CNI News
၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၂
ပြည်သူလူထုအားလုံး၏ ရည်မှန်းချက်မှာ တိုင်းပြည်တွင် စစ်အာဏာရှင်စနစ် မရှိစေလိုဘဲ ၎င်းစနစ်ကို ဖယ်ရှားနိုင်ရန် ကြိုးပမ်းကြရမှာဖြစ်ပြီး လက်နက်ကိုင်တိုက်ပွဲနှင့် အာဏာ ရှင်စနစ်ကို ဖယ်ရှားနိုင်ခဲ့သည့် နိုင်ငံများလည်း ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တပ်ဦး (ABSDF)မှ ရဲဘော်မျိုးဝင်းက CNI သတင်းဌာနကို ပြော သည်။
မိမိတို့ ABSDF မှာလည်း ၈၈၈၈ အရေးတော်ပုံကနေပြီး လက်နက်ကိုင်တိုက်ပွဲဖြင့် ဒီမိုကရေစီရရှိရေး၊ ဖက်ဒရယ်ရရှိရေး အတွက် နိုင်ငံရေးရည်မှန်းချက်ဖြင့် တိုက်ပွဲဝင်ခဲ့ကြောင်း ၎င်းက ဆို သည်။
ရဲဘော်မျိုးဝင်းက “ကမ္ဘာ့သမိုင်းမှာဘဲ ကြည့်ကြည့် မြန်မာ့သမိုင်းမှာဘဲ ကြည့်ကြည့် လက်နက် ကိုင်တိုက်ပွဲနဲ့ အောင်ပွဲမရနိုင် ဘူးဆိုတဲ့ ဟာမျိုး လည်း မရှိပါဘူး။ ရှိတဲ့ တိုင်းပြည်မှာလည်း လက် နက်ကိုင်တိုက်ပွဲနဲ့ အာဏာရှင်စနစ်ဖယ်ရှားတဲ့ တိုင်းပြည် လည်း ရှိတယ်။ လူထုတိုက်ပွဲနဲ့ အာဏာ ရှင်စနစ်ဖယ်ရှားတဲ့ တိုင်းပြည်လည်းရှိတယ်။ ဖြစ်ခဲ့တဲ့ တိုင်း ပြည်တွေ၊ ရှိခဲ့တဲ့ တိုင်း ပြည်တွေ အများကြီးပေါ့နော်။ လက်နက်ကိုင်တိုက်ပွဲနဲ့ အာဏာရှင်စနစ် ဖယ်ရှားတယ်။ လူထုတိုက်ပွဲနဲ့ အာဏာရှင်စနစ် ဖယ် ရှားတယ်။ လူထု တိုက်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲ ပေါင်းစပ်ပြီး အာဏာ ရှင်စနစ် ဖယ်ရှားတယ်” ဟု ပြောသည်။
သို့သော်လည်း တွေ့ဆုံဆွေးနွေးရေး နည်းလမ်းဖြင့် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး ထူထောင် ၍ တဖြည်းဖြည်းနှင့် စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းလာသည့် တိုင်းပြည်များလည်း ရှိကြောင်း ၎င်းက ဆိုသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က လက်ရှိ ပြန့်ကျဲနေသည့် ဒေသကာကွယ်ရေးတပ်များကို အမျိုးသားညီညွတ်ရေး (NUG) အနေနှင့် မစုစည်းပေးနိုင်ပါက တိုက်ပွဲကြာရှည်လာနိုင်ကြောင်း ဆိုသည်။
“အဲဒီအခြေအနေတွေကို NUG ဘက်က ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ပေါင်းစပ်မှုတွေ၊ စီမံမှုတွေ၊ ခန့်ခွဲမှုတွေ အဲတာတွေနဲ့ ပတ်သက်ပြီးတော့ ခေါင်းဆောင်မလုပ်နိုင်လို့ရှိရင် အချိန်ပိုပြီးတော့ ကြာသွားလိမ့်မယ်။ ပိုကြာလို့ရှိရင် လူထုပိုနာတဲ့ အနေအထားရောက်လိမ့်မယ်။ ဒါပေမယ့် အဆုံး သတ်အောင်ပွဲကတော့ လူထုဘက်မှာ ရှိမယ်လို့ ကျနော်ယုံကြည်တဲ့အကြောင်းပြောတာပါ” ဟု ဦးသန်းစိုးနိုင်က ပြောသည်။
