CNI International News

ကိယက်ဗ်၊ ဧပြီ ၂၁

ယူကရိန်းတပ်ဖွဲ့ဝင်များ အပါအဝင် အရပ်သား ထောင်နှင့်ချီ၍ ခိုလှုံနေသည့် မာရီယူပေါလ်မြို့ အတွင်းရှိ အေဇော့စတယ် သံမဏိစက်ရုံသို့ ဝင်ရောက်တိုက်ခိုက်မည့် ရုရှားတပ်၏ အစီအစဉ်များကို ဖျက်သိမ်းရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က ဧပြီ ၂၁ ရက်တွင် အမိန့်ပေးခဲ့ကြောင်း ရိုက်တာသတင်းအရ သိရသည်။

နှစ်လနီးပါးကြာ ဝိုင်းထားပြီးနောက် အဆိုပါ မြို့အတွင်းသို့ ဝင်ရောက် အောင်ပွဲခံရန်သာရှိပြီး အပျက်အစီးများ ပြန့်ကြဲနေ သော စက်ရုံထဲရှိ အကာအရံများကိုတော့ ဖယ်ရှားခြင်းမပြုဖို့ ပူတင်က ပြောကြားခဲ့သည်။

“စက်ရုံထဲကို ဝင်ရောက်စီးနင်းဖို့ အဆိုပြုတာဟာ မလိုအပ်ဘူးလို့ ကျနော်ထင်တယ်။ အဲဒီလို ဝင်စီးဖို့ အစီအစဉ်ကို ဖျက်ဖို့ ကျနော် အမိန့်ပေးရလိမ့်မယ်”ဟု ကရင်မလင် သမ္မတနန်းတော်တွင် ကျင်းပသည့် အစည်းအဝေး ရုပ်သံထုတ်လွှင့်မှုတွင် ပူတင်က ကာကွယ်ရေးဝန်ကြီး ဆာဂျေရွှိုင်ဂုကို ပြောကြားခဲ့သည်။

ရွှိုင်ဂုက ထိုစက်ရုံအတွင်း ယူကရိန်းတပ်ဖွဲ့ဝင်အား ၂,၀၀၀ ခန့် ကျန်ရှိနေသေးသည်ဟု ခန့်မှန်းထားသည်။ ၎င်းတို့ကို ရုရှားက လေးလေးစားစား ဆက်ဆံပြီး ဖျောင်းဖျလျက် လက်နက်ချစေရန် ပူတင်က ညွှန်ကြားခဲ့သည်။

မာရီယူပေါလ်မြို့တွင် ယူကရိန်းခံစစ်မှူးများ၏ ရှေ့ဆက်သွားမည့် အစီအစဉ်များကို ဆွေးနွေးကြရန် ညတွင်းချင်းပင် ယူကရိန်း စေ့စပ်ညှိနှိုင်းမှူး မီခေးလိုပိုဒိုလီယက်က အဆိုပြုခဲ့ကြသည်။


မာရီယူပေါလ်မြို့ ပျက်စီးနေမှုကိုတွေ့ရစဉ်


“ကြိုတင်သဘောတူထားတဲ့ အခြေအနေတစ်ရပ် မရှိဘဲနဲ့ မာရီယူပေါလ်မှာ အထူးညှိနှိုင်းမှုတွေ လုပ်ဖို့ ကျနော်တို့ အဆင်သင့် ဖြစ်နေပါပြီ” ဟု ၎င်းက ဧပြီ ၂၀ ရက် နှောင်းပိုင်းတွင် တွစ်တာလူမှုကွန်ရက်တွင် ရေးသား၍ ကမ်းလှမ်းခဲ့သည်။

စစ်ပွဲ စတင်စဉ်ကတည်းက ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် ဝိုင်းရံပိတ်ဆို့ခြင်း ခံနေရသော အေဇော့ပင်လယ်နှင့် ထိစပ်နေသည့် မာရီယူပေါလ် ဆိပ်ကမ်းမြို့သည် ယခင်က မြို့ခံလူထု ၄ သိန်း နေထိုင်ခဲ့ကြောင်း၊ ရုရှား၏ ထိုးစစ်ဒဏ်ကို အပြင်းထန်ဆုံး ခံစားခဲ့ရပြီးနောက် စစ်ပွဲတစ်ခုလုံး၏ အနိဋ္ဌာရုံများ ဖုံးလွှမ်းခဲ့ရသည်။

ထိုမြို့တွင် အရပ်သားပေါင်း သောင်းနှင့်ချီ၍ သေဆုံးခဲ့ကြောင်း ယူကရိန်းဘက်က ပြောသည်။ သို့သော်လည်း ယူကရိန်းတပ် များ ခိုလှုံနေသည့် ဧရာမ သံမဏိစက်ရုံမှအပ ထိုမြို့သည် ၎င်း၏ထိန်းချုပ်မှုအောက်တွင် ရောက်ရှိနေပြီဟု ရုရှားနိုင်ငံက သတင်း ထုတ်ပြန်ခဲ့သည်။

ရုရှားတိုက်ခိုက်မှုခံလိုက်ရတဲ့ ယူကရိန်း

ယူကရိန်း၏ အေဇော့တပ်ရင်းမှ တပ်မှူးတစ်ဦးသည် ရုရှားဘက်မှ လက်နက်ချရန် တောင်းဆိုမှုကို ပယ်ချခဲ့သည်။

၎င်းက ဖြန့်ဝေခဲ့သော ဗွီဒီယိုဖိုင် တစ်ဖိုင်ထဲတွင် စက်ရုံအတွင်း ဗုံးခိုကျင်းများ၌ နေထိုင်ကြသည့် ရာနှင့်ချီသော အရပ်သားများ ဘေးကင်းလုံခြုံမှုကို အာမခံချက်ရရန် ကမ္ဘာသို့ ပန်ကြား၍ အကူအညီတောင်းခံခဲ့သည်။

အဆိုပါ အရပ်သားများကို ယူကရိန်း ထိန်းချုပ်နယ်မြေထဲသို့ ရွှေ့ပေးရန် မာရီယူပေါလ်မြို့သို့ အကူအညီ (သို့မဟုတ်) ဘတ်စ် ကားများ စေလွှတ်ရန် ယူကရိန်းအစိုးရ၏ ကြိုးပမ်းမှုအားလုံးကို ရုရှားက ပိတ်ဆို့ထားဆဲ ဖြစ်သည်။

သို့သော် လူသားချင်း စာနာမှုဆိုင်ရာ ဘေးလွတ်ရာရွှေ့ပြောင်းမှုတွင် အရပ်သား ၁၄၀,၀၀၀ (တစ်သိန်းလေးသောင်း) ကို ခေါ်ဆောင်ပေးခဲ့ကြောင်း မော်စကိုက ပြောကြားခဲ့သည်။

Source: Reuters