CNI News
၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၃
အာဖဂန်အစိုးရအနေဖြင့် တာလီဘန်တို့၏ ထိုးစစ်ကို တုံ့ပြန်တွန်းလှန်မည့် အစီအစဉ်၏ တစ်စိတ်တပိုင်းအဖြစ် ပြည်တွင်း အဖွဲ့အချို့ကို လက်နက်တပ်ဆင်ပေးနေကြောင်း အာဖဂန်ပြည်ထဲရေးဝန်ကြီးက အယ်လ်ဂျာဇီးယားသတင်းဌာနနှင့် သီးသန့် တွေ့ဆုံမေးမြန်းရာ၌ ထည့်သွင်း ဖြေကြားခဲ့သည်။
တာလီဘန်တို့က ပြည်နယ်မြို့တော် ၉ ခုကို ရက်သတ္တတစ်ပတ်အတွင်း သိမ်းပိုက်ပြီးနောက် အာဖဂန်အစိုးရတပ်ဖွဲ့များက အဓိက အဝေးပြေး လမ်းမကြီးများ၊ မြို့ကြီးများနှင့် နယ်စပ်ဖြတ်ကျော် သွားလာမှုများ လုံခြုံစိတ်ချရအောင် ကြိုးပမ်းနေ ကြောင်း အာဖဂန်နစ္စတန် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီး အဗ္ဗဒူဆာတာမီရ်ဇာဝါက ဩဂုတ် ၁၁ ရက်တွင် အယ်လ်ဂျာဇီး ယားသို့ ပြောသည်။
ပြီးခဲ့သည့် ရက်သတ္တငါးပတ်က ရဲအင်အား ၁၃၀,၀၀၀ ကို ဖြန့်ကျက်တာဝန်ပေးခဲ့သည့် မီရ်ဇာဝါက မိမိတို့ အစိုးရအနေဖြင့် လူထုလှုပ်ရှားမှုအသွင်ဖြင့် ဒေသခံစေတနာ့ဝန်ထမ်း ပြည်သူ့စစ်များကို ပံ့ပိုးလျက်ရှိသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
“ကျနော်တို့ အဆင့် ၃ ဆင့်နဲ့ လုပ်နေပါတယ်။ ပထမအဆင့်က အစိုးရတပ်တွေ အရှုံးနဲ့ မရင်ဆိုင်ရဖို့၊ ဒုတိယက မြို့တွေ ပတ် ပတ်လည် လုံခြုံရေးယူဖို့နဲ့ နောက်ဆုံးအဆင့် ကျနော်တို့တပ်တွေကို ပြန်စုစည်းဖို့ ဖြစ်ပါတယ်” ဟု မီရ်ဇာဝါက အယ်လ်ဂျာဇီး ယား သတင်းဌာနမှ အင်တာဗျူးမေးသူ ချားလော့ဘဲလစ်ကို ရှင်းပြသည်။
“အရင် စစ်မှုထမ်းဖူးတဲ့ တပ်ဖွဲ့ဝင်တွေကို ကျနော်တို့က သူတို့စစ်ရာထူးအလိုက် ပြန်ပေးတယ်။ တတိယအဆင့်မှာ ထိုးစစ် ဆင်တာကို စဖို့ဖြစ်ပါတယ်။ လောလောဆယ်တော့ ကျနော်တို့ ဒုတိယအဆင့် ရောက်နေပြီ” ဟု ၎င်းက ဆက်လက် ရှင်းပြ သည်။
ယခင် ၃ လပတ် ကာလအတွင်း တာလီဘန်တို့သည် ၎င်းတို့ ပိုင်နက်နယ်မြေကို နှစ်ဆတိုးချဲ့နိုင်ခဲ့ပြီး ဩဂုတ် ၁၁ ရက်အထိ ပြည်နယ်မြို့တော် ၉ ခု သိမ်းပိုက်ခဲ့ပြီး ဖြစ်သည်။ အဝေးပြေးလမ်းများကို မထိန်းချုပ်နိုင်ခြင်းကြောင့် အာဖဂန်အစိုးရအနေဖြင့် အရှုံးနှင့်ရင်ဆိုင်ခဲ့ရကြောင်း မီရ်ဇာဝါက ဝန်ခံသည်။ နယ်မြေ အမြောက်အမြားကို ပြန်လည်ထောက်ပံ့ပို့ဆောင်ရေး လုပ် ဆောင် ရမည်ဖြစ်ပြီး အမေရိကန်တပ်များ ရုတ်သိမ်းပြီးနောက် အာဖဂန်အစိုးရတွင် ထောက်ပံ့ပို့ဆောင်ရေးစွမ်းရည် အလွန် ကျဆင်းသွားခဲ့သည်။
“ကံမကောင်း အကြောင်းမလှစွာနဲ့ပဲ အမေရိကန်တပ်တွေ ပြန်ဆုတ်လိုက်တော့ နိုင်ငံရဲ့နေရာပေါင်း ၄၀၀ လောက်မှာ တိုက်ပွဲ တွေ ပြန်ဖြစ်ခဲ့ပါတယ်။ ကျနော်တို့မှာ လေကြောင်း အကူအညီပေးနိုင်ဖို့က အကန့်အသတ်ရှိနေတယ်။ ရဟတ်ယာဉ်နဲ့ ထောက်ပံ့ပစ္စည်းတွေ ရွှေ့ရတာနဲ့၊ ကျဆုံး/ဒဏ်ရာရသူတွေကို ကယ်ဖို့နဲ့ မနားမနေပါပဲ” ဟု အာဖဂန်ပြည်ထဲရေးဝန်ကြီးက ပြောသည်။
ဗဟိုအစိုးရသည် တာလီဘန်တို့ကို ပြန်တိုက်ရန် အင်အားစုဆောင်းရေး ဒေသခံခေါင်းဆောင်များအား အခွင့်အာဏာ ပေးထား ကြောင်း ၎င်းက ဆက်ပြောသည်။
“ဒီလူတွေက သမ္မတနဲ့ အစိုးရကို အပြည့်အဝ ထောက်ခံကြောင်း ကြေညာပြီးပြီ။ သူတို့က အစိုးရတပ်တွေနဲ့လက်တွဲပြီး တာလီဘန်တွေကို တိုက်ကြလိမ့်မယ်။ ဒီလို လူထုထဲက အင်အားစုတွေအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ်နေတာ လည်း ရှိတယ်ဗျ။ ဒါပေမယ့် သူတို့အားလုံးဟာ နောက်ဆုံးမှာ အာဖဂန်အမျိုးသားလုံခြုံရေးတပ်ဖွဲ့ကြီးအဖြစ် ပေါင်းစည်းသွား မှာပါ” ဟု မီရ်ဇာဝါက သုံးသပ်သည်။
အာဖဂန်နစ္စတန်အစိုးရက စေတနာ့ဝန်ထမ်းများကို လက်နက်တပ်ဆင်ပေးပြီး ‘အမျိုးသားလှုပ်ရှားမှု’ဟု ပြီးခဲ့သည့်ဇွန်လ၌ စတင်ခေါ်တွင်စေခဲ့ကြောင်း သတင်းများအရ သိရသည်။
Source: Aljazeera
#တာလီဘန်
#အာဖဂန်နစ္စတန်အစိုးရ
#အာဖဂန်နစ္စတန်
#စစ်ပွဲ
#ထိန်းချုပ်နယ်မြေ
#စစ်သားစုဆောင်း
#မြို့သိမ်း
#အစီအစဉ်
#ပြည်ထဲရေး၀န်ကြီး
#CNImyanmar
#cninews
#ChannelNewsIndependent