လက်ရှိမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ပူးပေါင်းပါဝင်လာသလို ချင်းပြည်နယ်၊ ကယားပြည်နယ်မှ ဒေသခံတပ်တွေ တိုက်ခိုက်မှုများရှိလာပြီး မြို့ပြတိုက်ပွဲများ ဖြစ်ပေါ်လာသည့်အတွက် စစ်တပ်အပြုတ်တိုက်ရေးမှာ ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။
“ကျနော်တို့တိုင်းပြည်နဲ့ ကိုက်ညီတဲ့ နည်းလမ်းက ဘာဖြစ်မလဲ။ ထိခိုက်မှုနည်းလမ်းက ဒီတိုင်း ပြည်မှာ ဆိုလိုတာက နိုင်ငံရေး ပါတီလည်း နိုင်ငံရေးပါတီအလျှောက် ဥပဒေဘောင်အတွင်းကနေ နိုင်ငံရေးလုပ်ငန်းတွေ ကြိုးပမ်းနိုင်တဲ့ ပုံစံတွေရှိတယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း ရှိနေတယ်။ လူထုအခြေပြု လှုပ်ရှားမှုတွေလည်း ရှိနေတယ်။ ဒီအခြေ အနေ ပုံစံမျိုးစုံ အောက်မှာ အဓိကတော့ ကျနော်တို့ ရည်မှန်းချက်ကို ရောက်ရှိနိုင်ဖို့အတွက်ကို ဘယ်လိုနည်းလမ်းနဲ့ သွားမလဲဆိုတော့ ကြိုး ပမ်းရလိမ့်မယ်” ဟု ရဲဘော်မျိုးဝင်းက ပြောသည်။
မြန်မာနိုင်ငံ၏ ပြည်တွင်းစစ် လက်နက်ကိုင် ပဋိပက္ခမှာ နှစ်ပေါင်း (၇၀) ကျော် ရှိလာပြီဖြစ်ပြီး ၎င်းနှစ်များအတွင်း တဘက် နှင့် တဘက် အပြတ်အသတ်အနိုင်ယူ ချေမှုန်းနိုင်သည့် အနေအထား မတွေ့ရှိရသေးဟု ၎င်းက ဆိုသည်။
အာဏာရှင်စနစ်ကို လက်နက်ကိုင်တိုက်ပွဲဖြင့် ဖြေရှင်း၍ မရဟု ယတိပြတ်ပြောရန် ခက်ခဲကာ နိုင်ငံရေးမှာ ဖြစ်နိုင်ချေ ပုံစံ မျိုးစုံရှိနေပြီး တိုင်းပြည်ကို ထိခိုက်မှု အနည်းဆုံး နည်းလမ်းဖြင့် နိုင်ငံရေး ပြဿနာများကို ဖြေရှင်းသွားရန် ရဲဘော်မျိုးဝင်းက တိုက်တွန်းထားသည်။
လက်ရှိ မြန်မာနိုင်ငံတွင် စစ်တပ်က အရပ်သားအစိုးရကို ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို မဖြေပေးသည့်အတွက် ဖြုတ်ချကာ အာဏာရယူလိုက်သည်။ထို့နောက် လူထုဆန့်ကျင် ကန့်ကွက် မှုများ ဖြစ်လာကာ ပြည်သူ့ကာကွယ်တပ်ဖွဲ့(PDF)ဖွဲ့ကာ စစ်တပ်ကို ဖြုတ်ချရေး ကြိုးပမ်းလျက်ရှိသည်။
အဆိုပါ အခြေအနေများကို ဖြေရှင်းနိုင်ရန်အတွက် တခြားသော အင်အားစုများကတော့ တွေ့ဆုံ ဆွေးနွေး အဖြေရှာကြရန် တိုက်တွန်းလျက်ရှိသည့်တိုင် ယနေ့ထိ တစ်စုံတစ်ရာ သဘောတူညီမှု မရသေးဘဲကာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားရန် ခက်ခဲနေသည်။
#ရဲဘော်မျိုးဝင်း
#လက်နက်ကိုင်တိုက်ပွဲ
#စစ်ရေး
#အာဏာရှင်စနစ်
#တပ်မတော်
#မြန်မာ
#လက်နက်ကိုင်
#CNImyanmar
#cninews
#ChannelNewsIndependent