် ၁၄၁၄ လက်၊ မှတ်ပုံတင်ထားခြင်း မရှိသော ပစ္စတို ၁၂၂ လက်နှင့် ခဲယမ်းမီးကျောက် ၉၂၀,၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့သည်။

အလားတူ ချင်ရိုင်ရှိ ရဲများက လေသေနတ်ဆိုင် နှစ်ဆိုင်ကို ဝင်ရောက်ရှာဖွေခဲ့ရာ မှတ်ပုံတင်ထားခြင်း မရှိသော ရိုင်ဖယ် ၁,၇၈၆ လက်၊ တရားမဝင်ပစ္စတို ၂၂၄ လက်နှင့် ကျည်ဆန်အတောင့်ပေါင်း ၅၇,၅၀၀ တို့ကို တွေ့ရှိခဲ့သည်။

မစ္စတာ ဒန်နျူးချိုင်းသည် ဘန်ကောက်နှင့် ထိုင်းတောင်ပိုင်းပြည်နယ်များရှိ ရောင်းချသူများထံမှ သေနတ်များနှင့် ကျည်ဆန် များ၊ ဆက်စပ်ပစ္စည်းများ မှာယူခဲ့ကြောင်း၊ ယင်းသေနတ်များကို အင်ဒိုနီးရှား၊ ဆွီဒင်၊ အမေရိကန်၊ တူရကီ၊ စပိန်နှင့် တရုတ် နိုင်ငံတို့မှ ထိုင်းနိုင်ငံအတွင်းသို့ ခိုးသွင်းလာခြင်းဖြစ်ကြောင်း ရဲမင်းကြီး ခွန်ချိုင်းက ရှင်းပြသည်။

မစ္စတာဒန်နျူးချိုင်းသည် သေနတ်များကို ကြော်ငြာရန် ဝက်ဘ်ဆိုက်တစ်ခု လွှင့်တင်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံတဝန်းမှ ဝယ်ယူသူ များကို Line app မှတဆင့် ရွေးချယ်စေပြီး ဘဏ်လုပ်ငန်းဖြင့် ငွေပေးချေစေခဲ့ကြောင်း၊ ဝယ်ယူသူများထံ ကုန်ပစ္စည်းများ ပါဆယ်ထုပ်ပိုး ပို့ဆောင်ပေးသည့် ကုမ္ပဏီများမှတဆင့် ပေးပို့ခဲ့ကြောင်း ရဲမင်းကြီးက ဆက်လက်ရှင်းပြသည်။

အဆိုပါ လက်နက်ဂိုဏ်းသည် ၎င်းတို့ ရောင်းချသည့် ပစ္စည်းများကို YouTube ချန်နယ်တည်ထောင်၍ ပြသရောင်းချခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းအရ သိရသည်။

Source: Bangkok Post

 

#ထိုင်း

#သေနတ်

#တရားမ၀င်

#လက်နက်ခဲယမ်း

#အရောင်းအ၀ယ်

#LineApp

#လူသုံးဉီး

#ဖမ်းမိ

#ချင်ရိုင်

#CNImyanmar

#cninews

#ChannelNewsIndependent