CNI News
၂၀၂၁ ခုနှစ်၊ သြဂုတ် ၁၀
ဗိုလ်မှူးကြီးဟောင်း ဦးစန်းပွင့် ကွယ်လွန်းကြောင်း မမျှော်လင့်ပဲ ကြားသိရသည့်အတွက် အထူးတုန်လှုပ် ဝမ်းနည်းပြီး နှမျောသတ ဖြစ်ရကြောင်း “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)က ဗိုလ်မှူးကြီး ဟောင်း ဦးစန်းပွင့်၏ မိသားစုထံ ပေးပို့သော သဝဏ်လွှာတွင် ပြောထားသည်။
ဗိုလ်မှူးကြီးဟောင်း ဦးစန်းပွင့်သည် “ဝ”ဒေသ၏ မိတ်ဆွေကောင်းဖြစ်ပြီး “ဝ”ပြည်သူလူထု၏ ချစ်ခင်လေးစားရ သော အစိုးရအရာရှိဟောင်း တစ်ဦးလည်း ဖြစ်ကြောင်း UWSA က ဆိုသည်။
UWSA “ “ဝ”ဒေသ ငြိမ်းချမ်းရေး တည်ဆောက်မှု အစောပိုင်းကာလတွင် ဗိုလ်မှူးကြီးဟောင်း ဦးစန်းပွင့်သည် ဝန်ကြီးချုပ်ဟောင်းဦးခင်ညွှန့်၏ ဦးဆောင်မှုဖြင့် “ဝ”ဒေသအား ကြီးမားသော ထောက်ခံအားပေးမှုနှင့် အကူ အညီများ ပေးအပ်ခဲ့ပါသည်”ဟု သဝဏ်လွှာမှာ ပြောထးသည်။
ထို့နောက် “ဝ”ဒေသ၏ ယနေ့ ဖွံ့ဖြိုးတိုးတက်မှုတွင် ဗိုလ်မှူးကြီးဟောင်း ဦးစန်းပွင့်၏ ကြိုးစားအားထုတ်မှု များစွာ ပါဝင်နေပါကြောင်း၊ ဗိုလ်မှူးကြီးဟောင်း ဦးစန်းပွင့်သည် “ဝ”ဒေသ ပြည်သူများနှင့်နက်ရှိုင်းသော ချစ်ကြည်မှုကို တည်ဆောက်နိုင်ခဲ့ပါကြောင်း၊ “ဝ”ဒေသ ပြည်သူများအနေဖြင့် ဗိုလ်မှူးကြီးဟောင်း ဦးစန်းပွင့်အား ထာဝစဉ် သတိရနေမည်ဖြစ်ပါကြောင်း ဆိုသည်။
ဗိုလ်မှူးကြီးဟောင်း ဦးစန်းပွင့်သည့် ပြီးခဲ့သည့် သြဂုတ် ၇ ရက်နေ့က ကွယ်လွန်သွားခဲ့သည်။
၎င်းသည် နဝတ၊ နအဖ လက်ထက်က တိုင်းရင်းသားရေးရာတာဝန်ခံအဖြစ် ထောက်လှမ်းရေးအကြီးအကဲ ဦးခင်ညွှန့်က တာဝန်ပေးအပ်ခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို တာဝန်ယူဆောင်ရွက်ခဲ့သူ ဖြစ်သည်။
အထူးသဖြင့် ၁၉၈၉ ခုနှစ်က UWSA နှင့် ငြိမ်းချမ်းရေး ရယူရန် အဓိက တာဝန်ယူ ကြိုးပမ်းပေးခဲ့သူဖြစ်ပြီး UWSA က ဗိုလ်မှူးကြီးဟောင်း ဦးစန်းပွင့်ကို “ဝ”ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ဆောင်ရွက်ရာတွင် ကူညီရန်အတွက် အကြံပေးအဖြစ် လက်ခံခဲ့သည့်အတွက် ရင်းနှီးမှု ရှိကြသည်။
၂၀၀၄ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဦးဆောင်သည့် တပ်မတော်က ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များကို ပျက်သိမ်းခဲ့သလို ထောက်လှမ်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ခင်ညွှန့် အပါအဝင် ဗိုလ်မှူးကြီး စန်းပွင့်တို့ကို ဖမ်းဆီးထောင်ချခံသည်။
ထို့နောက် ၂၀၁၂ ခုနှစ်တွင် ဦးသိန်းစိန် အစိုးရလက်ထပ်တွင် ပြန်လည် လွတ်မြောက်လာခဲ့ရာ ယခု ၂၀၂၁ ခုနှစ်၊ သြဂုတ် ၇ ရက်တွင် သွေးကင်ဆာ ရောဂါဖြင့် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။
#ဦးစန်းပွင့် #ဗိုလ်မှူးကြီးဟောင်း #UWSA #ကွယ်လွန် #ဝမ်းနည်း #CNImyanmar #cninews