CNI International News

ကိယက်ဗ်၊ ဧပြီ ၂၁

မာရီယူပေါလ်မြို့ရှိ ယူကရိန်း မရိန်းတပ်မှူးတစ်ဦးသည် မြို့နှင့်အနီးတဝိုက်ကို ရုရှားတပ်များ အလုံးအရင်းဖြင့် ပိတ်ဆို့တိုက်ခိုက်မှုအား တွန်းလှန်ရန် ကြိုးပမ်းနေရင်း မိမိတို့တပ်ဖွဲ့အား အကူအညီပေးရန် ကမ္ဘာသို့ နောက်ဆုံး အကြိမ် တောင်းခံခဲ့ကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်း၏ သတင်းဖော်ပြချက်အရ သိရသည်။

ရုရှားတပ်အင်အား အဆမတန်များပြားလွန်းနေပြီး မိမိတို့ထံတွင် ရိက္ခာများ ပြတ်တောက်နေကြောင်း ဗိုလ်မှူး ဆာဟီးဗိုလီနာ (Serhiy Volyna) က ပြောကြားခဲ့သည်။

ယူကရိန်းတပ်များ လက်နက်ချရန် ရုရှားဘက်မှ တောင်းဆိုထားသည့် နောက်ဆုံးပေးထားသည့်အချိန်ကို လိုက်နာခြင်းမရှိဘဲ ကျော်လွန်သွားခဲ့ပြီဖြစ်သည်။

မာရီယူပေါလ်မြို့ရှိ ဧရာမ အေဇော့စတယ် သံမဏိစက်ရုံတွင် နောက်ဆုံးခုခံတွန်းလှန်နေသူများ ခိုလှုံလျက်ရှိရာ အရပ်သား ၁,၀၀၀ ခန့် ရှိနေကြောင်း သတင်းများအရ သိရသည်။ မြို့တွင်းရှိ အရပ်သားအချို့ကို ကယ်ဆယ်ရန် အကြိုသဘောတူညီမှုတစ်ခု ရရှိခဲ့ကြောင်း ကိယက်ဗ်အစိုးရက ပြောသည်။

လူပေါင်း ၆,၀၀၀ ခန့်ကို ဘေးလွတ်ရာပြောင်းရွှေ့ပေးရန် ဘတ်စ်ကား အစီးရေ ၉၀ စေလွှတ်နိုင်ဖို့ ဧပြီ ၂၀ ရက်၌ အစိုးရက ကြိုးစားနေကြောင်း မြို့တော်ဝန် ဗာဒိုင်းဘွိုင်ချန်ကို (Vadym Boichenko) က နိုင်ငံပိုင်ရုပ်သံလိုင်းသို့ ပြောကြားခဲ့သည်။ မာရီယူပေါလ်တွင် လူပေါင်း ၁ သောင်းခန့် ပိတ်မိနေကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

စီစဉ်ထားသော ဘတ်စ်ကားအနည်းငယ်သာ ပိတ်မိနေသည့် အရပ်သားများထံရောက်ခဲ့ကြောင်း၊ အများအပြားကို ဘေးလွတ်ရာ မပို့နိုင်သေးကြောင်း ဒေသန္တရအုပ်ချုပ်ရေးမှူး ပါဗလိုကီရာလန်ကိုက ပြောကြားခဲ့သည်။

“လူတွေက သတ်မှတ်ထားတဲ့ စုရပ်တွေမှာ ရှိနေကြပြီး တချို့တလေပဲ ဘတ်စ်ကားပေါ် တက်နိုင်ခဲ့ကြတယ်” ဟု ဘေးလွတ်ရာရွှေ့ပေးသူ ဦးရေ အတိအကျမဖော်ပြဘဲ ၎င်းက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

မာရီယူပေါလ်မြို့၏ အရှေ့တောင်ဘက်ရှိ ဧရိယာ ၄ စတုရန်းမိုင် (၁၀ စတုရန်းကီလိုမီတာ) ကျယ်ဝန်းသော သံမဏိစက်ရုံသည် ၎င်းမြို့အတွက် ယူကရိန်းခံစစ်၏နောက်ဆုံးအဓိကနေရာ ဖြစ်လာခဲ့သည်။

မြို့ထဲတွင် ယူကရိန်းတပ်အင်အား မည်မျှရှိသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ဘီဘီစီထံသို့ ပေးပို့သော ဗီဒီယိုဖိုင်ထဲတွင် ဒဏ်ရာရတပ်ဖွဲ့ဝင် ၅၀၀ ခန့်ကို စက်ရုံဝင်းအတွင်း ပြုစုစောင့်ရှောက်ထားကြောင်း ဗိုလ်မှူး ဆာဟီးဗိုလီနာက ရှင်းပြသည်။ ၎င်းသည် ယူကရိန်း၏ အမှတ် ၃၆ မရိန်းတပ်ရင်းကို ဦးဆောင် ကွပ်ကဲ နေရသည်။

“ဒါက ကမ္ဘာကို ကျနော်တို့ နောက်ဆုံးပန်ကြားခြင်းပါ။ ကျနော်တို့ရဲ့နောက်ဆုံးပန်ကြားချက်ဖြစ်နိုင်တယ်” ဟု ၎င်းက ဗီဒီယိုဖိုင်ထဲတွင် ပြောကြားခဲ့သည်။

တပ်ဖွဲ့ဝင်များ၏ရိက္ခာများ နည်းပါးလာနေကြောင်း၊ ရုရှားတပ်အင်အားသည် မိမိတို့ထက် အဆပေါင်းများစွာ သာလွန်နေပြီး ယူကရိန်းဘက်မှ စိတ်ဓာတ်အပြည့်အဝဖြင့် ရှိနေသော်လည်း လေကြောင်း၊ ကြည်းကြောင်းနှင့် အမြောက်များ၊ ယန္တရားများ၊ တင့်ကားများသုံး၍ ဖိအားမြှင့် တိုက်ခိုက်ခံနေရကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။


Source: BBC