CNI News
၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၁
ဘရာဇီးသမ္မတ ဂျာအိဘော်ဆိုနာရီ (Jair Bolsonaro) ကို လူမျိုးသုဉ်းသတ်ဖြတ်မှု(genocide)နှင့် သဘာဝ ပတ်ဝန်းကျင် ပျက်သုဉ်းစေမှု (ecocide)တို့ဖြင့် ဘရားဇီးနိုင်ငံရှိ ဌာနေတိုင်းရင်းသား အဖွဲ့အစည်းတစ်ခုက နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC)ထံသို့ စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုလိုက်ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ဩဂုတ် ၉ ရက်တွင် ရေးသား ဖော်ပြသည်။
လက်ယာ အစွန်းရောက် သမ္မတနှင့်ပတ်သက်၍ ဘရားဇီးဌာနေ တိုင်းရင်းသားလူမျိုးများ အဖွဲ့အစည်း(APIB)၏ စွပ်စွဲချက် များကို ဩဂုတ် ၉ ရက်က သည်ဟိဂ်မြို့အခြေစိုက် တရားရုံးသို့ တင်ပြခဲ့ကြောင်း၊ ယင်းသမ္မတသည် ၂၀၁၉ ခုနှစ်မှစ၍ ရှင်း လင်း ပြတ်သားပြီး စနစ်တကျ ရည်ရွယ်ချက်ရှိရှိဖြင့် လူမျိုးရေးဆန့်ကျင်သည့် မူဝါဒကို ချမှတ်ခဲ့ကြောင်း အယ်လ်ဂျာဇီးယား သတင်းတွင် ရေးသားထားသည်။
“ဘရာဇီးနိုင်ငံမှာ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေ၊ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေ၊ သဘာဝပတ်ဝန်းကျင် ပျက်သုဉ်းစေမှု ဖြစ်ပေါ်စေတဲ့ လုပ်ရပ်တွေ ရှိတယ်ဆိုတာ ကျနော်တို့ ယုံကြည်တယ်” ဟု APIB အဖွဲ့မှ ဥပဒေရေးရာ ညှိနှိုင်း ရေးမှူး အီလွိုင်တီရီနာက ကြေညာချက် တစ်စောင်တွင် ဆိုထားသည်။
ပုံ-ဘရာဇီးလ်နိုင်ငံရှိ ဌာနတိုင်းရင်းသားမျိုးနွယ်စုတစ်ခုကိုတွေ့ရစဉ်(ရိုက်တာ)
“ဘရာဇီးနိုင်ငံမှာ တရားစီရင်ရေးစနစ်ရဲ့ စုံစမ်းစစ်ဆေးမှု၊ တရားစွဲဆိုမှုနဲ့ တရားစီရင်မှု မလုံလောက်တာကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းသိအောင် သူတို့(ဘရာဇီးအစိုးရ)ကို ကျနော်တို့က ရှုတ်ချပါတယ်” ဟု အီလွိုင်တီရီနာက ပြောသည်။
အသက် ၆၆ နှစ်ရှိပြီဖြစ်သည့် သမ္မတ ဘော်ဆိုနာရိုသည် အမေဇုန် မုတ်သုံသစ်တောများ ဖျက်ဆီးခံရမှုအပေါ် ဦးဆောင် ဦးရွက်ပြုခဲ့သည့်အပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်များကို ဖြတ်တောက်ပြီး ဒေသခံ တိုင်းရင်းသားများ၏ ပိုင်နက်နယ်မြေနှင့် စိုက်ပျိုး/သတ္တုသယံဇာတ နယ်မြေကို ထိပါးခဲ့သည်။
၎င်းသည် Covid-19 ကြောင့် နေအိမ်တွင်းသာ နေထိုင်စေခြင်း မူဝါဒကို ဆန့်ကျင်သည့် ရပ်တည်ချက်များရှိနေ၍ ပိုမို ဆိုးရွား ကြောင်း ဌာနတိုင်းရင်းသား အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ထပ်မံစွပ်စွဲခဲ့ကြသည်။
APIB ၏ အဆိုအရ ဘရာဇီးဌာနေတိုင်းရင်းသားလူမျိုးပေါင်း ၉၀၀,၀၀၀ ခန့်သည် ပြင်ပမှ ဝင်ရောက်လာသော ရောဂါဒဏ်ကို ခံနိုင်ရည်ရှိကြောင်း သိရသည်။
ဘော်ဆိုနာရိုအနေဖြင့် လူမျိုးနှင့်ဇာတိမြေကို ဖျက်ဆီးခဲ့ကြောင်း ယခု ဌာနေတိုင်းရင်းသား ခေါင်းဆောင်များက စွပ်စွဲခြင်း သည် ပထမဆုံးအကြိမ် မဟုတ်ပေ။
ပြီးခဲ့သည့် ဇန်နဝါရီလကလည်း ထင်ရှားသည့် ဌာနေတိုင်းရင်းသားခေါင်းဆောင် ရာအိုနီမီသက်တိုင်ရာက သီးခြား အမှု တစ်ခု ကို ICC သို့ တင်ပြခဲ့ပြီး တရားရုံးအနေဖြင့် ဘော်ဆိုနာရိုအပေါ် လူသားမျိုးနွယ်စုနှင့်ပတ်သက်၍ ကျူးလွန်သော ရာဇဝတ်မှု စုံစမ်းပေးရန် တောင်းဆိုခဲ့သေးသည်။
Source: aljazeera.com
#ဘော်ဆိုနာရို #သမ္မတ #ဘရာဇီး #ဌာနေတိုင်းရင်းသား #လူမျိုးသုဉ်းသတ်ဖြတ်မှု #ICC #တရားစွဲ #နိုင်ငံတကာ #CNImyanmar #cninew #ChannelNewsIndependent