CNI News
၂၀၂၁ ခုနှစ်၊ သြဂုတ် ၁၁


ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်တွင် ဖောက်ခွဲရေးလုပ်ရာတွင် အသုံးပြုရန်အတွက် ပစ္စည်းများ သိုဝှက်သိမ်းဆည်းထားရှိကြောင်း သတင်းအရ ဝင်ရောက် ရှာဖွေစဉ် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ အား ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၂ ဦးသေဆုံး၍ ၃ ဦးလည်း ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးကော်မတီက သြဂုတ် ၁၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။


ဖမ်းဆီးစဉ် တိုက်ခန်းပေါ်မှ ခုန်ချခဲ့သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကာ အမျိုးသား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တခြားသော သတင်းများဖော်ပြချက်အရ တိုက်ခန်းပေါ်ကနေ ခုန်ချသူ ၅ ဦးအနက် ၅ ဦးစလုံး သေဆုံးသွား သည်ဟု ဖော်ပြနေကြခြင်းကြောင့် သေဆုံးမှု အခြေအနေမှာ ရှင်းရှင်း လင်းလင်း မသိရသေးပေ။


သြဂုတ် ၁၀ ရက် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၆) ရပ်ကွက်၊ ၄၄ လမ်း၊ တိုက်အမှတ် ၁၆၊ ၄ လွှာ၌ ဖောက်ခွဲရေး လုပ်ရာတွင် အသုံးပြုရန်အတွက် ပစ္စည်းများ သိုဝှက်သိမ်းဆည်းထားရှိကြောင်း သတင်းအရ သွားရောက်စစ်ဆေးစဉ် တိုက်ခန်းအတွင်းမှ သီဟကောင်းဆက် အပါ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား လက်လုပ်ဗုံးမျိုးစုံ ၁၆ လုံး၊ ယမ်းပျော့ ၂ ချောင်း၊ ၁ ထုတ်လျှင် ဗျောက်အိုး ၅၀ ပါ အထုပ် ၂ ထုတ် အပါအဝင် တခြားသော ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ သည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ပုံ-ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်းဖြစ်စဉ်တွင် ဖမ်းဆီးခံရသူ သုံးဉီးကိုတွေ့ရစဉ် (နစက)


ထိုဖြစ်စဉ်တွင် ဖမ်းဆီးရမိသူ သုံးဦးမှာ သီဟကောင်းဆက်၊ ဝေဖြိုးအောင်၊ မမိုးကျော့ကျော့ခန့်တို့ ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးကော်မတီက ယနေ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။


ထို့နောက် ဝင်ရောက်ရှာဖွေစဉ် အခန်းအတွင်းရှိ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦးသည် ဖမ်းဆီး စစ်ဆေး ခြင်းကို ခံယူခြင်းမရှိဘဲ တိုက်ခန်း ၃ လွှာ အနောက်ဘက်ရှိ ပြတင်းပေါက်မှ ခုန်ချခဲ့သဖြင့် တိုက်ခန်းအောက်ခြေ ရှိ ကွန်ကရစ်ကြမ်းပြင်ပေါ်သို့ ပြုတ်ကျခဲ့၍ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့ပြီး အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် တပ်မတော်ဆေးရုံ(ကုတင် ၁၀၀၀)သို့ ပို့ဆောင်၍ ဆေးကုသမှုခံယူနေသည် ဟုလည်း နစကသတင်းထုတ်ပြန်ရေးကော်မတီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


အဆိုပါ ထုတ်ပြန်ချက်တွင် ဖမ်းဆီးရန် သွားသည့် တိုက်ခန်းမှာ ၄ လွှာဟု ဖော်ပြထားပြီး ဖမ်းဆီးမခံဘဲ တိုက် ခန်းပေါ်မှ ခုန်ကျသွားသည်မှာ ၃ လွှာဟု ဖော်ပြထားခြင်းကြောင့် မည်သို့ ဖြစ်သွားသည်ကိုတော့ ရှင်းရှင်းလင်း လင်း မသိရသေးပေ။


#ဗိုလ်တထောင်မြို့နယ် #ဖမ်းဆီးမှု #သေဆုံး #ဒဏ်ရာရရှိ #လုံခြုံရေးတပ်ဖွဲ့ #ရန်ကုန်တိုင်းဒေသကြီး #ဖောက်ခွဲရေးပစ္စည်း #CNImyanmar #cninews #ChannelNewsIndependent