CNI News
၂၀၂၁ ခုနှစ်၊ဩဂုတ် ၁၃
ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် COVID-19 ကပ်ရောဂါကာလအတွင်း အများပြည်သူ အထိတ်တလန့် ဖြစ်စေမည့် သတင်းဖြန့်ဝေခြင်းကို တားမြစ်သည့်အမိန့်ကို ပြန်လည်ရုတ်သိမ်းခဲ့ကြောင်း Channel News Asia က ရေးသားဖော်ပြသည်။
အဆိုပါ တားမြစ်သည့်အမိန့်ကို အစောပိုင်းက ထုတ်ခဲ့ပြီး ယင်းအမိန့်အရ ကပ်ရောဂါကာလအတွင်း အများပြည်သူ အထိတ်တလန့်ဖြစ်စေခြင်း၊ သတင်းအချက်အလက်ပျက်ယွင်းစေခြင်းနှင့် အရေးပေါ်အခြေအနေ၌ နားလည်မှု လွဲစေခြင်း၊ နိုင်ငံတော်လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေခြင်းအလို့ငှာ ဖော်ပြရေးသားမှု မပြုလုပ်ကြရန် ရည်ရွယ်သည်။
ယင်းအမိန့်အရ ထိုင်းအမျိုးသားရုပ်သံထုတ်လွှင့်ရေးနှင့်တယ်လီကွန်းဆက်သွယ်ရေးကော်မရှင် (NBTC) မှနေ၍ လိုအပ်သည့်အစိတ်အပိုင်းအလိုက် အင်တာနက်ဝန်ဆောင်မှု၌ ၎င်းတို့မလိုလားသောအကြောင်းအရာများ ဖြတ်တောက်ပိတ်ဆို့ရန် ဝန်ကြီးချုပ်က လုပ်ပိုင်ခွင့်ပေးထားသည်။
(Photo-Aljazeera)
ထို့ပြင် NBTC သည် ဥပဒေအရ အရေးယူရန် ရဲတပ်ဖွဲ့သို့လည်း သတင်းပေးနိုင်သည်။
အဆိုပါကန့်သတ်ချက်ကို ထိုင်းနိုင်ငံရှိ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများနှင့် သတင်း ထောက်များက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပြီး ဩဂုတ် ၂ ရက်က သတင်းမီဒီယာကိုယ်စား လှယ်များနှင့် လူ့အခွင့်အရေး ရှေ့နေများအနေဖြင့် ဗိုလ်ချုပ်ကြီးပရာယွတ်၏အမိန့် ပြန်လည်ရုတ်သိမ်းရန် အရပ်ဘက်တရားရုံးတစ်ရုံးသို့ မေတ္တာရပ်ခံသည့်စာ ပေးပို့ခဲ့သည်။
နောက်ပိုင်းတွင် အဆိုပါ အမိန့်ပါတားမြစ်ချက်များသည် လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်ကို မလိုလားအပ်ဘဲ ဆုံးရှုံးစေကြောင်း ဆုံးဖြတ်ခဲ့သည်။ အင်တာနက်ပိတ်ဆို့မည့်ကိစ္စသည် ဥပဒေနှင့်ဆန့်ကျင်ပြီး ကပ်ရောဂါ ကာလအတွင်း အင်တာနက် မဖြစ်မနေသုံးစွဲရခြင်းကိုလည်း တရားရုံးက အသိအမှတ်ပြုခဲ့သည်။
Source: Channel News Asia
#ထိုင်းဝန်ကြီးချုပ်
#ပရာယွတ်ချန်အိုချာ
#ChannelNewsAsia
#တားမြစ်ချက်
#CNINews
#CNIMyanmar
#ChannelNewsIndependent